Sunday, November 23, 2014

ဒေါ်စုအနေနဲ့ ဒီတစ်သက်မှာတော့ သမ္မတဖြစ်ဖို့မမြင်ဘူး (ဦးလှဆွေ နှင့် အင်တာဗျူး)

ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နှင့် အင်တာဗျူး
--------

မေး - အမေရိကန်၊ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံကို အခုနောက်ပိုင်း ဆက်ဆံလာတဲ့ အခြေအနေတွေ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

UHS - ကျွန်တော်တို့ နိုင်ငံနဲ့ အခုဆက်ဆံ နေတဲ့ နိုင်ငံအားလုံးပေါ့နော်။ ယူအက်စ်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ ဩစတြေးလျ စသည်ဖြင့် အဲဒီအားလုံးက ကျွန်တော်တို့ နိုင်ငံကို အကောင်းမြင်ပါတယ်။ နိုင်ငံက သွားနေတဲ့ အရွေ့တွေကိုလည်း သူတို့ထောက်ခံတယ်။ အဲဒီမှာ တစ်ခုရှိတာက အမေရိကန်ကပဲ

တစ်ချက်ချက် လှမ်းထောက်တာ (ဝေဖန်ပြောဆိုတာ) ရှိတာပေါ့နော်။ သူတို့ (အမေရိကန်) လှမ်းထောက်တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့နိုင်ငံကို သူတို့က ထောက် ခံတယ်။ အဲဒါက အပေါင်းလက္ခဏာလို့ မြင်တယ်။

မေး - ဘာကို ဆိုလိုတာလဲခင်ဗျ။

UHS - တရုတ်နိုင်ငံကို ဝန်းရံဖို့ဆိုပြီး အမေရိကန်ရဲ့ မဟာဗျူဟာ တစ်ခုရှိတယ်။ အဲဒါကြောင့် သူက အရှေ့ဘက်က ဂျပန်နိုင်ငံ၊ ပစိဖိတ်ဒေသ၊ အရှေ့တောင် အာရှတွေကို ပတ်ထားမယ် (စည်းရုံး ထားမယ်)။ တရုတ်ရဲ့ ထွက်ပေါက် က မြန်မာ ပဲရှိတော့တယ်။ မြန်မာက တရုတ်နဲ့ တော်တော်လေး သင့်မြတ်တော့ မြန်မာဟာ အမေရိကန်အတွက် မျက်စိကျစရာ၊ ပထဝီနိုင်ငံရေး အရ အရေးပါတဲ့နေရာကို ရောက်နေတယ်။ ဒါကြောင့်မို့ အမေရိကန်က လိုက်လျောမှုတွေ များလာတယ်။ နောက်တစ်ခုက သူက (အမေရိကန်) မြန်မာနိုင်ငံကို ဒီပလိုမက်တစ်ဆန်စွာ ဆက်ဆံသွားတယ် လို့ မြင်မိတယ်။ ဘာကြောင့်လဲဆိုရင် အခု တစ်ခေါက် လာတဲ့အချိန်မှာ တချို့ မာမာ ထန်ထန်ဖြစ်နေတဲ့ ကိစ္စတွေကို ထည့်ပြောမသွားဘူး။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြောသလိုတောင် ပြောမသွားဘူး (ဘန်ကီမွန်းက ရခိုင်ပြည်နယ်က ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးနှုန်းသွားခဲ့)။ သူက(အမေရိကန် သမ္မတအိုဘားမား) ဒီနေရာမှာ ဘန်ကီမွန်း ထက် တော် တယ်လို့ ပြောရမယ်။

မေး - အိုဘားမား အလွန်မှာကော မြန် မာနဲ့ အမေရိကန်ဆက်ဆံရေးက ဘယ် လိုရှိနိုင်မယ်လို့ ထင်လဲ။

UHS - အမေရိကန်ဆိုတာ သမ္မတတစ်ယောက်ပြောင်းလို့ မူဝါဒပြောင်းသွား တယ် ဆိုပေမယ့်လို့ ကမ္ဘာကြီးကို တုန်လှုပ်နိုင်စွမ်းကတော့ အတူတူပဲလေ။ အိုဘားမား ပြောင်းသွားပေမယ့်လည်း အိုဘားမားထက်ကောင်းတဲ့ လူတွေပေါ် လာမှာပဲလေ။သူတို့က ဒီမိုကရက်တိုက် ဇေးရှင်းကို ကျင့်သားရပြီးသား သူတွေ ဖြစ်တဲ့အတွက် ဘယ်သမ္မတလာလာ မြန်မာဒီမိုကရေစီအရေးကို ဆက်ပြီး တော့ ဖိအားနဲ့အတူ တိုက်တွန်းနေမှာပဲလို့ ကျွန်တော်က ထင်တယ် ။ မြန်မာ ပြည်မှာသာ ဦးသန်းရွှေဆို ဦးသန်းရွှေ၊ ဦးနေဝင်းဆို ဦးနေဝင်း ဆိုပြီး ပြောင်းကြတာ။ သူတို့ဆီမှာ အကုန်လုံးက ဒီမိုကရေစီ သမ္မတတွေဖြစ်တဲ့ အတွက်ကြောင့် ဘယ်သူပြောင်းပြောင်းပါ မူတော့ ပြောင်းမယ်လို့မထင်ဘူး။ အိုဘားမား ဆိုတဲ့ ပုဂ္ဂိုလ်စွဲ သူတို့တိုင်းပြည်မှာ ရှိမယ်မထင်ဘူးလို့ ကျွန်တော် ယူဆတယ်။

မေး - အတိုက်အခံ နိုင်ငံရေးပါတီတွေက အရင်ကနဲ့စာရင် လွှတ်တော်ထဲမှာ ဘယ်လိုအနေအထားရှိလာပြီလဲ။

UHS - လက်ရှိအတိုက်အခံတွေက ထက်ထက်မြက်မြက် မရှိဘူး။ ကျွန်တော်က ဒီထက်ဒီထက် ပိုပြီး ထက်မြက်မှုရှိစေချင်တယ်။ ဒါပေမဲ့ လာမယ့် အချိန်တွေ မှာတော့ ပိုကောင်းလာမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အခုကြည့် လိုက်မယ်ဆိုရင် လွှတ်တော်မှာ ကျွန်တော်တို့ တင်နေတဲ့ အာဏာရ ပါတီ လို့ပြောတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်နေတဲ့ လယ်ယာမြေကိစ္စတို့၊ အခြေခံဥပဒေ ပြင်ဆင်ရေးတို့၊ တကယ်ထိရောက်တဲ့ အဆိုကြီးတွေကို ကြံ့ခိုင်ရေးပါတီကပဲ တင်နေတဲ့ သဘောရှိတယ်။ ကျွန်တော် တို့ အတိုက်အခံ ပါတီတွေထဲက ဘယ်အဆိုတင်ဖူးသလဲ။ ထိရောက် တဲ့ နိုင်ငံအတွက် အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ အဆိုကို သူတို့ တင်သွင်း တာမျိုး မရှိဘူး။

အတိုက်အခံတွေ တင်တဲ့ အဆိုက ဥပမာ- သူတို့တင်ခဲ့တာက ကားတင်သွင်းခွင့် လို ဟာမျိုးတွေပဲရှိတယ်လေ။ ဒါက တကယ်အဆိုကြီးတွေ မဟုတ်ဘူး။

မေး - လွှတ်တော် ပြင်ပမှာကောခင်ဗျ။

UHS - လေးနှစ်သက်တမ်းရှိလာပေမယ့် အာဏာရပါတီကို လွှတ်တော်ပြင်ပ မှာလည်း ခြိမ်းခြောက်နိုင်တာမျိုး အတိုက်အခံ တွေမှာ မမြင်ရဘူး။ မမြင်ဘူး ဆိုတာ ဘာလဲဆိုတော့ အပေါ်ယံကြော ဝူးဝါး ဝူးဝါးနဲ့ အော်ဟစ် ဆန္ဒပြပြီး ထောက်ခံတာလောက်နဲ့ မဲဆန္ဒကို အကုန်သိမ်း ကျုံးရမယ်လို့ ကျွန်တော် မယုံဘူး။

မေး - ဒါဆိုရင် ပြိုင်ဘက်ကိုအကြံပြုချင် တာရှိမှာပေါ့။

UHS - အတိုက်အခံတွေအနေနဲ့ အာဏာရပါတီကြီးနဲ့ ပါတီချင်း ဆွေးနွေးမှုတွေ လုပ်ဖို့လိုမယ်။ ၂၀၁၅ ကျရင် ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက်အပေးအယူ လုပ်သင့်တယ်၊ ညှိနှိုင်းသင့်တယ်။ ပါတီငယ်လေးတွေကို သွားပြီးလုပ်တာ နဲ့စာရင် အတိုက်အခံပါတီဖြစ်တဲ့ အန် အယ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အချင်းချင်း ခင်မင်ရင်းနှီးမှုနဲ့ ဆွေးနွေးပွဲတွေ လုပ်သင့်တယ်လို့ မြင်တယ်။ အဲဒါဆို ပိုကောင်း လာမယ်။ အစိုးရကို သွားသွားပြောနေတာက အလကားပဲ။ အစိုးရကို သွားပြောရင် အစိုးရက ဘာ မှမလုပ်ပေးဘူး။ လေးပွင့်ဆိုင်လုပ်ပေးပါ ဘာဖြစ် တယ်၊ ညာဖြစ်တယ်ဆိုတာက မထိရောက်ဘူး။ အစိုးရက ကြံ့ခိုင်ရေးက ထွက် လိုက်ပြီ။ အဲဒါကြောင့် အစိုးရက “ငါမြင်းငါစိုင်း စစ်ကိုင်းရောက် ရောက်” ပုံစံနဲ့ သွားနေတာ။ ညှိရမှာက ကြံ့ခိုင်ရေးနဲ့ အန်အယ်ဒီ ပူးပေါင်းပြီး ၂၀၁၅ အလွန်မှာ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးသင့်တယ်။

မေး - ဒီနေ့ (နိုဝင်ဘာ ၁၈) ပြည်ထောင်စု လွှတ်တော်နာယက ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြင်ဆင်ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြုမှာက ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဆိုတော့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ၂၀၁၅ မှာ သမ္မတ ဖြစ်လာနိုင်တဲ့ အနေအထားအပေါ် ဘယ်လိုမြင်ပါသလဲ။

UHS - ဒေါ်စု ၂၀၁၅ မှာ သမ္မတမဖြစ်နိုင် ဘူးဆိုတာက ကျွန်တော်လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းကပြောပြီးပြီ။ ဒေါ်စုအနေနဲ့ ဒီတစ်သက်မှာတော့ သမ္မတဖြစ်ဖို့မမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံပြင်တယ်ပဲထားဦး ၅၉ (စ)ကတော့ နိုင်ငံကို ချပြလိုက်ရင် မဲမရနိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။ ဥပဒေမှာ မိမိကိုယ်တိုင် သော်လည်းကောင်း ဆိုတာကြီးကလည်း ပါနေတော့ ဘယ်သူက နိုင်ငံခြားသားကို သမ္မတတင်မလဲ။ ဒါကြောင့်မို့ ဒီတစ်သက်မှာတော့ သမ္မတ မဖြစ်နိုင်တော့ဘူး။ သူလွှတ်တော် ဥက္ကဋ္ဌလုပ်ပေါ့။ လွှတ်တော်ဥက္ကဋ္ဌကလည်း “သမ္မတ လာဦး ခင်ဗျားကို ကျွန်တော်မေးစရာ ရှိလို့” ဆိုပြီး ခေါ်မေးလို့ရတယ်လေ။

“ကျေးဇူးတင်ပါတယ်”
  ကျော်ဇေယျ (The Ladies News Journal)

Credit -  The Ladies News Journal

  

No comments:

Post a Comment