မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ဖြစ်တဲ့ တိုက်ပွဲကို သတင်းသွားယူတဲ့
အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုပါကြီးကို ကျိုက်မရော ခလရ ၂၀၈ တပ်ရင်းက
ဖမ်းဆီးထားတာ ၁၄ ရက်ကြာမြင့်ပြီ ဖြစ်ပေမယ့် ပြန်လွှတ်ပေးခြင်း
မရှိသေးဘူးလို့ ကရင်ပြည်နယ် သတင်းထောက်တွေက ပြောပါတယ်။
ကလိုင်းကနိုင်ကျေးရွာနဲ့ ရွှေဝါချောင်း ကျေးရွာတွေမှာ တပ်မတော်နဲ့
ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) ကလို့ထူးဘော စစ်ဗျူဟာတပ်
တိုက်ပွဲဖြစ်တာကို ဦးအောင်ကျော်နိုင် (ခေါ်) ကိုပါကြီးဟာ
သတင်းသွားယူခဲ့တာလို့ သူတို့က ဆိုပါတယ်။
တိုက်ပွဲဖြစ်ရာ ရွှေဝါချောင်
ကျေးရွာဘက်ကနေ ကျိုက်မရောမြို့ပေါ်သို့ စက်လှေနဲ့ ပြန်လာတဲ့ ကိုပါကြီးဟာ
တောထဲမှာ အစာငတ်ခဲ့လို့ ကျိုက်မရောမြို့ပေါ် လှေဆိပ်မှာ သောက်ရေသန့်
တစ်ဘူးနဲ့ အချိုရည်တစ်ဘူး ဝယ်သောက်ခဲ့ပါတယ်။ အဲဒါကို ဒေသခံတွေက
မသင်္ကာဖြစ်ပြီး ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက်က ပြည်သူ့စစ် ခေါင်းဆောင်
ဦးအုန်းတင်ထံ သတင်းပေး တိုင်ကြားခဲ့တယ်လို့ မြို့ခံတစ်ဦးဖြစ်တဲ့
ဦးဖုန်းမြင့်က ပြောဆိုပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့က ကလိုင်ကနိုင်း
ကျေးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် DKBA တပ်ဖွဲ့ အတ္ထရံမြစ်တစ် ဘက်ခြမ်း
ရွှေဝါချောင်ကျေးရွာသို့ တပ်ဆုပ်သွားချိန် အဲဒီကျေးရွာအတွင်း DKBAနဲ့
တပ်မတော်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ကိုပါကြီးဟာ
အဲဒီတိုက်ပွဲ သတင်းဓာတ်ပုံရိုက်ကူးရာ တိုက်ပွဲအတွင်း သုံးရက်ကြာ
ပိတ်မိခဲ့တယ်လို့ ကရင်ပြည်နယ် သတင်းထောက်တွေက ပြောပါတယ်။
စက်တင်ဘာလ
၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်မှာ ခလရ ၂၀၈ တပ်က ကိုပါကြီးကို
ဖမ်းဆီးထားတာလို့ ကရင်ပြည်နယ် သတင်းထောက်တွေက ပြောပါတယ်။
ကိုပါကြီးဟာ DVB သတင်းဌာနသို့ သတင်းပို့နေတဲ့ အလွတ်တန်း သတင်းထောက်တစ်ဦး
ဖြစ်ပါတယ်။ တပ်မတော်က မဖမ်းဆီးမီ ကရင်ပြည်နယ်အတွင်းမှာ သတင်းဓာတ်ပုံတွေ
လာရောက် ရိုက်ကူးခဲ့တယ်လို့ မြန်မာပို့စ် ဂလိုဘယ်လ် သတင်းဌာနမှ ကရင်ပြည်နယ်
သတင်းထောက် ဇော်ရဲထက်က ပြောဆိုပါတယ်။ သူဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်
တစ်ဦးလည်း မဟုတ်ကြောင်း သူကဆက်ပြောပါတယ်။
မသင်္ကာသူအဖြစ်
တိုင်တန်းခံရလို့ ကျိုက်မရော ရဲတပ်ဖွဲ့၊ စရဖနှင့် ခလရ ၂၀၈ တပ်တို့က
ကျိုက်မရောမြို့ ရန်မျိုးအောင် ရပ်ကွက် စက်လမ်းဝတွင် ကိုပါကြီးကို
ဖမ်းဆီခဲ့တာပါ။ ဖမ်းဆီးခဲ့စဉ်က ရဲတပ်ဖွဲ့ဝင်တွေ ပါပေမယ့် စစ်ရေးကိစ္စနဲ့
ပတ်သက်လို့ ခလရ ၂၀၈ တပ်က ခေါ်ဆောင်သွားတယ်လို့ ကျိုက်မရော ရဲတပ်ဖွဲ့စခန်းကနေ
သိရပါတယ်။ ကျိုက်မရောရဲစခန်းမှာ အမှုဖွင့်ထားတာလည်း မရှိဘူးလို့
အဲဒီရဲတပ်ဖွဲ့ စခန်းကနေ သိရပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment