တပ်မတော်နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်း
အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားနေပြီး ၂ဝ၁၄ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁၃ဝ
ကျော်ရှိကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အစိုးရ၏
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့်
ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/တအာင်း အမျိုးသားလွတ်မြောက် ရေးတပ်မတော်
(PSLF/TNLA) တို့သည် ၂ဝ၁၃ ဇူလိုင် ၃၁ ရက်က မူဆယ်မြို့တွင် ပထမဆုံးအကြိမ်
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက်
ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်ခြင်း
မရှိသေးဘဲ နှစ်ဖက်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ၂ဝ၁၄ ခုနှစ်
ဇန်နဝါရီလဆန်းမှ ယနေ့အထိတိုက်ပွဲ ၁၃ဝ ကျော် ဖြစ်ပွားခဲ့သည်။
တပ်မတော်နှင့် TNLA တို့အကြား နောက်ဆုံးဖြစ်ပွားထားသည့် တိုက်ပွဲမှာ
အောက်တိုဘာ ၁ဝ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှ
သီပေါမြို့နယ် ကမ်းလမ်းပိုင်း နမ္မတူမြို့နယ်မန်စံနှင့် ပန်လုံရွာအကြား
နမ့်ဆီလင်းကျေးရွာ အနီးတွင်ဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ
တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း TNLA က
ထုတ်ပြန်ထားသည်။
TNLA အနေဖြင့် အစိုးရနှင့် တစ်ဖွဲ့ခြင်း
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း တစ်နိုင်ငံလုံး
အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက UPWC နှင့် NCCTတို့ တွေ့ဆုံဆွေးနွေးချိန်၌
တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှု လျော့ကျခဲ့ပြီး
ယခုအောက်တိုဘာလဆန်းတွင် စစ်ရေးအခြေအနေ ပြန်လည်တင်းမာလာခြင်း ဖြစ်သည်။
“စစ်အင်အားတွေထပ်ပြီး တိုးချဲ့လာတဲ့အတွက် စစ်ဖြစ်ဖို့ ပိုပြီးအလာအလား
ပိုပြီးများလာတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ လဆန်းပိုင်းကစပြီးတော့ သူတို့ဘက်က
စစ်အင်အား သိသိသာသာ ထပ်မံတိုးမြှင့်လာတယ်။ မနေ့ (အောက်တိုဘာ ၁ဝ ရက်)
တုန်းကလည်း သူတို့ဘက်က စစ်အင်အားထပ်တိုးတဲ့ အခြေအနေမျိုးမှာ
လမ်းမှာကျွန်တော်တို့တွေ စစ်တပ်ယာဉ်တန်းနဲ့တွေ့ပြီး တိုက်ခိုက်မှုနည်းနည်း
ဖြစ်ပွားတယ်။ ကျွန်တော်တို့လည်း တခြားနေရာကို အရွှေ့အပြောင်းလုပ်ချိန်။
သူတို့လည်း အရွှေ့အပြောင်းလုပ်ချိန် လမ်းမှာ ထိပ်တိုက်မှုဖြစ်သွားတာပေါ့” ဟု
TNLA နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သူ တာပန်လက ပြောကြားသည်။
တိုက်ပွဲများ ဖြစ်ပွားရာတွင် ထိခိုက်ကျရှုံးမှုများ နှစ်ဖက်စလုံးတွင်
ရှိသော်လည်း စစ်ရေးသဘောတရားအရ ထိုးစစ်ပြုလုပ်သူများသည် အထိအခိုက်
အကျအဆုံးများသဖြင့် တပ်မတော်ဘက်မှ ကျဆုံးမှုပိုမို များပြားကြောင်း
၎င်းကသုံးသပ် ပြောကြားသည်။
ထိုကဲ့သို့ တိုက်ပွဲများဖြစ်ပွားမှုနှင့်
ပတ်သက်၍ TNLA အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားခြင်း မရှိသော်လည်း
ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်က နိုင်ငံတော်သမ္မတထံ စာရေးသားပေးပို့၍
တွေ့ဆုံညှိနှိုင်းရန် အကြောင်းကြားခဲ့သော်လည်း တစ်စုံတစ်ရာ
အကြောင်းပြန်ကြားခဲ့ခြင်း မရှိကြောင်း တာပန်လက ပြောကြားသည်။
အဆိုပါ
တိုက်ပွဲပေါင်း ၁၃ဝ ကျော်တွင် တပ်မတော်နှင့်TNLA တို့အကြား တစ်ဖွဲ့ချင်း
ဖြစ်ပွားသည့် တိုက်ပွဲများအပြင် TNLA ၊ MNDAA၊ KIAပူးပေါင်းတပ်များနှင့်
ဖြစ်ပွားသည့် တိုက်ပွဲများလည်း ပါဝင်သည်။
သို့ရာတွင် ယခုကဲ့သို့
တိုက်ပွဲဖြစ်ပွားရခြင်းမှာ TNLAဘက်မှ ကျေးရွာများတွင် ဆက်ကြေးကောက်ခံ
နေသောကြောင့် တပ်မတော်အနေဖြင့် မိမိပိုင်နက်နယ်မြေ စိုးမိုးရေးအတွက်
ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင်
တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသည့် တပ်မတော်အရာရှိ တစ်ဦးက
တုံ့ပြန်ပြောကြားသည်။
Credit - Eleven Media Group
No comments:
Post a Comment