(Written By: နေထွန်းနိုင်)
(၁)
‘အမျိုးသားပညာရေးဥပဒေ’ ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃ဝ ရက်မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီလို ပြဋ္ဌာန်းလိုက်တာကို မကျေနပ်တဲ့အတွက် နိုင်ငံလုံးဆိုင်ရာ
ကျောင်းသားထုရဲ့ အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်မှာ
ပြုလုပ်ဖို့ရှိပါတယ်။ အမျိုးသားပညာရေး ဥပဒေကို ကျောင်းသားထု လက်မခံပါဘူး။
ဆရာတွေလည်း လက်မခံပါဘူး။ လွတ်လပ်တဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း
လက်မခံပါဘူး။
မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့
ကျောင်းသားအဖွဲ့အစည်းတွေ၊ ဆရာအဖွဲ့အစည်းတွေနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ
ကန့်ကွက်နေတဲ့ကြားက ဥပဒေကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာမှာ
လုပ်ဖို့ရှိတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နဲ့
တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) တို့ ပေါင်းလုပ်မှာပါ။
ဒီအစည်းအဝေးမှာ
ဥပဒေကို ဘာကြောင့်ကန့်ကွက်ရတယ်၊ ဥပဒေမှာ ဘယ်လိုအချက်တွေ ပါနေသလဲ၊
ဘယ်လိုအချက်တွေ ပါသင့်သလဲဆိုတာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
(၂)
ဥပဒေ မပြဋ္ဌာန်းခင်အချိန်က ဗဟိုချုပ်ကိုင်မှု ကင်းလွတ်ပြီး လွတ်လပ်စွာ
တွေးခေါ်ပိုင်ခွင့်ကို ဦးစားပေး၊ အဆင့်မီတဲ့ ပညာရေးစနစ် ဖြစ်ပေါ်စေဖို့
ကျောင်းသား၊ ဆရာ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေက အကြံပြုချက်တွေ
ပေးခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ဒီလိုပယ်ချပြီး ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေက အဓိက အချက်နှစ်ချက်ကို ကိုယ်စားပြုခဲ့ပါတယ်။
ပထမအချက်က ပညာရေးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို ပညာရေးဝန်ကြီးဌာနနဲ့
အခြားဝန်ကြီးဌာနတွေက လိုတာထက်ပိုပြီး ဝင်ရောက်စွက်ဖက် ခြယ်လှယ်ပိုင်ခွင့်
ဖြစ်ပါတယ်။ မြန်မာ့ပညာရေးကို နောက်ကောက်ကျစေခဲ့တဲ့ ပုံစံဟောင်း
ဗဟိုချုပ်ကိုင်မှုကို ပုံစံတစ်မျိုးနဲ့ ဆက်ပြီးကျင့်သုံးမယ်ဆိုတဲ့ပုံစံ
ဖြစ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။ ဒုတိယအချက်က ကျောင်းသား၊
ဆရာတွေကို နိုင်ငံရေးကိစ္စတွေမှာ မပါဖို့ ကန့်သတ်လိုတဲ့အချက် ဖြစ်ပါတယ်။
ဥပဒေ အခန်း ၃၊ အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဈ)
မှာ “ကျောင်းများတွင် ဘာသာရေးနှင့်နိုင်ငံရေး စွက်ဖက်မှုများမှ
ကင်းလွတ်စေရေး” ဆိုတဲ့ အချက်ကို အလေးအနက်ထား ထည့်သွင်းထားပါတယ်။
ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ ဖွဲ့စည်းခွင့်ကိုလည်း ဥပဒေမှာ ပြဌာန်းပေးခြင်း မရှိပါဘူး။
(၃)
“ဗျူရိုကရေစီ အစိုးရသည် ဗမာလူမျိုးများကို ဘယ်သောအခါ အလျှော့ပေးဖူးပါသလဲ။
ဘယ်တော့မှ မပေးပါ။ ဘယ်နံရောအခါမှလည်း ပေးလိမ့်မည်မဟုတ်။ ကျွန်တော်တို့ကို
ဆူပူသော လူရူးတစ်စုဟု အယူရှိကြသည်”
၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ်၊ သပိတ်မှောက်ကျောင်းသားဥက္ကဋ္ဌ ကိုဘဦးပြောခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလိပ်အစိုးရက ရေးဆွဲအသက်သွင်းခဲ့တဲ့ ယူနီဗာစီတီ အက်ဥပဒေကို
ဝိုင်အမ်ဘီအေနဲ့ မြန်မာတစ်နိုင်ငံလုံးက ကန့်ကွက်နေတဲ့ကြားက
အဲဒီကန့်ကွက်ချက်တွေကို ငြင်းဆန်ပယ်ချပြီး အတည်ပြုတဲ့အတွက်
ပထမကျောင်းသားသပိတ် ပေါ်ခဲ့တာပါ။ အမျိုးသားကျောင်းတွေ ပေါ်ခဲ့ပါတယ်။
အင်္ဂလိပ်အစိုးရက ကျောင်းသားတွေကို “ဆူပူတဲ့ လူရူးတစ်စု” လို့
သတ်မှတ်ခဲ့ပေမယ့် လိုက်လျောခဲ့ရတာတွေ ရှိပါတယ်။ တစ်ဖက်မှာလည်း
နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။
ကိုလိုနီခေတ်ဦးမှာ ပေါ်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ဟာ
လွတ်လပ်ရေးရရှိချိန်အထိသာမကပဲ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ
ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ အရေးပါခဲ့ခြင်းကို ပြသခဲ့တာပါ။
၁၉၂ဝ
ပြည့်နှစ် ပထမကျောင်းသားသပိတ်၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်၊
လွတ်လပ်ရေးအကြို၊ လွတ်လပ်ရေးရရှိအပြီး ဒီနေ့ခေတ်အထိ
ကျောင်းသားလှုပ်ရှားမှုတိုင်းဟာ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ကျောင်းသားတွေကို
ခွဲထားလို့မရဘူးဆိုတဲ့ အချက်ကို ပေါ်လွင်စေပါတယ်။ ဘယ်လိုဖိနှိပ်မှုတွေ၊
ချုပ်ချယ်မှုတွေပဲရှိရှိ၊ ကျောင်းသားတွေဟာ နိုင်ငံ့အရေးအတွက်ဆိုရင်
ရှေ့တန်းကိုထွက်လာဖို့ ဝန်မလေးကြပါဘူး။
(၄)
အာဏာရှင်တွေက
ကျောင်းသားတွေအပေါ်ထားခဲ့တဲ့ အငြိုးအတေးနဲ့ ပညာရေး ချိုးနှိမ်မှုတွေဟာ
သူ့ကျွန်ဘဝ ရောက်ချိန်ထက်တောင် ပိုဆိုးခဲ့ပါတယ်။ ဒါတွေဟာ
တော်လှန်ရေးကောင်စီလက်ထက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နဝတ၊
နအဖခေတ်တွေအထိ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။ ကျောင်းသားထုကို ဦးချိုးခဲ့တာ၊
တက္ကသိုလ်တွေကို မြို့ပြင်ထုတ်ပြီး ကျောင်းသားထုကို ပြိုကွဲပျက်စီးအောင်
လုပ်ခဲ့တာ၊ ပညာရေးစနစ် ရိုက်ချိုးခဲ့တာတွေကို အာဏာရှင်တွေက စနစ်တကျ
လုပ်ခဲ့ပါတယ်။
အခု ပြဋ္ဌာန်းလိုက်တဲ့ ‘အမျိုးသားပညာရေးဥပဒေ’ မှာလည်း အာဏာရှင်အငွေ့အသက်တွေ ပါဝင်နေတယ်လို့ ဆိုကြပါတယ်။
ဥပဒေ အခန်း ၃၊ အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူ၊ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဆ)
မှာ “တက္ကသိုလ်နှင့် ကောလိပ်များသည် လွတ်လပ်သော စီမံခန့်ခွဲမှုဖြင့်
ရပ်တည်ရေး” ဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။
ဒါပေမဲ့ အဲဒီအချက်ကို
အထောက်အပံ့ပေး ခိုင်မာစေတဲ့ သီးခြားဖွင့်ဆိုချက်ကို ကျယ်ကျယ်ပြန့်ပြန့်
မတွေ့ရပါဘူး။ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ အချက်တွေကိုပဲ အများအပြား
တွေ့ရပါတယ်။
ဥပဒေ အခန်း (၄) အရ အမျိုးသားပညာရေး ကော်မရှင်ကို
ဖွဲ့စည်းရပါမယ်။ အဲဒီကော်မရှင်ရဲ့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးသာ
ဖြစ်ရပါမယ်။ ကော်မရှင်မှာ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက
ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ရပါမယ်။ တိုင်းရင်းသားပညာရှင်တချို့နဲ့
အခြားသင့်လျော်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ရမယ် ဆိုပေမယ့် သူတို့က ဘယ်လိုလူတွေ
ဖြစ်ရမယ်ဆိုတာ ဖော်ပြမထားပါဘူး။
ကော်မရှင်က အမျိုးသားပညာရေး
ရည်မှန်းချက်နဲ့ ပညာရေးဆိုင်ရာ အခြေခံမူ ဖော်ဆောင်မှုတွေကို လမ်းညွှန်ရပါမယ်။
ဒါတွေအပြင် ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက တင်ပြတဲ့
ပညာရေးဆိုင်ရာ ရေတိုရေရှည် စီမံကိန်းတွေနဲ့ စပ်လျဉ်းတာတွေကို လိုအပ်သလို
ပေါင်းစပ်ညှိနှိုင်းပေးရမှာ ဖြစ်ပါတယ်။
ကော်မရှင်ဟာ တက္ကသိုလ်၊
ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများရဲ့ လွတ်လပ်သော
ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်ဘဲ မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေမှာသာ
ပေါင်းစပ်ဖြည့်ဆည်း ပေးရမယ်ဆိုတဲ့ အချက်တစ်ချက်တော့ ဥပဒေမှာ ပါဝင်ခဲ့ပါတယ်။
(၅)
ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေက နေရာအနှံ့ ဖြစ်နေပါတယ်။ ဘဏ္ဍာရေး
အထောက်အပံ့တွေနဲ့ ပညာရေးဆိုင်ရာ မြှင့်တင်မှု၊ အခြေခံအဆောက်အအုံပိုင်းကို
ဝန်ကြီးဌာနက အာရုံစိုက်သင့်ပေမယ့် ဆရာ၊ ကျောင်းသားအရေး စီမံခန့်ခွဲမှုတွေကို
ဝန်ကြီးဌာနက ချုပ်ကိုင်ထားလိုပါတယ်။
ဥပဒေ အခန်း ၅၊ ဆရာများအခန်း၊
ပုဒ်မ ၅၃ မှာ “ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည်
ဆရာများ၏တာဝန်နှင့် အခွင့်အရေးများကို သတ်မှတ်ပေးရမည်” လို့ ဖွင့်ဆိုပါတယ်။
အခန်း ၁၁ ပညာရေး စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှု အခန်း၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ
(က) မှာ “ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာရေး
ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့သည် သက်ဆိုင်ရာအဆင့်မြင့်ကျောင်းများကို
ဤဥပဒေ၊ တည်ဆဲဥပဒေတို့နှင့်အညီ စီမံခန့်ခွဲရမည်” လို့ ဖွင့်ဆိုခဲ့ပါတယ်။
ပုဒ်မခွဲ (ခ) မှာ ပုဒ်မခွဲ (က) ပါ ကျောင်းများမှအပ နိုင်ငံတစ်ဝန်းရှိ
ပညာရေးစနစ် တစ်ခုလုံး၏ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို
ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ
အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ခွဲဝေ ဆောင်ရွက်ရမည်” လို့ ဖော်ပြပါတယ်။
အခန်း ၁၁၊ ပုဒ်မ ၅၇၊ ပုဒ်မခွဲ (က) မှာလည်း “အခြေခံပညာအဆင့် ကျောင်းများ၏
စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ဝန်ကြီးဌာနနှင့်
သက်ဆိုင်ရာဝန်ကြီးဌာနတို့ ဆောင်ရွက်ရမည်” လို့ ဆိုပါတယ်။
ပုဒ်မ ၅၈
မှာ ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေကို ကျယ်ကျယ်ပြန့်ပြန့်
ဖွင့်ဆိုပေးထားပြီး ပုဒ်မ ၅၈၊ ပုဒ်မခွဲ (ဆ) မှာ ပညာရေးဝန်ကြီးဌာန အနေနဲ့
“အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း”
ဆိုတဲ့ အချက်ကို ထည့်သွင်းပါတယ်။ ဒီပုဒ်မအတွက် တိတိကျကျ ဖြစ်စေတဲ့
ဖွင့်ဆိုချက်ကို မတွေ့ရပါဘူး။
(၆)
မကြာသေးမီက ပြဋ္ဌာန်းခဲ့တဲ့
အမျိုးသားပညာရေး ဥပဒေကို NNER က တင်သွင်းထားတဲ့ အမျိုးသားပညာရေးမူဝါဒ
(မူကြမ်း) နဲ့ နှိုင်းယှဉ်တဲ့အခါ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ
ဗဟိုချုပ်ကိုင်မှုလွန်ကဲပြီး ကျောင်းသားနဲ့ ဆရာတွေကို နိုင်ငံရေးမှာ
ပါဝင်နိုင်ခြင်းမရှိဖို့ ဦးတည်ထားတယ် ဆိုတာကို ပိုပြီးပေါ်လွင်စေပါတယ်။
NNER ဆိုတာ အဖွဲ့အစည်း ၁၂ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပညာရေးစနစ်
ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဖြစ်ပါတယ်။
အစောပိုင်းမှာတော့ အစိုးရဘက်က NNER ရဲ့ အကြံပြုချက်တွေကို လက်ခံမယ့်သဘော
ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂ဝ၁၄ ခုနှစ် မတ်လမှာ လုပ်ခဲ့တဲ့
အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲကို NNER တက်ခွင့်မရပါဘူး။
ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ပညာရေးဝန်ကြီးဌာနက တရားဝင်ဖိတ်ကြားခဲ့ပြီးမှ
မလာဖို့တားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်း NNER ရဲ့ အကြံပြုချက်တွေလည်း
ဆက်တိုက်ပယ်ချ ခံခဲ့ရပါတယ်။
NNER ကို ပယ်ချလိုက်တဲ့ ရည်ရွယ်ချက်နောက်ကွယ်မှာ ဒီအဖွဲ့ကို NLD ပညာရေးကွန်ရက်က ဦးဆောင်နေလို့ ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
အမှန်တော့ NNER ကို NLD က ဦးဆောင်နေတာ မဟုတ်ပါဘူး။ NNER မှာ NLD
ပညာရေးကွန်ရက်ပါတယ်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း
ပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပါတယ်။ Thinking Class-room
Foundation၊ Educationalist Network၊ Generation Wave အဖွဲ့တွေ ပါတယ်။
ဒီအဖွဲ့တွေအပြင် အရေးအပါဆုံးဖြစ်တဲ့ တက္ကသိုလ် ဆရာ/ဆရာမများ အစည်းအရုံး၊
ကျောင်းသားသမဂ္ဂအဖွဲ့တွေ၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများအသင်းချုပ်၊ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နဲ့
ကျောင်းများ၊ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းများနဲ့ ပညာရှင်တွေ
ပါဝင်ဖွဲ့စည်းခဲ့ကြတာပါ။
(၇)
NNER ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှာ
ဖွဲ့စည်းခဲ့ပါတယ်။ ဇွန်မှာ ပညာရေးဆိုင်ရာ ညီလာခံတစ်ခု လုပ်ပါတယ်။ ဆလုံ၊ ‘ဝ’
အစရှိတဲ့ တိုင်းရင်းသားဒေသကလူတွေ အပါအဝင် လူပုဂ္ဂိုလ် ၁၂၇၄ ဦး တက်ခဲ့ပါတယ်။
ဒီမတိုင်ခင်အချိန်က တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဆွေးနွေးပွဲ ၂၅
ကြိမ်လုပ်ခဲ့ပြီး ဒီဆွေးနွေးပွဲတွေကို တက်ခဲ့သူ အရေအတွက် ၃၂ဝဝ ကျော်
ရှိခဲ့ပါတယ်။ ဆွေးနွေးမှု အားလုံးကို အခြေခံပြီး
အမျိုးသားပညာရေးမူဝါဒ(မူကြမ်း)ကို ရေးဆွဲခဲ့ကြတာပါ။ ပြီးတဲ့အခါ
ပြည်သူ့လွှတ်တော်ကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တင်ပြချက်တွေဟာ အချည်းနှီး
ဖြစ်ခဲ့ရပါတယ်။
သူတို့ တင်ပြခဲ့တဲ့ မူကြမ်းမှာ အပိုင်း ၁၃ ပိုင်း
ပါခဲ့ပါတယ်။ ကလေးတွေရဲ့ ရှေးဦးပညာသင်ရေးကအစ အခြေခံအထက်တန်း ပညာရေး၊
အဆင့်မြင့်ပညာရေး၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေ၊
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ ဘာသာရေးဆိုင်ရာကျောင်းတွေ၊ အခမဲ့
ပညာဒါနကျောင်းတွေ၊ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍ၊ ပညာရေးအထူးလိုအပ်ချက်၊
တိုင်းရင်းသားဘာသာစကား သင်ကြားရေးတွေအပြင် စစ်ပြေးဒုက္ခသည်နဲ့
ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးအပိုင်းတွေမှာပါ လုပ်သင့်တာတွေကို
တင်ပြခဲ့ပါတယ်။
(၈)
သူတို့တင်ပြချက်တွေမှာ ဝန်ကြီးဌာနရဲ့
ချုပ်ကိုင်မှုကို လျှော့ချထားပြီး ဆရာ၊ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ
လုပ်ပိုင်ခွင့်ကို ပိုပြီးဦးစားပေးထားပါတယ်။
NNER ရဲ့
တင်ပြချက်တွေထဲမှာ “ကျောင်းသား/ကျောင်းသူများ၏ ထင်မြင်ယူဆချက်များကို
လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်။ အယူအဆများသည် အမှန်၊ အမှား သတ်မှတ်ချက်ထက်
ကျိုးကြောင်းဆီလျော်မှုကို ဦးစားပေးမည်” ဆိုတဲ့အချက် ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် “ဆရာ၊ ဆရာမများနှင့် ဥပဒေအရ အရွယ်ရောက်ပြီးသော ကျောင်းသူ၊
ကျောင်းသားများသည် နှစ်သက်ရာ နိုင်ငံရေးပါတီများသို့ ဝင်ရောက်ခွင့်ရှိသည်။
အယူအဆ ကွဲပြားမှုအပေါ် အပြန်အလှန် လေးစားမှုရှိရမည်” ဆိုတဲ့အချက်ကို
ဖော်ပြပါတယ်။
သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများအနေနဲ့
ဆရာသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် ရှိတယ်လို့လည်း NNER ရဲ့
တင်ပြချက်မှာ ပါဝင်ပါတယ်။
အရေးပါတဲ့ အချက်တစ်ခု အနေနဲ့
“တက္ကသိုလ်နှင့် ကောလိပ်များသည် ဝန်ကြီးဌာနအသီးသီး၏ တိုက်ရိုက်အုပ်ချုပ်မှုမှ
ကင်းလွတ်ပြီး တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှ စီမံခန့်ခွဲခွင့်ရှိသည့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်နှင့် ကောလိပ်များဖြစ်ရမည်” လို့
ဆိုထားပါတယ်။ တက္ကသိုလ်၊ ကောလိပ် အုပ်ချုပ်ရေးကောင်စီကို ဖွဲ့တဲ့အခါ
ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ
တာဝန်ရှိသူများ၊ တက္ကသိုလ်ကောလိပ် ဆရာ၊ ဆရာမများ၏ ကိုယ်စားလှယ်များ၊
ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊ နိုင်ငံဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များနဲ့
ပညာရှင်များ ပါဝင်ရမယ်လို့ ဖွင့်ဆိုပါတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက
ဆရာ၊ ဆရာမများအပေါ် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အကဲဖြတ်မှုကို
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက ထည့်သွင်းစဉ်းစားရမည်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ တာဝန်က ဘဏ္ဍာငွေထောက်ပံ့ရေး၊ ငွေစာရင်းစစ်ဆေးရေး၊
သင်ရိုးညွှန်းတမ်း အရည်အသွေး မြင့်မားရေး၊ ဆရာ၊ ဆရာမများ၏ အရည်အချင်း
မြင့်မားရေး၊ ဘွဲ့ဒီဂရီများရဲ့ အရည်အသွေး မြင့်မားရေးကို ပံ့ပိုးကူညီ
ဆောင်ရွက်ပေးရမယ်လို့ NNER က အကြံပြုပါတယ်။
(၉)
ပြဋ္ဌာန်းလိုက်တဲ့
အမျိုးသားပညာရေး ဥပဒေနဲ့ ဆရာ၊ ကျောင်းသားတွေလိုလားတဲ့ ဥပဒေပုံစံ
ကွဲလွဲချက်မှာ ဗဟိုချုပ်ကိုင်မှုလွန်ကဲတာ တစ်ချက်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က
လွတ်လပ်စွာလုပ်ကိုင်ခွင့်၊ အထူးသဖြင့် နိုင်ငံရေးကိစ္စတွေမှာ ကင်းရှင်းဖို့
ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ပညာသင်ကြားမှုနဲ့ လွတ်လပ်စွာ
ပညာသင်ယူမှု အပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ အရင်စနစ်ဟောင်းကို သကာလောင်းထားရုံသာဖြစ်ပြီး
သိသာထင်ရှားတဲ့ ပြောင်းလဲမှု မရှိဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။
ကျောင်းသားထုက လက်မခံပါဘူး။ ဆရာတွေက လက်မခံပါဘူး။ ဒီလက်မခံမှုတွေက
လက်ခံလာအောင် ပြင်ဆင်ရမှာတွေ ရှိနေပါတယ်။ အချိန်မီ
ပြင်ဆင်ဖို့နှောင့်နှေးနေရင် ပထမကျောင်းသားသပိတ်လို ဆန္ဒထုတ်ဖော်မှုတွေ
နိုင်ငံအနှံ့ ဖြစ်လာနိုင်ပါတယ်။
၁၉၃၉ ခုနှစ်
ဒုတိယကျောင်းသားသပိတ်ဖြစ်ဖို့ အစပျိုးနေတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်
ကျောင်းအုပ်ကြီး မစ္စစလော့က ကိုအောင်ဆန်းကို “မင်းဟာ တော်လှန်ရေးသမားလေးပဲ”
လို့ ပြောပြီး ခနဲ့ခဲ့ပါတယ်။
“ကျွန်တော်က ငြိမ်းချမ်းရေးကို လိုလားတဲ့ တော်လှန်ရေးသမားပဲ” လို့ ကိုအောင်ဆန်းက ပြန်ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးကို လိုလားသူတွေထဲမှာ ခေတ်အဆက်ဆက် ကျောင်းသားတွေ ပါဝင်ခဲ့ပါတယ်။ သူတို့ နှိပ်ကွပ်ခံခဲ့ရပါတယ်။
အခုချိန်မှာ အများက ကန့်ကွက်နေတဲ့ကြားက အမျိုးသားပညာရေး ဥပဒေကို
ပြဋ္ဌာန်းလိုက်ပါတယ်။ မန္တလေးက ဗကသကျောင်းသူ အသက် ၂၁ နှစ်အရွယ် မဖြူ
နှင်းထွေးက တရုတ်ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲတဲ့ စွပ်စွဲချက်နဲ့
တရားရင်ဆိုင်နေရပါတယ်။ ကျောင်းသားထုကြားမှာ မကျေနပ်မှုတွေ ဖြစ်နေပါတယ်။
ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေဟာ ကျောင်းသားထုရဲ့ လိုလားချက်နဲ့
ကွဲလွဲနေတဲ့အတွက် ကန့်ကွက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ဥပဒေကို ပြန်ပြင်ပေး၊
မပေးဆိုတာက ဥပဒေပြုရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပဲ သက်ဆိုင်နေပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment