ဘာအကြောင်းအရာလဲ။
ငြိမ်းချမ်းရေးပေါ့ခင်ဗျား။
ဒီနေ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူတိုင်း ပြည်တွင်းငြိမ်းချမ်းရေးကို ရချင်တယ်။ အစိုးရကလည်း ရချင်တယ်။ လက်နက်ကိုင်တွေကလည်း ရချင်တယ်။ အစိုးရနဲ့ တပ်မတော်က ခွဲခြားလို့ မရပါဘူး။ ကျွန်တော် အစိုးရလို့ ပြောတဲ့ဆီမှာ တပ်မတော်လည်း ပါဝင်ပါတယ်။
MPC လို့ အတိုကောက် ခေါ်နေကြတဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ Community Forum on Nation Building ကို အဖိတ်ကြားခံရလို့ ကျွန်တော် သွားတက်ခဲ့တာ နှစ်ကြိမ်ရှိပါပြီ။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ Forum ပါ။ ဒီ Forum ကို တက်ခွင့် ရခဲ့တဲ့အတွက် ဒီနေ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု (Peace Processing) နဲ့ ပတ်သက်ပြီး သာမန်အဆင့်ထက် အနည်းငယ် ပိုသိခွင့် ရခဲ့ပါတယ်။ ဒီနေ့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကို အလွန်ရချင်နေပါတယ်။ ရိုးရိုးသားသား ရချင်နေတာပါ။ အဲဒီ Forum တက်ပြီး ကျွန်တော် သဘောပေါက်ခဲ့တာကတော့ ဒီနေ့ သမ္မတကြီးအနေနှင့် စည်းကမ်းဘောင် အဲ Frame အနေနဲ့ ချပေးထားတာ ယေဘုယျအားဖြင့် နှစ်ခုပဲ ရှိပါတယ်။
(၁) နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးဖို့။
(၂) ပြည်ထောင်စုမပြိုကွဲဖို့ အဲ ခွဲထွက်ကြတာမျိုး မလုပ်ဖို့။
အဲဒီနှစ်ချက်ကိုပဲ ကန့်သတ်ထားပြီး ကျန်အားလုံးကို လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့ ခွင့်ပြုထားပါတယ်။ အသေအချာ ပြန်စဉ်းစားပါ။ ဒီနေ့ သမ္မတအနေနဲ့ အဲ အစိုးရအဖွဲ့ အနေနှင့် လျှော့ပေးထားတာ ကုန်နေပါပြီ။ အဆုံးရောက်နေပါပြီ။ ဒါပေမဲ့ ဘာကြောင့် ဒီနေ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေက အပစ်အခတ်ရပ်စဲရေး အဆင့်ကိုတောင် လက်တွေ့ မရောက်နိုင်ကြသေးတာလဲ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက လူတွေ အကြောင်းကိုလည်း ကျွန်တော် အနည်းငယ် ပြာပြချင်ပါတယ်။ ၁၆.၉.၂၀၁၄ ရက်နေ့ ညမှာ UPWC နှင့် NCCT တို့ရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ဖို့ ကျွန်တော့်ကို ဖိတ်သဖြင့် ကျွန်တော် တက်ရောက်ခဲ့ရပါတယ်။ ဦးလှမောင်ရွှေက ကျွန်တော့်ကို NCCT က တိုင်းရင်းသားခေါင်းဆောင် တော်တော်များများနဲ့ မိတ်ဆက်ပေးပါတယ်။
“ဒါ ဗိုလ်ချုပ်ဂွမ်မော်ပါ”
“ဒါ စာရေးဆရာ ဦးလှဝင်း”
“ဟာ ဝမ်းသာလိုက်တာဗျာ။ ကျွန်တော့်ကို စာရေးတဲ့ပညာ သင်ပေးလို့ မရဘူးလား။ ကျွန်တော် စာရေးတဲ့အလုပ်ကို သိပ်ဝါသနာပါတယ်။ ကျွန်တော့်မှာ စုထားတဲ့ စာအုပ်တွေ ခုနစ်ထောင်ကျော် ရှိတယ်” “ဘယ်မှာ စုထားတာလဲ”
“လိုင်ဇာမှာ...။ စာကြည့်တိုက်တစ်ခု အနေနဲ့ လုပ်ထားတာ”
သူနှင့်ကျွန်တော် တော်တော်ကြာကြာ စကားပြောမိပါတယ်။ နိုင်ငံရေးအကြောင်း တစ်လုံးမှ မပါပါဘူး။ စာအကြောင်း၊ ပေအကြောင်းပါ။ သူနှင့်ကျွန်တော် စကားပြောခဲ့ပြီး ရင်ထဲ သိလိုက်တာကတော့ သူ မြန်မာစာပေကို ဝါသနာပါတယ်။ စာစုံဖတ်တယ်။ အံ့သြဖို့ မကောင်းဘူးလား ခင်ဗျာ။ နောက်တစ်ယောက်ကို ပြောပြချင်သေးတယ်။
ဦးနိုင်ဟံသာ...။
ဦးလှမောင်ရွှေကပဲ မိတ်ဆက်ပေးတာပါ။
“ကျွန်တော် ဦးနိုင်ဟံသာကို သိပ်တွေ့ချင်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း မွန်ပါပဲ။ ကျွန်တော့်မိခင်ရဲ့သွေးက တစ်ရာရာခိုင်နှုန်း မွန်ပါ။ ကျွန်တော့်ဖခင်ကတော့ ဘာလို့ပြောရမှန်း မသိဘူး။ သွေးစုံရောနေတဲ့ တိုင်းရင်းသားပါ။ မြန်မာလို့တော့ အမည်ခံထားပါတယ်။
“ဆရာကရော..”
“မြန်မာလို့ပဲ အမည်ခံထားပါတယ်။ ဒါပေမဲ့ သွေးကတော့ မွန်ပါ။ ဘီလူးကျွန်းက ကွမ်သဲရွာက ကျွန်တော့်ဇာတိပါ။ ကျွန်တော့်အမေ ရွာပါ။ အဲဒီရွာမှာပဲ ကျွန်တော့်ကို မွေးပါတယ်။”
“ကျွန်တော်က ဇင်းကျိုက်ကပါ။ ဇင်းကျိုက်သားပါ”
ဇင်းကျိုက်ဆိုတဲ့မြို့က ဒီနေ့တော့ မသိပါဘူး။ ကျွန်တော် ငယ်စဉ်ကတော့ ရွာသာသာ မြို့ငယ်လေး။ ဘီလူးကျွန်းရဲ့ မြောက်ဘက် ... အဲ ... ရန်ကုန်-မော်လမြိုင် မီးရထားလမ်းဘေးမှာ ရှိတဲ့မြို့။ ဒီမြို့ရဲ့ ထူးခြားချက်ကတော့ ရေတံခွန်ကြီးပါ။ ဒီမြို့ဘေးက မီးရထား ဖြတ်သွားရင် ဒီရေတံခွန်ကြီးပါ။ ဒီမြို့ဘေးက မီးရထား ဖြတ်သွားရင် ဒီရေတံခွန်ကြီးကို အမြဲလှမ်းမြင်နေရပါတယ်။
“ဦးနိုင်ဟံသာတို့ မြို့က ရေတံခွန်ကြီးကို ကျွန်တော် သိပ်သဘောကျတယ်။ သိပ်လှတဲ့ ရေတံခွန်ကြီး ဒီနေ့ရော ရှိသေးလား” “ရှိတော့ ရှိတယ်။ ဆရာ ငယ်ငယ်က မြင်ခဲ့ဖူးတဲ့ ရေတံခွန်ကြီးမျိုးတော့ မဟုတ်တော့ဘူး။ ပတ်ဝန်းကျင် အနေအထားတွေက ပြောင်းကုန်တော့ ရေတံခွန်က အရင်ကလို ရေတွေ ဖျာဆင်းနေတဲ့ ရေတံခွန် မဟုတ်တော့ဘူး”
သူနှင့် အတူပါလာတဲ့ သူ့အဖွဲ့ဝင်တွေနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ဝမ်းသာစရာ ဖြစ်ခဲ့ရတာက သူတို့အားလုံးက ကျွန်တော့် စာဖတ်ပရိသတ်တွေ၊ ကျွန်တော့်ကို စာပေအရ ရင်းနှီးနေကြသူတွေ...။ သူတို့အဖွဲ့နှင့်လည်း ကျွန်တော်တို့ မွန်ဒေသအကြောင်းကို နာရီဝက်လောက် စကားပြောခဲ့မိပါတယ်။
အံ့စရာပါပဲ။
ဗိုလ်ချုပ်ဂွမ်မော်လိုပါပဲ။ သူတို့အားလုံးကလည်း မြန်မာစာကို ချစ်မြတ်နိုးပြီး စာဖတ်အားကောင်းတဲ့ လူတွေပါ။
စာရှုသူ ...။
ကျွန်တော်ကိုယ်တိုင် မြင်ခွင့်၊ တွေ့ခွင့် စကားပြောခွင့် ရခဲ့တဲ့အတွက် ဒီမှတ်ချက်ကို ကျွန်တော် ချရဲတာပါ။ သူတို့အားလုံးက လက်နက်ကိုင်ခဲ့သူတွေ ဆိုပေမယ့် လူကြမ်းစိတ်ကြမ်းတွေ မဟုတ်ပါဘူး။ သာမန် ဒီနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်တွေ့ပေါင်းသင်း ဆက်ဆံနေကြရတဲ့ သာမန်လူတွေပါပဲ။ ခေါင်းမာကြပုံလည်း မရပါဘူး။
ကဲ ... ဒါဖြင့် ဘာကြောင့် အပစ်အခတ်ရပ်စဲရေး အဆင့် စာချုပ်ကိုတောင် မချုပ်ဆိုနိုင်ကြသေးတာလဲ။ အသံအမျိုးမျိုး ဒီနေ့ ထွက်နေပါတယ်။ အယူအဆအမျိုးမျိုး ဒီနေ့ ပေါ်နေပါတယ်။
“တပ်မတော်က ဝင်ကန့်လန့် လုပ်ကိုင်တာတဲ့ ...”
“ဖက်ဒရယ်တပ်မတော် ဆိုတာကြောင့်တဲ့ ...”
ဒါက ဒီနေ့ ကမ္ဘာ့သတင်းဌာနတွေမှာ ပျံ့လွင့်နေတဲ့ သတင်းပါ။
ကျွန်တော် လက်မခံပါဘူး။
လုံးဝ လက်မခံပါဘူး။
ပထမဆုံးတစ်ခု သက်သေထူပြချင်ပါတယ်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေ ဒီနေ့ ကမ္ဘာမှာ အများကြီး ရှိကြပါတယ်။ ဖက်ဒရယ်စနစ်ကြောင့် ပြည်ထောင်စု ပြိုကွဲရမယ်ဆိုရင် ဒီဖက်ဒရယ်နိုင်ငံတွေ၊ ပြည်ထောင်စုတွေ ဘာကြောင့် ဒီနေ့ မပြိုကွဲကုန်ကြတာလဲ။ တပ်မတော်လည်း ဒီအတိုင်းပါပဲ။
ဖက်ဒရယ်တပ်မတော်ကို တည်ထောင်လိုက်တဲ့အတွက် ဒီနေ့ တပ်မတော်က အားပျော့တဲ့ တပ်မတော် မဖြစ်သွားနိုင်ပါဘူး။ ပိုပြီးခိုင်မာတဲ့၊ ပိုပြီးကျယ်ပြောတဲ့၊ ပိုပြီး အနှစ်သာရရှိတဲ့ တပ်မတော်ပဲ ဖြစ်လာမှာပါ။ ကျွန်တော်ဟာ စစ်သားဘဝက စာရေးဆရာ ဖြစ်လာသူပါ။ စစ်တပ်ထဲမှာ လူလားမြောက်ခဲ့သူပါ။ ဒီနေ့ ကျွန်တော့်အသက် ၇၅ နှစ်အတွင်း ရောက်နေပါပြီ။ တပ်မတော်ရဲ့ ဦးစီးချုပ် အမျိုးမျိုးကို တွေ့ခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးနိုင်ဟံသာတို့နဲ့ ကာလတစ်ခု ရင်းနှီးခဲ့ဖူးသလို ဒီနေ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း ထိတွေ့မှု ရှိခဲ့ဖူးပါတယ်။
ဒီပုဂ္ဂိုလ်ကလည်း လူကောင်း လူတော်ပါပဲ။ မိမိရဲ့ အသက် ၇၅ နှစ်ဆိုတဲ့ သက်တမ်းမှာ မြင်တွေ့ဖူးတဲ့ ကာကွယ်ရေးဦးစီးချုပ်တွေ အထဲမှာ သူ့ကို ကျွန်တော် သဘောအကျဆုံးပါ။
ဘာကြောင့်လဲ။
ဒီနေ့အထိ သူ အာဏာပြတာ ... ပြည်သူကို ဖိနှိပ်တာ ... စော်ကားတာ ဘာမှ မရှိသေးပါဘူး။ နိုင်ငံရဲ့ အမြင့်ဆုံး တာဝန်အထိ တက်ရောက် ထမ်းဆောင်နိုင်တဲ့ စွမ်းရည်ရှိသူပါ။ နယ်မှာ မနေတဲ့အတွက် နယ်အခြေအနေကို ကျွန်တော် မသိပါဘူး။ ရန်ကုန်မြို့ပေါ်မှာ ကြည့်ပါ။ စာရှုသူ ...။
ဒီနေ့ ရန်ကုန်မြို့ပေါ်မှာ ယခင်ခေတ်တွေကလို ဟိတ်ကြီးဟန်ကြီးတွေနှင့် သွားလာနေကြတဲ့ စစ်ဗိုလ်စစ်သား နေ့စဉ် သင်ဘယ်နှယောက် တွေ့ဖူးပါသလဲ။ လုံးဝ မရှိသလောက်ကို ရှားပါးနေကြတယ် မဟုတ်လား။ နောက် ... ဒီနေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘယ်မှာရှိသလဲ။ ဒီစစ်ဌာနချုပ် တည်ရှိနေတဲ့ နေရာကိုတောင် ရန်ကုန်နေသူ ဆယ်ယောက်မှာ တစ်ယောက် သိလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အဲဒါဟာ ဒီနေ့ ကာကွယ်ရေးဦးစီးချုပ် လုပ်တဲ့ လူရဲ့ အရည်အသွေးကို ပြနေတာပါပဲ။ သူ့လူတွေကို သူနိုင်တယ်။ ပြည်သူတွေအထဲမှာ ဝင်မရှုပ်အောင် ထိန်းထားတယ်။ ပြန်စဉ်းစားကြည့်ပါ။
ယခင် ဦးစီးချုပ်တွေခေတ်က နေရာတိုင်းမှာ သူတို့တွေချည်းပဲ မဟုတ်လား။ လူဆိုတာ သြဇာအာဏာ ရှိလာပြီဆိုရင် မိမိရှိတဲ့ သြဇာအာဏာကို ပြချင်ကြတဲ့ လူတွေချည်းပါပဲ။ ဒီနေ့ ဦးစီးချုပ်မှာ ဒီအရည်သွေးနှင့် ပြည့်စုံနေပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်အားကိုးတယ်။ ဒီလိုပုဂ္ဂိုလ်မျိုး တပ်မတော်ကို ဦးဆောင်နေတဲ့အချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေ ရနိုင်ဖို့ အခွင့်အလမ်း အများဆုံးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် သူ့ကို ဒီနေ့ သူပါဝင်နေတဲ့ အဆင့်ထက် တိုးမြှင့်ပြီး ပါဝင်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
နောက် ... လွှတ်တော်..။
လွှတ်တော်ဆိုတာက ပြည်သူ့ကိုယ်စားလှယ်တွေ စုဝေးတဲ့ နေရာ နိုင်ငံရေးပါတီ အားလုံး ဆုံစည်းကြတဲ့နေရာ။ ဒါကြောင့် လွှတ်တော်ရဲ့ အသံက ပြည်သူ့အသံ၊ နိုင်ငံရေးပါတီ အားလုံးရဲ့ အသံ။ ဒီနေ့ လွှတ်တော်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ကြိုးစားဆောင်ရွက်နေမှုတွေ အပေါ်မှာ ဘာမှ နှောင့်နှေးအောင် ကန့်လန့်လုပ်နေတာမျိုး မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေး အဆင့်ကို ကျော်ဖြတ်ပြီးမှ သူတို့ပါဝင်ရမယ့် အခန်းက ရောက်ရှိလာမှာ မဟုတ်လား။ ဒါကြောင့်မို့ လွှတ်တော်ကလည်း သတိကြီးစွာနဲ့ စောင့်ကြည့်နေပုံ ရပါတယ်။ မှန်ပါတယ်။
တင်ပြခဲ့ပြီး ဖြစ်သလို နိုင်ငံရဲ့ အဓိက အင်စတီကျူးရှင်း အကုန်လုံးက ပြည်တွင်းငြိမ်းချမ်းရေးကို ရချင်တယ်။ ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ် ရေးထိုးစေချင်ကြတယ်။ ဘာကြောင့် ဒီနေ့ နှေးကွေးနေတာလဲ။ ကျွန်တော့်အမြင်ကတော့ သံသယနှင့် အစိုးရိမ်ကြီးမှုတွေကြောင့်လို့ မြင်ပါတယ်။ ဒီလို ဖြစ်နေတာတွေကိုလည်း အပြစ်တင်လို့ မရပါဘူး။ စစ်ဆိုတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေက နှစ်ပေါင်းခြောက်ဆယ်ကျော် ရှိထားခဲ့ပြီး မဟုတ်လား။ သူ့ဘက်သေ ...။ ကိုယ့်ဘက်သေ ...။ ဒါပေမဲ့ ဒီနှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်းမှာ တိုင်းနှင့် ပြည်နယ်တွေမှာ လူတွေရဲ့ ပြန့်နှံနေထိုင်မှု အခြေအနေတွေကလည်း ပြောင်းကုန်ပါပြီ။
ပြည်နယ်အများစုမှာ အမည်ခံထားတဲ့ လူမျိုးနွယ်စုရဲ့ ဦးရေက လူနည်းစု ဖြစ်နေပါပြီ။ ဥပမာ ... ကရင်ပြည်နယ်ရဲ့ လူဦးရေမှာက ကရင်မျိုးနွယ်စုရဲ့ ဦးရေက ၂၀ ရာခိုင်နှုန်းထက် ပိုနည်းနိုင်ပါတယ်။ ရှမ်းပြည်နယ်မှာလည်း ဒီအတိုင်းပါပဲ။ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေထိုင်ကြ အိမ်ထောင်ပြုကြပြီး လူမျိုးစုတွေက ရောနှောကုန်တာပေါ့ ခင်ဗျား။
တကယ်တော့ သမိုင်းအရ အမည်ခံခဲ့တဲ့ မြန်မာစစ်စစ် ဆိုတာလည်း မရှိသလောက် ဖြစ်နေပါပြီ။ ကျွန်တော်ကဲ့သို့ မြန်မာ မစစ်၊ မွန် မစစ် ဖြစ်နေတဲ့ သွေးရောနေတဲ့ လူတွေဘဲ များပါတယ်။ တကယ်တော့ ဒီသွေးရောနေတဲ့ လူအားလုံးဟာ ဒီနေ့ မြန်မာကြီးတွေပါ။ ကျွန်တော်တက်ခွင့်ရတဲ့ Forum တစ်ခုမှာ ဝန်ကြီးဦးအောင်မင်းက ကျွန်တော့်ကို ပြောပါတယ်။
“အစ်ကိုကြီး ... တကယ်တော့ တစ်ချိန်က လူမျိုးကြီးက လူမျိုးငယ်ကို အနိုင်ကျင့်တယ်။ လူမျိုးငယ်က မခံနိုင်တော့ လက်နက်ကိုင်တယ်။ ပြန်ခုခံတယ်။ ပြန်ချတယ်။ လက်နက်ကိုင် ဆူပူသောင်းကျန်းမှုတွေ ဖြစ်လာတယ်။ အဲ ... နောက် ဘာဖြစ်လာပြန်လဲဆိုတော့ လက်နက်ကိုင်တဲ့လူ၊ လက်နက်ရှိတဲ့လူက လက်နက်မဲ့တဲ့လူကို အနိုင်ကျင့်ပြန်တယ်။ ဗိုလ်ကျပြန်တယ်။ ဆက်ကြေးကောက်ပြန်တယ်။ အခွန်ကောက်ပြန်တယ်။ ကမ္ဘာ့ပြည်တွင်းဆူပူမှုတွေ အကုန်လုံးက ဒီလိုဖြစ်လာခဲ့ကြတာဘဲ”
သူပြောတဲ့ စကားက ရိုးရိုးလေး ဖြစ်ပေမယ့် အမှန်တရား ခင်ဗျား။ မှန်ပါတယ်။ အားကြီးသူက အားငယ်သူကို ညှာရပါမယ်။ အားငယ်သူက အားကြီးသူရဲ့ ဒုက္ခတွေကို နားလည်ရပါမယ်။
ဦးလှဝင်း (လေသူရဲတစ်ဦး)
၁၀-၂-၂၀၁၄
Credit - The Voice
![]() |
No comments:
Post a Comment