#emg_editorials
အမျိုးသားပညာရေးဥပဒေနှင့် သဘောတူခြင်း၊ မတူခြင်း
အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဒေသအသီးသီးရှိ တက္ကသိုလ်ကျောင်းသား
သမဂ္ဂများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမဂ္ဂများ အဖွဲ့ချုပ်အပါအဝင်
ကျောင်းသားသမဂ္ဂ အဖွဲ့များက ကန့်ကွက်ကြောင်း ဆန္ဒပြမှုများ
တောက်လျှောက်ပြုလုပ် ခဲ့ကြသည်။
ကျောင်းသားများ၊ ဆရာများနှင့်
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့၏
တောင်းဆိုချက်များ မပါဝင်ဘဲ လွှတ်တော်သို့ တင်သွင်းအတည်ပြု ခဲ့သည့်အပေါ်
ဗဟိုချုပ်ကိုင်မှု များပြားသည်ဟုဆိုကာ ကျောင်းသားသမဂ္ဂများက ဦးဆောင်ကန့်ကွက်
ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဥပဒေအတည်မပြုမီက ဥပဒေကြမ်းနှင့် ပတ်သက်၍
ကျောင်းသားများ သိရှိနားလည်စေရန် တက္ကသိုလ် အသီးသီးသို့
လှည့်လည်ဟောပြောမှုများ၊ ဖြန့်ဝေစာပေးခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ယင်းကဲ့သို့ ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားများအား
ဖိအားပေးသည့် လုပ်ရပ်များရှိကြောင်း သိရသည်။ ကျောင်းသားသမဂ္ဂမှ
ကျောင်းသားများ၏ မိဘများခေါ်ယူ အသိပေးခြင်း၊ နောက်နောင်ကန့်ကွက်မှု
မပြုလုပ်ရန် ဝန်ခံလက်မှတ် ထိုးစေခြင်းများ ပါဝင်သည်ဟု သိရသည်။
အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်၍ ကန့်ကွက်ခြင်းများ၏ အဓိကအချက်တွင်
ပြည်သူနှင့် ကျောင်းသားထုအပေါ် အခြေခံခြင်း မရှိခြင်းကြောင့်
ကန့်ကွက်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင်
ပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် လိုအပ်နေပြီး ခေတ်စနစ်နှင့်
လိုက်လျောညီထွေဖြစ်သော၊ လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု
လုပ်ငန်းများဖြစ်ရန် အရေးကြီးနေသည်။ ထို့အတွက် လိုအပ်သော မူဝါဒများနှင့်
ဥပဒေများ ရေးဆွဲချမှတ်ရန် အမျိုးသားပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး
အမျိုးသားအဆင့် ဆွေးနွေးပွဲကို ယခုနှစ်ဆန်းပိုင်းက ကျင်းပခဲ့သည်။
လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဖြစ်ရန် အခြေခံပညာရေး ကဏ္ဍတွင်
ကျောင်းအပ်နှံမှုနှုန်း၊ ကျောင်းနေမြဲမှုနှုန်း၊ အတန်းကူးပြောင်းနှုန်း
ညွှန်းကိန်းများ မြင့်မားရေး၊ အရည်အသွေး အာမခံချက်ရှိရေးတို့ ပါဝင်သလို၊
မူလတန်းနှင့် အလယ်တန်း အခမဲ့ပညာသင်ကြားရေး၊ မူလတန်းအဆင့် ကျောင်းများတွင်
ဆရာ၊ ဆရာမ အပြည့်ခန့်ထားရေး၊ ဆရာ၊ ဆရာမများ စွမ်းဆောင်ရေမြင့်မားရေး၊
ကျောင်းသူ၊ ကျောင်းသားများ စဉ်းစားတွေးခေါ်မှု မှန်ကန်ရေးနှင့်
ဦးနှောက်ဖွံ့ဖြိုးစေရေးတို့ ပါဝင်သည်။
ကျောင်းသားများ
ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်သည့် အချက်များ၌ “အစမ်းသပ်ခံ ပညာရေးစနစ်
လုံးဝအလိုမရှိ၊ အာမခံချက်မရှိသော ပညာရေးစနစ် လုံးဝအလိုမရှိ၊ ကျောင်းသားထု
အခွင့်ရရှိစေရေး” စသည်တို့ကို ထည့်သွင်းတောင်းဆို ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် အမျိုးသားပညာရေး ဥပဒေအား ရေးဆွဲပြဋ္ဌာန်းခြင်းနှင့်
ကန့်ကွက်ဆန္ဒပြခြင်းတို့တွင် မတူညီသော ကွဲလွဲချက်များ ရှိနိုင်သော်လည်း
မြန်မာ့ပညာရေးစနစ် အရည်အသွေး မြင့်ရေးအတွက်မူ မည်သူမျှ မလိုလားစရာ
အကြောင်းမရှိပေ။
သို့ပါ၍ အမှန်တကယ် လိုအပ်သော ပညာရေးစနစ်ကောင်းများ
ပေါ်ပေါက်လာစေရန် အားလုံးပါဝင်ညှိနှိုင်း ဆွေးနွေးအဖြေရှာခြင်းဖြင့်
မတူညီမှုများကြားမှ တူညီသော သဘောထားများကို ရှာဖွေဖြေရှင်းသင့်ပါကြောင်း The
Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment