Sunday, November 30, 2014

ပြည်သူ့အစိုးရဆိုပါက ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် လက်ခံသင့်ကြောင်း ဒေါက်တာအေးမောင်ပြော

လက်ရှိ အစိုးရ အဖွဲ့သည် ပြည်သူလူထု၏ အစိုးရဟုဆိုပါက ခြောက်ပွင့်ဆိုင်တွေ့ ဆုံရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ တောင်းဆိုမှုကို လေးလေးစားစား လက်ခံသင့် ကြောင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုတွင် တိုင်းရင်းသား ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံထားရ သည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ပြောကြားလိုက်သည်။

နိုင်ငံတွင် ဆောင်ရွက်နေ သော ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး အောင်မြင်စေရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေးနှင့် ပြည် သူလူထု၏ ဒုက္ခများ ကင်းလွတ် စေရေးတို့အတွက် အစိုးရအဖွဲ့အနေဖြင့် တွေ့ဆုံမှုကို လက်ခံသင့်သည်ဟု ဒေါက်တာအေးမောင်ကဆိုသည်။

‘‘ပြည်သူလူထု အားလုံးရဲ့ ဒုက္ခတွေအားလုံးလည်း တကယ် ကင်းလွတ်တဲ့ ကာလတစ်ခုအ တွင်းမှာ ကင်းလွတ်နိုင်ပါစေဆိုတဲ့ စေတနာရှိရင် တွေ့ဆုံဆွေးနွေးမှု ကို၊ ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုမှုကို လေးလေးစားစား နဲ့ လက်သင့်ခံပြီးမှ အကောင်းဆုံးနည်းနဲ့ ချဉ်းကပ်သင့်တယ်လို့ ထင်တယ်’’ဟု ဒေါက်တာအေးမောင်ကပြောသည်။

အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ ရေး တွေ့ဆုံဆွေးနွေးမှုများတွင် အဖွဲ့အစည်းများကို အခြေခံပြီး စဉ်းစားဆောင်ရွက်ခြင်းဖြစ်ကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့် ဆိုင်တွေ့ဆုံရေးသည် လူပုဂ္ဂိုလ် ကို အခြေခံထားခြင်းဖြစ်သော ကြောင့် လက်တွေ့နှင့် မနီးစပ် ကြောင်း၊ တွေ့ဆုံမှုသည် လော လောဆယ်တွင် မဖြစ်နိုင်သေး ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားထားမှုကို RFA (လွတ်လပ်သောအာရှအသံ)သတင်းဌာနက ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် အကျပ်အတည်း မဖြစ်ပေါ်စေရေး အတွက် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ် အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုသူတစ်ဦးတို့ ဆောလျင်စွာ တွေ့ဆုံဆွေးနွေးရေးကို ယခုလ ၂၅ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးက အတည်ပြုထားသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု နှင့် ပတ်သက်ပြီး သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ အမြင်သည် ၎င်း၏ အာဘော်မျှသာဖြစ်ကြောင်း၊  တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မှသာ တစ်ဦးနှင့်တစ်ဦး အထင်အမြင် လွဲမှားမှုများ ပြေပျောက်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအေးမောက်ကပြော သည်။

သမ္မတက ငြင်းဆန်တယ်လို့  မပြောသေးဘူး။ စဉ်းစားမှာပေါ့။ ခြောက်ဦးအစား အများကြီးနဲ့ တွေ့တာကောင်းတယ် စဉ်းစား တာ ရှိချင်ရှိမယ်။ တစ်ခါတလေ ကျတော့ လူများပြီးပွဲမစည်ဆိုတဲ့ မြန်မာစကားပုံ ရှိတာပဲလေဟု ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့ စည်းထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအေးမောက်ကဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုလွှတ် တော်က ဆွေးနွေးဆုံးဖြတ်သည့် ကိစ္စတစ်ရပ်ကို အစိုးရအဖွဲ့က အကောင်အထည်ဖော်ပေးရမည့် တာဝန်ရှိကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ အေးမောင်ကဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ သဘောတူဆုံးဖြတ်မှုကို အုပ်ချုပ်ရေးပိုင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတအနေဖြင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို ပေါ်ပေါက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တွေ့ဆုံမှုကို မဆောင်ရွက်ပေးပါက ဥပဒေကြောင်းအရ သမ္မတကို စွပ်စွဲပြစ်တင်မှု ပြုလုပ်နိုင်သော်လည်း နိုင်ငံရေးလမ်းကြောင်းအရ ယင်းသို့ကိစ္စရပ်မျိုး ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကပြောသည်။

ထို့အတူ ပြည်ထောင်စုလွှတတော်၏ အတည်ပြုဆုံးဖြတ်ချက်ကို သမ္မတအနေဖြင့် စွက်ဖက်ခွင့်နှင့် ငြင်းဆိုခွင့်မရှိကြောင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို သမ္မတစီစဉ်မည်ဆိုပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လည်း ပါဝင်လာမည်ဖြစ်ကာ တွေ့ဆုံမှုသည် လာမည့်ဒီဇင်ဘာအ တွင်း ဖြစ်နိုင်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီးတစ်ဦးက သုံးသပ်သည်။

အောက်တိုဘာ ၃၁ ရက်က သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ အပါအ၀င် လူပုဂ္ဂိုလ် ၁၄ ဦး ပါဝင်သော တွေ့ဆုံမှုကို အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်ခဲ့ သည်။


Credit - 7DAY DAILY

No comments:

Post a Comment