ရန်ကုန်၊ မေ ၁၄။ ။ ပြည်တွင်းတွင် လာရောက် ရင်းနှီးမြှပ်နှံမှု လုပ်ကိုင်သော တောင်ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများ ၏ လုပ်ငန်းခွင် အခြေ အနေ ၊ လူ့အခွင့်အရေး အခြေအနေများကို စစ်တမ်းကောက်ယူရာတွင် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိနေသည်ဟု အဆိုပါ စစ် တမ်းကောက်ယူသည့် Action Labour Right အဖွဲ့မှ ဥက္ကဌ ဦးသူရိန်အောင် ကမဇ္ဈိမ ကိုပြောသည်။
ယင်းစစ်တမ်းကို တောင်ကိုးရီးယားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ၄င်းတို့နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံအတွင်း ရင်းနှီမြှပ်နှံမှု လာရောက် လုပ်ကိုင်စဉ် လူ့အခွင့်အရေးချိုးဖောက်မှု များ ရှိခဲ့ပါက ပြန်လည် ဝေမျှ ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကောက်ယူခြင်းဖြစ်ကာ Action Labour Right အဖွဲ့ က စစ်တမ်းကောက်ယူပေးခြင်းဖြစ်သည်။
ဦးသူရိန်အောင်က "အခုစက်ရုံ ၃၀လောက်ကောက်ပြီးနေပြီ။ အဲဒီင်္ထဲမှာ ငါးရုံးလောက်က အမျိုးသမီးအယောက် ၂၀ ၀န်းကျင်ကို နိုင်ငံခြားသား၊ မန်နေဂျာတို့ က လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတာတွေ့ရတယ် "ဟု ပြောသည်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို စက်ရုံပိုင်ရှင်၊ မန်နေဂျာ အစရှိသူများက ကျူးလွန်ခြင်း ဖြစ်ပြီး ကိုရီးယားနိုင်ငံ သား အပါအ၀င် အခြား နိုင်ငံသား အချို့ လည်း ပါဝင်သည်ဟု စစ်တမ်းအရ သိရသည်။ ယင်းအပြင် အဆိုပါ စက်ရုံ ငါးရုံတွင် အမျိုးသမီးများအတွက် မီးဖွားခွင့်ကန့်သတ်ချက်များရှိခြင်းနှင့် အချိန်ပို မဖြစ်မနေဆင်းရခြင်းစသည့် ဖြစ်ရပ်များ ရှိနေသည်ဟု လည်း ဦးသူရိန်အောင်က ဆိုသည်။
ကောက်ယူရာတွင် စက်ရုံပေါင်း ၉၀ တွင် အလုပ်သမားပေါင်း ၁၂၀၀၀ နှင့် စက်ရုံမန်နေဂျာ များကို စစ်တမ်း ကောက် ယူသွားမည် ဖြစ်ကာ ယခုလက်ရှိတွင် စက်ရုံ ၃၀ ကိုကောက်ယူပြီးခဲ့ပြီး ဖြစ်သည်။ အဆိုပါ စစ်တမ်းကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက ကောက်ယူခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများကို လိင်ပိုင်ဆိုင်ရာကျူး လွန်သည့် စက်ရုံများမှာ လှိုင်သာယာ၊ရွှေပြည်သာ ၊သန်လျှင်မြို့နယ် များရှိစက်ရုံများဖြစ်သည်။
လှိုင်သာယာမြို့နယ်ရှိ YJ ကိုရီးယား ပန်ထိုးစက်ရုံတွငိ လုပ်ကိုင်ခဲ့သည့် မနန်းက " ကျွန်မတို့ ပန်းထိုးစက် ဆိုတော့ ကုန်းပြီး တစ်ခါတစ်လေ ပန်းထိုးနေတဲ့ အချိန်ကို စက်ရုံမန်နေဂျာက တင်ပါးကို လှမ်းရိုက်တယ်။ တစ်ခါတစ်လေ ရင်ဘက်ကို လာကိုင်တာတို့ရှိတယ် ။ စလုပ်တော့ အလုပ်မခံတော့ အလုပ်သမားရုံးကို တိုင်ကြားခဲ့တယ်၊ ကျွန်မတို့ကို နည်းမျိုးစုံနဲ့ အလုပ်ထုတ်တဲ့ အထိပါပဲ"ဟု ၄င်း က မဇ္ဈိမကို ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို ၂၀၁၄ ခုနှစ် သြဂုတ်လမှ စ၍ အဆင့်ဆင့် တိုင်ကြားခဲ့ရာ ၂၀၁၅ ခုနှစ် မေ ၄ ရက်တွင် တွင် အလုပ် ထုတ်နစ်နာကြေး နှစ်သိန်း သုံးသောင်းနှင့် တစ်လလုပ်အားခ ရှစ်သောင်းပေး၍ အလုပ်ထုတ်ခံခဲ့ရသည် ဟု ၄င်းကပြောသည်။
စစ်တမ်းကောက်ယူရာတွင် ပဲခူးတိုင်း၊သန်လျှင်၊ လှိုင်သာယာ၊ရွှေပြည်သာ၊မင်္ဂလာဒုံ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ မြို့နယ် များရှိ စက်မှုဇုံများမှ ကိုရီးယားနိုင်ငံသား ပိုင်နှင့် မြန်မာနိုင်ငံသားနှင့် ကိုရီးယားနိုင်ငံသားဖက်ဆက် ပိုင်သည့် အထည်ချုပ် စက်ရုံများသာ ရွေးချယ်ကောက်ခံသွားမည် ဖြစ်သည်။
စစ်တမ်းကို လာမည့် သြဂုတ်လ အတွင်း အပြီးသတ်ကောက်ယူ၍ ရရှိလာသော လုပ်ငန်းခွင့် အခြေ အနေကို မြန်မာ- ကိုရီယား ဘာသာနှစ်ဘာသာဖြင့် စာအုပ်ထုတ်ဝေသွားမည်ဖြစ်သည်။ ယင်းစာအုပ်ကို အလုပ်သမား ၀န်ကြီးဌာန၊ လုပ်ငန်းရှင်များ၊ နိုင်ငံရေး ပါတီများ၊ လွှတ်တော် ကိုယ်စလှယ်များ ၊တောင်ကို ရီးယား နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ ပေးပို့သွားမည် ဖြစ်သည်ဟု ဦးသူရိန်အောင်က ပြောသည်။
Action Labour Right အဖွဲ့သည် ၂၀၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့က အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းရာတွင်ကူညီပေးခြင်း၊ အလုပ်သမား အဖွဲ့အစည်းများကို သင်တန်းများပို့ချပေးခြင်းနှင့် အလုပ်သမား အခွင့်အရေး ရရှိရန် ကူညီပေးသည့်အဖွဲ့ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment