~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပန်ဆန်းမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးသို့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ကိုးကန့်အဖွဲ့လည်း တက်ရောက်လျက်ရှိရာ ယင်းအဖွဲ့၏သတင်း ထုတ်ပြန်ချက်များကို သတင်းမီဒီယာများ အနေဖြင့် ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများ လုံးဝ(လုံးဝ)
မပြုလုပ်ရန်နှင့် ထုတ်လွှင့် ဖော်ပြပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှတစ်ဆင့် မေလ (၃)ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကာလ ၃ လနီးပါး ရှိလာချိန်အထိ ပုဂ္ဂလိက သတင်းမီဒီယာများ၏ သတင်းထုတ်ပြန်မှုများကို တပ်မတော်က မည်သည့် တားဆီးမှုမျိုးမှ မပြုလုပ် ခဲ့သော်လည်း မေလ(၁)ရက်က စတင်ပြုလုပ်သည့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံ ကျင်းပချိန်တွင်မှ ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ အဆိုပါညီလာခံနှင့် ပတ်သက်သည့် သတင်းများ ရေးသား ဖော်ပြရာတွင် အခက်အခဲတွေ့စေပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုလည်း တားဆီးပိတ်ပင်ရာ ရောက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ထို့ပြင် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဖြစ်သည့် မေလ(၃)ရက်နေ့တွင် ယင်းထုတ်ပြန်ချက်အား ထုတ်ပြန် ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိသေးခြင်းကို ပြသရာရောက်ကြောင်း သတင်းစာ လောကသားများကလည်း ဝေဖန်လျက်ရှိရာ ယင်းဝေဖန်မှုများကို စုစည်း၍ မြန်မာသံတော်ဆင့်မှ စုစည်းဖော်ပြ လိုက်ပါသည်။
ဝိုင်းမော်
● ဦးမျိုးမြင့်ညိမ်း(သတင်းစာဆရာ)
တော်တော်ဆိုးတယ်လို့ ပြောရမှာပေါ့ဗျာ။ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့မှာပဲ ကျွန်တော်တို့မြန်မာတွေ သတင်းလွတ်လပ်ခွင့် မရှိဘူးဆိုတာကို သက်သေပြလိုက်တာပဲ။ အဲဒါတစ်ခု ကျွန်တော် သွားတွေ့ရတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ပန်ဆန်းမှာ လက်ရှိ ဆွေးနွေးနေတဲ့ အထဲမှာလည်း MNDAA ပါတယ်လေ။ ကျွန်တော်တို့က သတင်းထုတ်ပြန်တဲ့အခါ အဲဒီ MNDAA ရဲ့ ပါဝင်သဘောတူတဲ့ သတင်းမျိုးပါ ထုတ်လို့ မရဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီဟာက သိပ်ပြီးတော့ နည်းလမ်း မကျဘူးလို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီးတော့ အထူးသဖြင့် သတင်းလွတ်လပ်မှု မရှိဘူးပေါ့။ သူတို့ အလိုမတူရင် သတင်းထုတ်ခွင့် မရှိ ဘူးပေါ့ဗျာ။ ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့်ကို ပိတ်ပင်လိုက်တာပဲ။ ကျွန်တော်တို့က MNDAA ပဲဖြစ်ဖြစ်၊ မြန်မာ့တပ်မတော်ပဲ ဖြစ်ဖြစ် မျှတအောင် ကျွန်တော်တို့ ရေးကြပါတယ်။ သတင်းသမားတွေ။ ဒီပေါ်မှာ တစ်ဖက်သတ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်လိုက်တာကတော့ အရင်ခေတ် စစ်အစိုးရ လက်ထက်က ပုံစံမျိုး ဖြစ်နေတယ်။ အစိုးရနဲ့ အမြင်မတူတဲ့သူတွေ၊ သဘောထားမတူတဲ့ သူတွေကို ဖော်ပြခွင့်မရှိဘူးလို့ ပိတ်ပင်တာတော့ မမျှတဘူးလို့ထင်တယ်။ မဖြစ်သင့်ဘူး။
● ဦးသီဟစော(အဖွဲ့ဝင်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ-ယာယီ)
စာနယ်ဇင်းကောင်စီ အနေနဲ့ကတော့ သူတို့ပို့တာကို ဖြန့်လိုက်တယ်။ မနေ့ကလည်း ရွေးကောက်ပွဲ သတင်း ရေးသားနည်းပွဲလုပ်တဲ့ အချိန်ဖုန်းဝင်လာတယ်။ အီးမေးလ် ၀င်လာတယ်။ လောလောဆယ်တော့ ဘာလုပ်မယ် ဆိုတာ ဘာမှ မပြောသေးဘူး။ ပြန်ပြီးတော့ ဖြန့်ပေးထားတာပဲ ရှိတယ်။ စာနယ်ဇင်း ကောင်စီက ဘာလုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် မထွက်သေးဘူး။ ကျွန်တော် စာနယ်ဇင်းကောင်စီ မဟုတ်ဘဲနဲ့ ရိုးရိုး သတင်းသမား တစ်ယောက်ပေါ့နော်။ အဲဒီလို အမြင်အရ ပြောမယ်ဆိုရင် ဒီကိစ္စကိုတော့ မပြောချင်ဘူး။ မပြောချင်ဘူးဆိုတာ တပ်မတော်က အခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေ လိုအပ်လို့လုပ်တယ်။ ကျွန်တော်က ၁၇(၁) ကိုတော့ ပြောချင်တယ်။ ၁၇(၁)က ဒီကိစ္စ တစ်ခုတည်း မဟုတ်ဘူး။ တစ်ခြားကိစ္စတွေမှာလည်း သတင်းသမားတွေ အတွက် အဟန့်အတား ဖြစ်စေတယ်။ တစ်ခါ တစ်ခါ မရေမရာ ဖြစ်တယ်။ ဥပမာ ကျွန်တော်တို့ KNU နဲ့ စကား ပြောမယ်၊ KIO နဲ့ စကားပြောမယ်။ သူတို့ကော မတရားအသင်း ဖြစ်နေသေးတယ် ဆိုရင် ကျွန်တော်တို့ သတင်းသမားတွေ အန္တရာယ်ရှိတာပေါ့။ ကျွန်တော်တို့ အဲဒီဟာကို ဘယ်လိုမျိုး အခြေအနေမှာ သုံးမယ် ဆိုတာရယ်၊ ဒီဟာကို လွှတ်တော်မှာ ပြင်ဆင်ချက်တို့ ဘာတို့ လုပ်ပေးနိုင်မလား ဆိုတာရယ် အဲဒါကို ပြောချင် တယ်။ မရှင်းမလင်း ဖြစ်နေတယ်။ ဥပမာ Ceasefire Agreement ယူထားတဲ့ အဖွဲ့အစည်းတွေ လာတယ်။ တွေ့တယ်။ အဲဒါရတယ်။ ဒါပေမဲ့တရားဝင် အားဖြင့်ဆိုရင် မတရားအသင်း စာရင်းထဲမှာ ရှိသေးလား၊ မရှိဘူးလား။ အဲဒါတွေ သဲသဲကွဲကွဲ ဖြစ်စေချင်တယ်။ ကိုးကန့်နဲ့ ပတ်သက်ရင် မရေးပါနဲ့ဆိုတာ ကျွန်တော်က နည်းနည်းတောင်မှ ကျေးဇူးတင်သေးတယ်။ ကျွန်တော်တို့ အန္တရာယ် မရှိဘူးပေါ့။ မရေးရင် ဘာမှမဖြစ်ဘူးပေါ့။
● ဦးသန်းဝင်းထွဋ် (Planning အယ်ဒီတာ၊ DVB)
မတရားအသင်းကိစ္စက အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ စကားပြောနေတဲ့ အဖွဲ့တွေကော လက်နက်ကိုင် အဖွဲ့တွေကော အစိုးရနဲ့ စကားပြောနေတယ်။ မီဒီယာတွေကလည်း သတင်းယူတယ်။ သို့ပေမယ့် မတရား အသင်း ဥပဒေက ၁၇(၁)က ဖျက်သိမ်းထားတာ မဟုတ်ဘူးလေ။ တိုက်ပွဲဖြစ်နေတာက ထားပါတော့။ KIA နဲ့လည်း တိုက်ပွဲဖြစ်တာပဲလေ။ သတင်းထောက်တွေကလည်း သတင်းယူနေကြတာပဲလေ။ တိုက်ပွဲဖြစ်တဲ့ နေရာမှာ DKBA နဲ့လည်း တိုက်ပွဲဖြစ်တယ်။ သတင်းတွေ ယူနေကြတာပဲလေ။ သတင်းထောက် ဘက်ကတော့ တိုက်ပွဲဖြစ်တာပဲဖြစ်ဖြစ်၊ အပစ်အခတ်ရပ်စဲရေး စကားပြောတာပဲဖြစ်ဖြစ် လူထုသိဖို့ ချပြဖို့ တာဝန်ရှိတာပဲလေ။ ကိုးကန့်တစ်ခုတည်း သူတို့ကြေညာချက်ကို သတင်းမရေးရဘူးလို့ စစ်တပ်က ပြောတယ်ဆိုတဲ့ဟာက အရင်က မတရားအသင်း ဥပဒေနဲ့ ငြိနေတာတွေ အများကြီးရှိတယ်။ ငြိမ်းချမ်းရေး စကားပြောနေတာက အစပေါ့။ စစ်တပ်က အဲဒီလိုကြေညာတဲ့ဟာက ကျွန်တော်တို့ သတင်းထောက်တွေ တော်တော်လိုက်နာဖို့ ခက်ခဲမယ် ထင်တယ်။ စစ်တပ်က သတင်းမီဒီယာတွေဟာ ဟိုဘက်အသံကော၊ ဒီဘက်အသံကော ပြည်သူ လူထု သိအောင်လို့ ဒီဘက်က ဘယ်လိုစွပ်စွဲတော့ ဟိုဘက်ကဘယ်လို ပြန်ရှင်းတယ်၊ ဟိုဘက်နဲ့ဒီဘက် ဘယ်လို ဖြစ်နေတယ်ဆိုတာ သတင်းထောက်တွေက လုပ်ဖို့တာဝန်ရှိတယ်ဆိုတာ၊ သတင်းမီဒီယာတွေက နှစ်ဖက်လုံးကို ဖော်ပြဖို့ တာဝန်ရှိတယ်ဆိုတာ စစ်တပ်က နားမလည်တာကိုပဲ ဖော်ပြနေတာပေါ့။ သတင်းလွတ်လပ်ခွင့်ကို နားမလည်တာကို ဖော်ပြတာပေါ့။
● ဆရာစည်သူအောင်မြင့် (ဆောင်းပါးရှင်)
သူတို့က ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ကို မဖော်ပြဖို့ပဲဆိုတော့ ကျန်တဲ့ဟာ တွေကတော့ တားမြစ်ထားတာမရှိဘူး။ ဒါက ကိုးကန့် သောင်းကျန်းသူတွေနဲ့ ပတ်သက်တဲ့ သတင်း မဖော်ပြရတာတို့ ပြီးတော့မှ တိုင်းရင်းသား အစည်းအဝေးကနေပြီးတော့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်တဲ့အခါမှာ ကိုးကန့်ကိစ္စတွေ ပါလာရင် မထည့်ဖို့တို့ ဘာတို့မပါဘူး။ ဒါပေမဲ့လည်း သတင်းမီဒီယာတွေက ကိုးကန့်နဲ့ ပတ်သက်ရင် ရေးဖို့သားဖို့ကို အတော်လေး ကြောက်သွားလိမ့် မယ်။ ကြောက်သွားမယ် ဆိုတဲ့အခါကျ တော့ ဒါကတော့ မကောင်းဘူးပေါ့။ စာသဘောအရ ဆိုရင်တော့ ဘယ်လို ဖြစ်သွားလဲဆိုတော့ သောင်းကျန်းသူ အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ကို သတင်းမီဒီယာတွေကနေ ထပ်ဆင့် ထုတ်ပြန်ပေးရင် ဒီအဖွဲ့အစည်းတွေကို အားပေးအားမြှောက် ပြုရာကျတယ်။ ဒီအဖွဲ့အစည်းတွေကို ပံ့ပိုးရာကျတယ် ဆိုပြီးတော့ ပုဒ်မ ၁၇ (၁) တို့ ၁၇(၂) တို့နဲ့ တရားစွဲလို့ ရနိုင်တယ်လေ။ အဲဒီ သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း သတင်းတွေနဲ့ ပတ်သက်ရင်တော့ တရားစွဲလို့ ရနိုင်မယ်မထင်ဘူး။ ဒါပေမဲ့ သတင်းမီဒီယာ သမားတွေကတော့ ကြောက် တာပေါ့။ တပ်မတော်ကသာ တကယ်လို့ တရားစွဲရင် ဒီပုဂ္ဂိုလ်ကို မှန်မှန်ကန်ကန် စစ်ဆေးဖို့ မစစ်ဆေးဖို့က ရှေ့မှာက ယူနတီဂျာနယ်က သက်သေပဲ။ ဥပဒေနဲ့အညီဆိုရင်တော့ လက်ခံနိုင်တာပေါ့။ ဥပဒေအထက်ကို ကျော်လွန်ပြီ ဆိုရင်တော့ ထုတ်ပြန်ခွင့်လည်း မရှိဘူးလေ။ စာကို သေသေချာချာ ဖတ်ရင်တော့ ဥပဒေနဲ့အညီ ထုတ်တယ်လို့ ယူဆလို့ရတယ်။ ဒါပေမဲ့ သတင်းရေးသားတဲ့ သူတွေကလည်း ဥပဒေနဲ့အညီ ရေးပေမယ့်လည်း တရားစွဲခံရကောင်း ခံရနိုင်တယ်ဆိုတော့ သိပ်တော့ မကောင်းဘူးပေါ့။
● ဦးဌေးအောင် (ဥက္ကဋ္ဌ၊ အထက်မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း)
မီဒီယာအနေနဲ့ကတော့ အများအတွက် အကျိုးရှိမယ် ဆိုရင်တော့ ထုတ်ပြန်သင့်တယ်။ ပြည်သူနဲ့ ပတ်သက်လို့ အများအတွက် အကျိုးရှိမယ်ဆိုရင်တော့။ ဒါက ဘယ်အဖွဲ့အစည်း၊ ဘယ်ဟာတော့ မဟုတ်ဘူးပေါ့။ သူ့ရဲ့ ဖြစ်နိုင်ချေရှိမှု အနေအထားနဲ့ ထုတ်ပြန်သင့်တယ်။ ဒီလို သဘောမျိုးတော့ ရှိပါတယ်။ သူလည်း သူ့လမ်းကြောင်း သူသွားပေါ့။ ကျွန်တော်တို့လည်း မီဒီယာလမ်းကြောင်းကို မီဒီယာလမ်းကြောင်းနဲ့ သွားပေါ့ဗျာ။ ဒီလို ပြဿနာတွေဘာတွေက ထုတ်ပြန်စရာ မလိုဘူးလို့ ရိုးရိုးလေးပဲမြင်တယ်။
● ဒေါက်တာခင်မောင်ညို (စာရေးဆရာ)
ခါတိုင်းတော့ တပ်မတော်က တစ်ခါတည်း တိုက်ရိုက်ဖမ်းတယ်။ အိမ်မှာ လာဖမ်းတယ်။ ခုတိုက်ရိုက် မဖမ်းဘဲနဲ့ ထုတ်ပြန်တယ် ဆိုတဲ့ဟာက ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်လိုဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် ဆိုတာ ပြန်ထုတ် ပြန်ရမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြ ကောင်းတာပေါ့ဗျာ။ အဖြေတစ်ခု ကတော့ ရမယ်လို့တော့ ထင်ပါတယ်။ အကြမ်းဖက်တာ မရှိဘူးဆိုရင်တော့ ကောင်းတယ်လို့ ယူဆပါတယ်။ သူကလည်း စိုးရိမ်စိတ်နဲ့ ပြောတာပေါ့လေ။ ဒါကတော့ အမြဲတမ်း အငြင်းပွားနေတာ နှစ်ပေါင်းများစွာ ကြာလာပြီ။ ဒီဥစ္စာကို ကျွန်တော်တို့က ကိုယ့်နိုင်ငံ တပ်သားတွေ စောင့်နေတယ် ဆိုရင်ကိုယ်က သတင်းထောက် ဖြစ်နေရင် ဟိုဘက်ရောက်နေရင် ကိုယ်ပြောလို့ မရတာတွေ အများကြီး ရှိတယ်လေ။ မပြောသင့်တဲ့ဟာတွေကို မပြောဘူးဆိုတာတော့ ကောင်းတာပေါ့လေ။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာ ထိရှိလဲ။ ဘယ်လို အခြေအနေရှိလဲဆိုတာ သုံးသပ်တာ အရေးကြီးပါတယ်။ ဆုံးဖြတ်တဲ့လူက တကယ်ပဲ ဆုံးဖြတ်နိုင်တဲ့သူလား၊ ပြည်သူလူထုက တင်မြှောက်ထားတဲ့လူလား ဘာလားဆိုတာ ပြောကြ ဆိုကြရမှာကိုး။ အဲဒီလူက ကျွန်တော်တို့တိုင်းပြည် ကိုယ်စားပြုတယ်ဆိုရင်တော့ မှန်မှန်ကန်ကန် လုပ်တယ်လို့ ဆိုနိုင်တာပေါ့။ တိုင်းပြည် ကိုယ်စားမပြုတဲ့သူက ပြောတယ် သတင်းလွတ်လပ်ခွင့် ပိတ်ပင်တယ်လို့ ဆိုရမှာပေါ့နော်။ ဒီနှစ်ခုကို မျှစဉ်းစားဖို့ သင့်တယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:
Post a Comment