(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
စာရေးသူ
အမြဲရေးနေတဲ့ ဆောင်းပါးတွေအထဲမှာ ကြုံရင်ကြုံသလို ရေးလေ့ရှိတဲ့
အသိပေးစာကြောင်းတစ်ကြောင်း ရှိပါတယ်။ အဲဒါကတော့ အတိတ်ကို သင်ခန်းစာယူ၊
မျက်မှောက်ပစ္စက္ခမှာ အကောင်းဆုံးလုပ်ဆောင်ကြပြီး အနာဂတ်ကို ပုံဖော်ကြဖို့
ဖြစ်ပါတယ်။ မအူပင် လေးအိမ်စုကျေးရွာက ဗုဒ္ဓဘာသာ မင်္ဂလာအသင်းကနေ ဓမ္မဒါနပြု
ဖြန့်ဝေတဲ့စာရွက်မှာ ရေးသားထားတဲ့ -
“လူ့အဖိုးတန်ဖြစ်စေဖို့ ကောင်းတဲ့အလုပ်တွေကို၊ ကောင်းတဲ့စိတ်ထားနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ကြပါ”
ဆိုတဲ့အတိုင်း လူတစ်ဦးချင်းက အဖိုးတန်လူတွေ ဖြစ်လာကြရင် စာရေးသူ
အခုရေးမယ့် အပေါင်းသုညဆိုတဲ့ အခြေအနေ ရောက်မှာမဟုတ်ပါ။ ဒီနေရာမှာ
အပေါင်းသုညဆိုတဲ့ သဘောတရားကို အနည်းငယ် ရှင်းပြလိုပါတယ်။ စီးပွားရေးဆိုင်ရာ
သဘောတရားမှာ Zero-Sum Game ဆိုတဲ့ သဘောတရားတစ်ခု ရှိတယ်။
ခေါင်းနဲ့ပန်းလှန်ရင် တစ်ယောက်က ခေါင်းကျတဲ့အခါ နောက်တစ်ယောက်က ပန်းကျမှာ
သေချာတယ်။ ဒီအတိုင်းပဲ မောင်ဖြူနဲ့ မောင်မဲက လောင်းကစားကြရာမှာ
မောင်ဖြူနိုင်ပြီး မောင်မဲရှုံးသွားရင် မောင်မဲမှာရှိတဲ့ ငွေတွေက
မောင်ဖြူဆီကို ရောက်သွားတယ်။ နိုင်သူနဲ့ရှုံးသူ ပေါင်းလိုက်ရင် အဖြေက
သုညရသွားတယ်ဆိုတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားက ရိုးစင်းတယ်။
ဒီကနေ့ စာရေးသူတို့နိုင်ငံက Zero-Sum Game လို အပေါင်းသုည ဖြစ်နေတယ်။
နှစ်ပေါင်းများစွာ တစ်ဖက်သတ်အနိုင်ယူ ကစားခဲ့တာကြောင့် တစ်ဖက်က
အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေခဲ့ရတယ်။ စစ်အာဏာရှင်ပုံစံ နှစ်ပေါင်းများစွာ
အုပ်ချုပ်ခဲ့ရာကနေ အချိန်တိုအတွင်း ချမ်းသာလိုကြတဲ့ အတ္တများသူ လူတစ်စုက
အာဏာရှင်နဲ့ပေါင်းပြီး ခရိုနီစီးပွားရေးကို ဖန်တီးခဲ့ကြတာကြောင့်
လယ်သမားတွေမှာ မြေယာမဲ့တွေ ဖြစ်လာ။ ချမ်းသာတဲ့ လူနည်းစုနဲ့ ဆင်းရဲတဲ့
လူများစုဆိုပြီး အစုနှစ်စု ပေါ်ပေါက်လာတယ်။ တကယ်တမ်း
အဲဒီချမ်းသာတဲ့လူနည်းစုနဲ့ ဆင်းရဲတဲ့လူများစု နှစ်စုပေါင်းလိုက်ရင် အဖြေက
သုညဖြစ်သွားတယ်တဲ့။ ဒီလိုဖြစ်သွားတဲ့အတွက် စာရေးသူတို့နိုင်ငံက အဘက်ဘက်မှာ
ယိုယွင်းကျဆင်းလာခဲ့တယ်။
ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး
အပါအ၀င် နေရာတိုင်းမှာ သုညဖြစ်လာခဲ့တယ်။ အဆိုးရွားဆုံးကတော့ လူတစ်ဦးချင်း၏
စိတ်ဓာတ်တွေ သုညဖြစ်သွားစေခဲ့တာ ဖြစ်တယ်။ အရှင်းဆုံး အခြေအနေတစ်ခုကို
ထောက်ပြလိုတယ်။ သူများနိုင်ငံတွေမှာ တယ်လီဖုန်းဆင်းမ်ကတ်တွေကို
အခမဲ့ထုတ်ပေးပြီး ပြောဆိုခခေါ်ဆိုခကိုပဲ ယူကြတာဖြစ်တယ်။ ဒီမိုကရေစီခေတ်မှာ
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ဖြစ်ထွန်းစေရမှာ ဖြစ်ပေမယ့်
ဒီမိုကရေစီခေတ်နဲ့ ဖီလာဆန့်ကျင်တဲ့ မှောင်ခိုဈေးကွက် ပေါ်ထွန်းလာခဲ့တယ်။
ဟိုယခင်က ဆင်းမ်ကတ်တွေကို ဈေးကွက်ထိန်းမဲစနစ်နဲ့ တစ်ကတ်ကို ၁၅ သိန်းနဲ့
ရောင်းခဲ့ရာမှ မှောင်ခိုဈေးကွက်မှာ သိန်း ၄၀၊ ၅၀ ဖြစ်ခဲ့တယ်။ တစ်ခါ
ဆင်းမ်ကတ်တစ်ခုကို နှစ်သိန်းနဲ့ ရောင်းပြန်တယ်။ အခု ကျပ် ၁၅၀၀ နဲ့
ရောင်းပေမယ့် ဈေးကွက်မထိန်းနိုင်တာကြောင့် ပြင်ပမှာ မှောင်ခိုဈေးကွက်
ပေါ်လာနေတယ်။
ဟိုယခင်က မော်တော်ကားတွေကို ပါမစ်နဲ့သွင်းခဲ့ကြရာကနေ
ဂျပန်မှာ ၁၀ သိန်း၊ ၁၅ သိန်းသာ တန်ကြေးရှိတဲ့ မော်တော်ကားတွေက
စာရေးသူနိုင်ငံအတွင်း ရောက်လာတဲ့အခါ သိန်းထောင်ဂဏန်း ဖြစ်သွားခဲ့တယ်။
ပါမစ်တွေ ရောင်းစားရာကနေ အိတ်ထဲ များများထည့်ခဲ့ကြတာကိုး။ ဂျပန်က
စာရေးသူရဲ့ မိတ်ဆွေကြီး Mr.Yurayama က ပြောဖူးတယ်။ မင်းတို့နိုင်ငံက
မော်တော်ကားဈေးတွေက တို့ဂျပန်နိုင်ငံက နောက်ဆုံးပေါ် ကားတွေထက်တောင်မှ
ဈေးများနေတယ်လို့။ အခုကျတော့ ဒီမိုကရေစီခေတ်မှာ ဈေးကွက်တွေက
ပွင့်လင်းလာတော့ ကားဈေးတွေက ဆယ်ဂဏန်းသာ ရှိလာတော့တယ်။ သို့ပေမဲ့
အိတ်ထဲများများ ထည့်လို့ရအောင် များများသွင်းလာကြတာကြောင့်
မော်တော်ကားပြခန်းကကားတွေ လမ်းပေါ်ရောက်မလာမီ ကားလမ်းတွေပေါ်မှာ
ကားတွေကျပ်ကုန်တယ်။ သီလ၀ါဆိပ်ကမ်းမှာလည်း မော်တော်ကားတွေ မထုတ်သေးတာ
များစွာရှိတယ်လို့ သိရတယ်။ ခုလို ချမ်းသာသူတွေက ပိုချမ်းသာအောင်လုပ်၊
ဆင်းရဲသူတွေက ပိုဆင်းရဲသွားစေတဲ့ အပေါင်းသုညဖြစ်စေတဲ့ ကစားနည်းတွေ
ဆက်ပြီးကစားနေကြသမျှ စာရေးသူတို့နိုင်ငံက အောက်ဆုံးအဆင့်ကနေ
တက်လာနိုင်မှာမဟုတ်ပါ။
တစ်ဖက်မှာ စာရေးသူတို့နိုင်ငံက
နှစ်ပေါင်းများစွာ မိမိနိုင်ငံသားအချင်းချင်း သတ်ခဲ့ကြတဲ့
ပြည်တွင်းစစ်တွေဖြစ်ခဲ့လည်း တကယ်တမ်းမှာတော့ အပေါင်းသုညကိန်းပဲ
ဖြစ်စေခဲ့တယ်။ မိမိနိုင်ငံသားတွေကို နည်းလမ်းပေါင်းစုံနဲ့
အာရုံတွေပြောင်းအောင်လုပ်၊ ဆင်းရဲအောင်လုပ်၊ ဘွဲ့ရပညာမတတ်သူတွေဖြစ်အောင်
လုပ်ခဲ့တာလည်း အပေါင်းသုည ဖြစ်စေခဲ့တယ်။ ဒါတွေကို နိုင်ငံအုပ်ချုပ်သူတွေက
ကောင်းမွန်တဲ့အသိစိတ်ဓာတ်နဲ့ ကောင်းမွန်သော၊ မှန်ကန်သော စိတ်ဓာတ်မွေးကာ
အပေါင်းသုညဖြစ်ကိန်းမှ လွတ်ကင်းအောင် လုပ်ဆောင်နိုင်ကြဖို့
လိုအပ်မှာဖြစ်တယ်။
မိမိနိုင်ငံ တိုးတက်အောင် ကောင်းမွန်မှန်ကန်တဲ့
အသိစိတ်ဓာတ်နဲ့ တစ်ယောက်တစ်လှည့် တစ်တပ်တစ်အားဆိုသလို
ပေါင်းစည်းလုပ်ဆောင်လာကြမယ်ဆိုလျှင် အဲဒီ ပေါင်းစည်းအားတွေကနေ
နိုင်ငံတိုးတက်လာမှာ ဖြစ်သလို မိမိနိုင်ငံသားတွေလည်း ချမ်းသာကြွယ်ဝလာကာ
အပေါင်းသုည မဖြစ်တော့ဘဲ ဘ၀အရည်အသွေး မြင့်မားလာစေမှာ ဖြစ်ကြောင်းပါ။
Credit - Eleven Media Group
No comments:
Post a Comment