Sunday, October 12, 2014

မင်းဒင် ၏ ထွန်းကြိုင် ပုံပြင်

( ၁ )

လွန်ခဲ့သော စက်တင်ဘာလ။ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင်ကျွန်း ဗြိတိန်စုံတွဲ အသတ်ခံရမှု၌ မြန်မာလူငယ်နှစ်ဦးအား လူ သတ်တရားခံအဖြစ် စွဲချက်တင်ခဲ့ရာ ထိုင်းရဲ တပ်ဖွဲ့၏ သံသယဖြစ်ဖွယ် ကိုင်တွယ်ဆောင်ရွက်မှု များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝေ ဖန်ထောက် ပြသံများ ဆူညံစွာ ထွက်ပေါ်လာ နေ၏။ ထိုင်းရဲတပ်ဖွဲ့၏ ကိုင်တွယ်ဆောင် ရွက်မှု အလွဲပေါင်း များစွာအနက် စကားပြန် လက်မှတ်မရှိသူ မြန်မာပြည်ပေါက် ဟုဆိုသော ဆူရတ်ဌာနီမြို့မှ စကားပြန်နှစ်ဦးကို ထည့်သွင်း အသုံးပြုခြင်းသည်လည်း အကြောင်းတစ်ရပ် အဖြစ် ပါဝင်နေသည်။ စွပ်စွဲခံရသော မြန်မာ လူငယ်နှစ်ဦး၊

မှုခင်းကျူးလွန်ပုံကို လက်တွေ့ သရုပ်ဖော်ပြသစေရာ၌၊ အဆိုပါ စကားပြန် နှစ်ဦး သည် လိုသည်ထက်ပို၍ တက်ကြွနေ ကြပြီး မူမမှန်ကြောင်း စောင့်ကြည့်လေ့ လာသူ များကို ထောက်ပြလာကြသည်။ ယင်းစကား ပြန်နှစ်ဦးအနက် တစ်ဦးမှာ ထိုင်းရဲတပ်ဖွဲ့ အ မှတ်အသားပါ အင်္ကျီကို ဝတ်ဆင်ထားသည် ကိုပင် တွေ့ရှိရ၏။

ထိုအကြောင်းနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့ရှိ ကျွန်တော့် မိတ်ဆွေ တစ်ဦးနှင့် တယ်လီဖုန်းမှတစ်ဆင့် စကားစပ် မိသည့်အခါ သူက "ထိုင်းနိုင်ငံမှာ ထွန်းကြိုင် တွေ အများကြီးပါပဲဗျာ" ဟူသော မှတ်ချက်ကို ပြုခဲ့ရာ၊ ကျွန်တော် ကိုယ်တွေ့ ကြုံတွေ့နေရ သော ကျွန်တော့်လက်တစ်ကမ်းမှ ထွန်းကြိုင် များ၊ ထိုင်းနိုင်ငံ ဒေသအနှံ့အပြား၌ တွင်ကျယ် နေကြသော ထွန်းကြိုင် တို့၏ အကြောင်းခြင်း ရာသည် ကျွန်တော့်စိတ်အစဉ် တွင် အစီအရီ ဝင်ရောက် လာခဲ့သည်။

မြန်မာနိုင်ငံကို နယ်ချဲ့ ဗြိတိသျှတို့ သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က အင်္ဂလိပ် အလိုတော်ရိ၊ ဂျပန်ခေတ်တွင် ကင်ပေတိုင်စကားပြန်၊ စစ် အစိုးရ လက်ထက် များတွင် ထောက်လှမ်းရေး သတင်းပေးတို့ကို ပြန်ပြောင်း သတိရဖွယ် ဖြစ်လေ ၏။

( ၂ )

ကိုယ့်တိုင်းကိုယ့်ပြည်မှာ ရေမကြည် မြက် မနုလေသည့်အတွက် မြန်မာနိုင်ငံ အထက် အောက်၊ အကြေအညာ တဝှမ်းမှ များမြောင် လှစွာသော မြန်မာ တို့သည် ယိုးဒယားတည်း ဟူသော ထိုင်းမြေသို့ တစ်ဝမ်းတစ်ခါး အလို့ငှာ ရောက်ရှိခဲ့သည်မှာ ကာလအားဖြင့် နှစ်ပေါင်း လေးဆယ် ကျော်မျှ ရှိခဲ့ပြီ။ အထူးသဖြင့် ဗမာ ပြည်တွင် စစ်အစိုးရအာဏာရယူခဲ့သော ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံတနံတလျား မှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြ သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေအတွက်မှာ ကြောက်ခမန်းလိလိ ရှိခဲ့သည်။ စာရင်းအတိ အကျ ကောက်ယူရနိုင်ခြင်း မရှိသည့်အတွက် ခန့်မှန်းချေအားဖြင့် ဖော်ပြကြသည်မှာ ထိုင်း တစ်နိုင်ငံလုံးတွင် လက်ရှိအနေ အထားအား ဖြင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားဦးရေ စုစုပေါင်း သုံးသန်းကျော် ဟု ဆိုသည်။

၁၉၈၈ မတိုင်မီ အချိန်ကမူ ထိုင်းနိုင်ငံသို့ လာရောက်အလုပ် လုပ်ကိုင်ကြသူများ မှာ ထိုင်းမြန်မာ နယ်စပ်ချင်းထိစပ်နေသည့် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း (ကော့ သောင်း၊ ရေး၊ ဘိတ်၊ ထားဝယ်) စသည့် ဒေသတို့မှ အရေအတွက် အနည်းအကျဉ်းမျှ သာ ဖြစ်သော်ငြား၊ တစ်စတစ်စ မြန်မာပြည် အထက်အောက် မြို့ရွာတိုင်းမှလိုလို ထိုင်းနိုင် ငံတွင်းသို့ ရွှေ့ပြောင်းအလုပ်သမား များအဖြစ် အလုံးအရင်း ရောက်ရှိလာကြ၏။

ရောက်ရှိလာသူ အများစုကား လုပ်နိုင် ကိုင်နိုင် အားကောင်းမောင်းသန် အရွယ်များ ဖြစ်ကြသကဲ့သို့ အများစုကား အခြေခံပညာ ချို့တဲ့ကြရှာသည်။ ထို့ကြောင့် ကာလဒေသ ပရောဂကို မှန်ကန်စွာ နားလည်သိရှိသူ အလွန်တရာ နည်းပါးသည်။ မြန်မာပြည်နှင့် နှိုင်း စာလျှင် အတန်ငယ် ဖွံ့ဖြိုးတိုးတက်နေသာ ထိုင်းနိုင်ငံ၏အခြေအနေကို အံ့ဩဘနန်းဖြစ် ကြရင်း၊ နေရာဒေသအသစ်မှာ ကျီးကန်းတောင်း မှောက် ဖြစ်ကြရသည်။ ဘာသာစကား မတူ ညီမှုကြောင့် ယောင်နနဖြစ်ကြရ၏။ ထိုင်းပု လိပ်တို့၏ နည်းမျိုးစုံ၊ ပုဒ်မမျိုးမျိုး အကြောင်း ပြငွေညှစ်မှု၊ ထိုင်းအလုပ်ရှင်တို့၏ ဖိနှိပ်ညှင်း ပန်းမှုမျိုးစုံကို ခါးစည်းခံကြရသည်။ မြန်မာ ရွှေ့ပြောင်း အလုပ်များ ကြုံတွေ့နေသည့် ဒုက္ခမျိုးစုံ၏ မြစ်ဖျားခံရာ အကြောင်းရင်းများ စွာအနက်၊ ထွန်းကြိုင်တို့၏ အခန်းကဏ္ဍသည်လည်း ဆက်စပ် ပတ်သက်လျက်ရှိနေ သည်။

( ၃ )

ထွန်းကြိုင်အများစုမှာ ထိုင်းနိုင်ငံသို့ အ ရောက်စောခဲ့ကြသူများဖြစ်၍ ထိုင်းစာ၊ ထိုင်း စကားကို အထိုက်အလျောက် ရေးတတ်ပြော တတ်ကြ၏။ ကျောင်းနေ ပညာရေး အခြေခံ ဆယ်တန်းခန့်အထိ တတ်မြောက်လေ့ရှိသည်။ ဗမာ ထွန်းကြိုင် တို့သည် ထိုင်းရောက်ဗမာရွှေ့ ပြောင်း အလုပ်သမားများ၏ စိတ်နေ စရိုက်နှင့် အားနည်းချက်မျိုးစုံကို အူမချေးခါးမကျန် သိ နေကြသူများဖြစ်ရာ ထိုင်းသူဌေး၊ ထိုင်းပုလိပ် တို့၏ လူယုံများဖြစ်လာကြသည်။ မည်သူ့ထံ တွင် အလုပ်သမားဘတ်ရှိမရှိ၊ ပတ်စပို့ရှိမရှိ၊ ငွေကြေးစုဆောင်းမိခြင်းရှိမရှိ၊ မည်သို့လုပ်ကိုင် စားသောက်နေသည် စသည့် အချက်အလက် မျိုးစုံကို သိနေကြသူများဖြစ်ရာ ထိုသူတို့ကို လက်ကတုံးတောင်ဝှေးအဖြစ် အသုံးချခြင်း ဖြင့် ထိုင်းရဲတို့ကို ဝင်ငွေကောင်းစေသည်။ ထိုင်းသူဌေးတို့ နည်းမျိုးစုံအနိုင်ကျင့်ခွင့် ရ ကြသည်။ ထိုင်းပုလိပ်များ၊ ဗမာရွှေ့ပြောင်း အလုပ်သမားတို့ကို နေရာအချိန်မရွေး ဝင် ရောက်စစ်ဆေးသည့် အချိန်များတွင် ထွန်း ကြိုင် တစ်ယောက်ယောက် ပါလာတတ်သည် ဖြစ်ရာ ငယ်သည့် အမှုကြီးအောင်၊ ကြီးသည့် အမှု ကိုယ်ကျိုးနည်းအောင် အမြဲတစေ စောင် မကြည့်ရှုတတ်ကြသည်။ "မင်းမှာ ပတ်စပို့ရှိ တာ မှန်တယ်။ ဝါ့ပါမစ်က သူဌေးနာမည် မတူဘူး၊ ပုလိပ်တောင်းတဲ့ ငွေမပေးရင် မင်းထောင်ကျမှာ"၊ "မင်းပါ့စပို့နဲ့ ဝါ့ပါမစ်က သက်တမ်းကုန်နေပြီ၊ သူတို့တောင်းတာ မပေး ရင် မင်းကို ဗမာပြည်ပြန်ပို့မှာ၊ ပြန်မပို့ခင် အချုပ်ထဲမှာနှစ်လနေရမယ်" "ဘတ် ငါးရာနဲ့ ဘယ်ရမလဲ၊ အနည်းဆုံး သုံးထောင်တော့ ပေးရမယ်" "မင်းတို့ အာစီယံသောက်တာ ရဲ ကသိနေတယ်၊ ဘတ်တစ်သောင်းမပေးရင် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ဆယ်နှစ်အ ထိကျမှာ" စသော ခြိမ်းလုံးခြောက်လုံး တို့မှာ ထွန်းကြိုင်တို့၏ လက်သုံးစကားများဖြစ်၏။

ထို့အတူ ထိုင်းအလုပ်ရှင်သူဌေးတို့၊ မြန်မာ အလုပ်သမားများအား လုပ်အားခ မရှင်းပေး နိုင်သည့် ကိစ္စများတွင် "မင်းတို့သူဌေးကို ဘာ မှလုပ်လို့ မရဘူး။ သူဌေးက ရဲကိုလက်တို့လိုက် ရင် မင်းတို့တစ်ဖွဲ့လုံး အချုပ်ထဲရောက်ကုန် မှာ" ဟူသော အကြောင်းပြချက်ဖြင့် ထိုင်းသူ ဌေးဘက်မှ မားမားမတ်မတ် ရပ်တည်ကြ သူများမှာလည်း ထွန်းကြိုင်တို့သာဖြစ်သည်။ ရာဘာစေးခြစ်ရင်း မစားရက်၊ မသောက်ရက် ခြိုးခြံစုဆောင်းထားသော ဗမာအလုပ်သမား တို့၏ ရွှေထည်ငွေကြေးတို့ ထိုင်းလူဆိုးဓားပြ တို့ လက်ဝယ်သို့ ရောက်အောင် သတင်းပေး လက်ထောက်ချသူများမှာလည်း အသားထဲ ကလောက် ထွန်းကြိုင် တို့ဖြစ်၏။ ဗမာထွန်း ကြိုင်တို့၏ ယုတ်မာရက်စက်မှုများကို မခံ စားနိုင်သည့် အဆုံး ဗမာရွှေ့ပြောင်း အလုပ် သမား နာကျည်းချက်များဖြင့် ရက်စက်ပြင်း ထန်စွာ လက်စားချေ သတ်ဖြတ်ခံရမှုများ မကြာခဏ ပေါ်ပေါက်ခဲ့ဖူးလေပြီ။

( ၄ )

လွန်ခဲ့သော သုံးနှစ်ခန့်က ဖူးခက်မြို့ရှိ ကျွန်တော့်ဈေးဆိုင်ကို ထိုင်းပုလိပ် ဝင်မွှေ ရာ၊ ထိုင်းပုလိပ်တို့သည် မည်သည့်ပစ္စည်းကို အ ကြောင်းပြ ဖမ်းဆီးရ ကောင်း မှန်းမသိ၊ နဝေ တိမ်တောင်ဖြစ်နေလျက်ရှိရာ၊ ဘေးမှာအဆင် သင့်ပါလာသူ တစ်ဦး၏ အကူအညီဖြင့် ဦး ချိန်တီလျက်ဆားသည် တရားမဝင်ဆေးဝါး စာရင်း ဝင်ရတော့သည်။ ယုဇနလက်ဖက် သည် ထောင်ဒဏ်ထိုက်သင့်သော၊ တရားမ ဝင်စားသောက်ကုန် ဖြစ်ရတော့၏။ သူ့ကျေး ဇူးကြောင့် လက်ဖက်ရည်ဘီယာဖိုး ဘတ်ငါး ထောင်မျှဖြင့် ပြီးရမည့်ကိစ္စသည်၊ ထိုင်းပုလိပ် တောင်းခံသည့်အတိုင်း ဘတ်သုံးသောင်း ကုန် မှသာ ဆုံးခန်းတိုင်ခဲ့၏။ ထိုသူသည် ကျွန်တော် မျက်နှာ ကို စေ့စေ့မကြည့်၊ ထိုင်းစကားကို တွင် တွင်ပြောရင်း ထိုင်းလူမျိုးဟန် ဇွတ်ဖမ်းထား သော်ငြား သူ့လက်ဖျံပေါ်က ဆေးမှင်ကြောင် ရုပ်မှ ဗမာစာလုံး တို့သည် သူသည် ဗမာထွန်း ကြိုင်ဖြစ်ကြောင်းအထင်အရှားဖော်ပြနေသည်။

မကြာသေးမီ ရက်ပိုင်းကလည်း ဖူးခက် မြို့ ပါတောင်ကမ်းခြေတွင် ကျွန်တော့် အလုပ် သမားတစ်ဦး၊ ထိုင်းပုလိပ်နှင့် ရင်ဆိုင်ခဲ့ရသော ပြဿနာတစ်ရပ်တွင်လည်း၊ ထွန်းကြိုင်စာ ရင်းဝင် ဗမာတစ်ဦး၏ ကုလားဖန်ထိုးမှုကြောင့်၊ ထိုင်းပုလိပ်က ဘတ်ငါးသောင်းအထိ တောင်း ခံခဲ့ရာ၊ ကိုယ်တိုင်ဝင်ရှင်းမှသာ ဘတ်သုံး သောင်းဖြင့် ဈေးတည့်ပြေငြိမ်းခဲ့ရသည်။

ဗမာထွန်းကြိုင်တို့ကား နှစ်နိုင်ငံ အလုပ် သမား တင်ပို့မှုစာချုပ်(MOU) ပွဲစား၊ ပတ်စပို့ပွဲစား၊ အလုပ်သမား လက်မှတ် (ဘတ်)ပွဲစား၊ ငွေလွှဲသူ၊ အလုပ်ရှင် လူယုံ၊ လမ်းဘေးရိုတီ ရောင်းသူစသည်ဖြင့် အသွင်အမျိုးမျိုး ယူကာ၊ ယခုလက်ရှိ အချိန်တိုင် အောင်လံထူနေကြဆဲဖြစ်၏။ ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တာဝန်ရှိသူတစ်ဦး၏ မှတ်ချက်အရ ထိုင်းထောင်များထဲ တွင် ရောက်ရှိနေသော တရားခံတစ်ဝက် နီးပါးသည် လူစားထိုးခံရ သူများ ဖြစ်သည်ဟု ဆိုပါသည်။ အချို့ပြစ်မှုများတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အ လုပ်သမားများကို အမှုနှင့် လုံးဝဆက်စပ် ပတ် သက်ခြင်း မရှိပဲ၊ ဓားစားခံအဖြစ် ထိုးကျွေးခံရ သည့် လူမသိသူမသိ ဖြစ်ရပ်တို့ များစွာရှိနေ မည်မှာ သေချာလှသော အချက်ဖြစ်၏။ ဗမာရွှေ့ပြောင်း အလုပ်သမားများ သတ်ဖြတ် ညှင်းဆဲခံရပြီး လက်သည်မပေါ်၊ မည်သည့် တရားရုံးသို့မျှ တင်ပို့တရားစွဲဆို နိုင်မှုမရှိခြင်း တို့တွင်လည်း ဗမာထွန်းကြိုင်တို့၏ ပယောဂ မကင်းချေ။

ခေတ်ဟောင်းကမူ၊ ထွန်းကြိုင်အများစု သည် ဘန်ကောက် မြန်မာသံရုံးနှင့် လည်း အဝင်အထွက် အကျွမ်းတဝင် ရှိတတ်ကြသည်။ ခေတ်ပြောင်း စနစ်ပြောင်း နေပြီဆိုသည့် လက် ရှိကာလ၌ ထွန်းကြိုင်တို့ ဘန်ကောက်သံရုံး တွင် ဆက်လက် ချိတ်ဆက်ထားနိုင်ထားခြင်း ရှိမရှိ၊ စောင့်ကြည့်ရပေဦးမည်။ ထွန်းကြိုင် တို့၏အခန်းကဏ္ဍ မှေးမှိန်ပျောက်ကွယ်ရေး၊ ထိုင်းရောက် ဗမာ အလုပ်သမားများ၏ဘ၀ လုံခြုံစိတ်ချရမှုရှိရေးတို့အတွက် မြန်မာအစိုးရ အနေဖြင့် နိုင်ငံရပ်ခြားရောက် မြန်မာအလုပ် သမားများအား ကာကွယ်ပေးနိုင် သည့် အထူး ဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်နေပြီဖြစ်ကြောင်း ကော့တောင် ကျွန်း လူသတ်မှုမှ စကားပြန် ဗမာထွန်းကြိုင်တို့က မီးမောင်းထိုးပြနေလေ ပြီ။ ထိုစကားပြန် ထွန်းကြိုင် နှစ်ဦးအနက်မှ တစ်ဦးဆိုလျှင် မြန်မာသံရုံး ကိုယ်စားလှယ် မြန်မာရှေ့နေကိုပင် ထိုင်းရဲတို့ရှေ့တွင် "ခင်ဗျားဟာ ကျွန်တော် တို့ အကြောင်း မီဒီယာ တွေ၊ သတင်းဌာနတွေကို တင်နေပြောနေတဲ့ သူ ဆိုတာလား" ဟုပင် ပြောင်ပြောင်တင်းတင်း မေးခွန်းထုတ်သည်အထိ အတင့်ရဲ အားစမ်း လာကြသည်။ စွပ်စွဲခံရသူ မြန်မာလူငယ်တို့ကို ရိုက်နှက်စစ်ဆေးရာ တွင် ဗမာထွန်းကြိုင်တို့ ပါဝင်သည့် သတင်းများ ပလူပျံလျက်ရှိသည် ကို ထိုင်းရဲ တို့အားကိုးဖြင့် တစ်စုံတစ်ရာ တုံ့ပြန် လိုဟန်ရှိ၏။ အဆိုပါ ထွန်းကြိုင်တို့ သည် မြန် မာပြည်ပေါက် ရန်ကုန်သားများ ဖြစ်သည်ဟု ဆိုခြင်းမှာ မှန်ကန် ပါ၏လော။ တိကျစွာဆန်း စစ်သင့်လှသည်။

ဗမာထွန်းကြိုင်တို့ နေမဝင် သေးသ၍၊ မြန်မာအစိုးရ၏ ကူညီဖေးမမှု မရှိသရွေ့၊ ဗမာရွေ့ပြောင်း အလုပ်သမားတို့၏ ဘ၀ဒုက္ခပင်လယ်ဝေနေကြရဦးမည် သာ ဖြစ် ချေသည်။

( ၅ )

စာရှုသူအနေဖြင့် ဤနေရာသို့ ရောက် သည့်တိုင် ထွန်းကြိုင်ဟူသော စကားလုံး၏အဓိပ္ပါယ်ကို နားမရှင်းသေးဆိုငြားအံ့။

ထွန်းကြိုင် ဟူသည့် စကားလုံးကို ဗမာစကားလိမ်နည်း အတိုင်း ပြောင်းပြန် အသံထွက်ကြည့်လျှင် အဖြေပေါ်လာပါလိမ့်မည်။

မင်းဒင်

  အောက်တိုဘာ ၁၀ ရက်နေ့ထုတ်
  သည်လေဒီးစ် နယူးစ်ဂျာနယ်၊ အတွဲ ၂ အမှတ်စဉ် ၃၄


 
 

No comments:

Post a Comment