အနိမ့်ဆုံး လုပ်ခလစာကို အစိုးရ၀န်ထမ်းများ၏ လစာအတိုင်း သတ်မှတ်နိုင်ရန် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အထည်ချုပ် လုပ်ငန်းများမှလွဲ၍ အခြားလုပ်ငန်းများမှ အလုပ်ရှင်နှင့် အလုပ်သမားများ အကြမ်းဖျင်း သဘောတူညီမှု ရရှိထားကြောင်း မေလ ၄ ရက်က ရန်ကုန်မြို့ UMFCCI အသင်းချုပ်ရုံးတွင် ပြုလုပ်သော အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က မီဒီယာများသို့ ပြောကြားလိုက်သည်။
ပြီးခဲသည့် ဧပြီလ ၂၆ ရက်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ အလုပ်သမား သင်တန်းကျောင်း၌ လည်းကောင်း၊ မေလ ၂ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌လည်းကောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ် များ တွေ့ဆုံခဲ့ရာတွင် ပုဂ္ဂလိက အလုပ်သမားများ၏ အနိမ့်ဆုံးလစာကို အစိုးရ၀န်ထမ်းများ၏ လစာ နှုန်းထားများအတိုင်းရရှိရန် အကြမ်းဖျင်း သဘောတူခဲ့ခြင်း ဖြစ်သည်။ ယင်းတွေ့ဆုံပွဲတွင် UMFCCI အနေဖြင့် တွေ့ဆုံပွဲများ ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ပေးသည့် အဖွဲ့အဖြစ် ပါဝင်ခဲ့ခြင်းလည်းဖြစ်သည်။
““ရန်ကုန်မြိ့နဲ့ မန္တလေးမြို့တို့ မှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ သဘော တူညီမှုတွေ ရရှိထားပါတယ်။ အထည်ချုပ် လုပ်ငန်းတွေကတော့ မပါသေးဘူး။ အနိမ့်ဆုံး လုပ်ခလစာဆိုတာက ဘာမှအလုပ်အကိုင်၊ အတွေ့အကြုံ မရှိသေးတဲ့ အလုပ်သမားအသစ်ကို အလုပ်စခိုင်းတဲ့အခါ အနိမ့်ဆုံး ဘယ်လောက်ပေးရမလဲ ဆိုတာကိုပြောတာ။ ဒါပေမဲ့ အခုမှ အလုပ်စ၀င်တဲ့ သူက ၅၀၀၀, ၆၀၀၀ပေးပါ တောင်းသလို ဖြစ်မှာစိုးလို့၊ အနိမ့်ဆုံး လုပ်ခလစာက အလုပ်စ၀င်မယ့် အလုပ်သမား အသစ်ကို အနိမ့်ဆုံး ဘယ်လောက် စပေးမလဲဆိုတာ နားလည်ဖို့ပါ””ဟု UMFCCI အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က ပြောသည်။
အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် လုပ်ငန်းရှင်၊ အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်သမားများ နှင့် တွေ့ဆုံမှုကို ၄ ကြိမ်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေး၊ လက်မှုလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ ရွှေချည်ထိုး၊ လုပ်ငန်းအပါအ၀င် အခြား လုပ်ငန်းရှင်များနှင့် အကြမ်းဖျင်း သဘောတူညီမှု ရရှိထားပြီး ယခု ရက်ပိုင်းအတွင်း အထည်ချုပ် လုပ်ငန်းရှင်များနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေး သွားရန် ရှိသည်။
အနိမ့်ဆုံးအခြေခံ လုပ်ခလစာကို အစိုးရ နှုန်းထားအတိုင်း သတ်မှတ်ရန် စီစဉ်မှုနှင့်ပတ်သက်၍ ““၂၀၁၃ ခုနှစ်အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ဆိုကတည်းက တောင်းဆိုထားတာပါ။ အခြေခံဝန်ထမ်းကို ၃၀၀၀ သတ်မှတ်ရင် ကျွမ်းကျင် ၀န်ထမ်းကိုလည်း အခုကုန်ဈေးနှုန်းနဲ့ကြည့်ပြီး ၄၀၀၀, ၅၀၀၀ အတွင်းမှ မရရင် အဆင်မပြေဘူး။ လုပ်ငန်းအတွေ့အကြုံနဲ့ သွားမယ်ဆိုရင်လည်း ခွဲခြားမှုတွေ ဖြစ်လာလိမ့်မယ်။ မကျွမ်းကျင် သူကို ၃၀၀၀ ပေးရင် ကျွမ်းကျင်တဲ့ သူကိုလည်း နှုန်းထားတစ်ခု သတ်မှတ် ပေးစေချင်တယ်””ဟုအခြေခံအလုပ် သမားအဖွဲ့အစည်း ဥက္ကဋ္ဌနှင့် အလုပ်သမားအရေး လှုပ်ရှားသူ ဒေါ်လှလှက မြန်မာသံတော်ဆင့် သို့ ပြောသည်။
အထည်ချုပ် လုပ်ငန်းများတွင် အလုပ်သမားများ တောင်းဆိုသည့် အနိမ့်ဆုံး လုပ်ခလစာပေးရန် အခက်အခဲများ ရှိနေရခြင်းမှာ အထည်ချုပ် လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ အထည်မှာယူမှုအပေါ် မူတည်၍ လုပ်ကိုင်ရခြင်း၊ စက်ရုံများ လည်ပတ်ရန်အတွက် ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း တို့ကြောင့် ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များဘက်မှ ပြောဆိုမှုများ ရှိနေသည်။
““ကျွန်တော်တို့ ဘက်ကလည်း ဘာမှမစီစဉ်တတ်လို့ ဒီအတိုင်းပဲ ကြည့်နေရတယ်။ မပေးနိုင်ဘူး ပြောရင်လည်း အဆဲခံရဦးမယ်။ ပေးနိုင်တဲ့ သူတွေရှိရင်တော့ ကျန်ခဲ့မှာပေါ့။ ၃၀၀၀ ပေးနိုင်တဲ့ လူရှိသလောက်လုပ်ပေါ့။ ကျွန်တော်တို့ အထည်ချုပ်ကလည်း ထွက်သမျှ အထည်ဖိုးပဲရတာ။ အထည်မထွက်ဘဲ ပိုက်ဆံမရဘူး။ ဒီဘက်မှာက အထည်ပြီးပြီးမပြီးပြီး ပိုက်ဆံပေးရတော့ ကျွန်တော်တို့က ကြားညပ်နေတယ်””ဟု လှိုင်သာယာ အထည်ချုပ် အခြေခံ အလုပ်ရှင်အသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်အေး က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ပြီးခဲ့သည့် မေလ(၁)ရက်နေ့ အလုပ်သမားနေ့ အခမ်းအနားသို့ သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ရာတွင် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် ပတ်သက်၍ ““အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးရာတွင် မြင့်မားစွာ သတ်မှတ်ပေးပါက ကုန်ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာပြီး ကုန်ဈေးနှုန်းများ မြင့်မားလာနိုင်ခြင်း၊ အလုပ်သမားစရိတ် သက်သာစေရန်အတွက် အလုပ်သမားအင်အားကို လျှော့ချပြီး စက်စွမ်းအားကို ပိုမို အသုံးပြုလာနိုင်ခြင်းကြောင့် အလုပ်လက်မဲ့များ တိုးပွားလာနိုင်ခြင်းနှင့် နောက်ဆုံး အခြေအနေတွင် လုပ်ငန်း လုပ်ဆောင်နိုင်ခြင်း မရှိတော့သဖြင့် စက်ရုံများ ပိတ်သိမ်းသွားသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ခြင်း စသည့် အလုပ်သမားထုအတွက် မလိုလားအပ်သည့် ဆိုးကျိုး သက်ရောက်မှုများ ရှိလာနိုင်သကဲ့သို့ လုပ်ခလစာ မြင့်မားမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာ ခြင်းကို အဟန့်အတား ဖြစ်စေနိုင်သည့် ဆိုးကျိုး သက်ရောက်မှုများလည်း ရှိလာနိုင်ပါသည်””ဟု ထည့်သွင်း ဖော်ပြထားသည်။
သူရိန်ကျော်
● UMFCCI အသင်းချုပ်ရုံး၌ မေလ ၄ ရက်က အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment