Sunday, October 12, 2014

သမိုင်းဥယျာဉ်ထဲမှ အညတရဥယျာဉ်မှူးး (ဆောင်းပါး)

(ဆောင်းပါးရှင် - မောင်တင်ဦး(မြောင်းမြ))
သမိုင်းဥယျာဉ်

သမိုင်းဟာ အဆုံးအစမဲ့ ဥယျာဉ်တစ်ခုပါပဲ။ ရှေးနှစ်သန်းပေါင်း များစွာကတည်းက ဖြစ်တည်လာတဲ့ သမိုင်းဖြစ်ရပ်တွေဟာ အဆုံးမဲ့နေဆဲပါ။ သမိုင်းရဲ့ မနက်ဖြန်ပေါင်းများစွာဟာ ရေးထိုးပေးရဦးမယ့် ဖြစ်ရပ်တွေပါ။ အနိဋ္ဌာရုံတွေ ဒုနဲ့ဒေးဟာ သမိုင်းဥယျာဉ်ထဲက ရေပုတ်အိုင်လို ဖယ်ထုတ်လို့ မရပါဘူး။ ဣဋ္ဌာရုံ ရှုချင်စဖွယ် ဖြစ်ရပ်တွေဟာလည်း သမိုင်းဥယျာဉ်ထဲက နှင်းဆီ၊ သော်က၊ စံပယ်၊ ကြက်ရုန်း၊ ဂမုန်း၊ ခတ္တာလိုပါပဲ။ ဖြစ်ရပ်ဆိုးတွေနဲ့ သမိုင်းတွင်ခဲ့တဲ့ ဟစ်တလာ၊ မူဆိုလိုနီတို့လို ပုဂ္ဂိုလ်တွေဟာ သမိုင်းထဲမှာ စွဲထင်ဆဲပါ။ ဖြစ်ရပ်ဆိုးတွေနဲ့ သမိုင်းတွင်ခဲ့တဲ့ အီဘရာဟင်လင်ကွန်း၊ ဂျော့ခ်ျဝါရှင်တန်၊ ဂျဝါဟာနေရူး၊ မဟတ္တမဂန္ဒီ၊ ရာဘင် ဒြာနတ်တဂိုး၊ ဟဲမင်းဝေး၊ ဂျော့ဘားနတ်ရှော့၊ ဗိုလ်ချုပ်အောင်ဆန်း စတဲ့ပုဂ္ဂိုလ် သူတော်ကောင်းတွေလည်း
သမိုင်းဥယျာဉ်ထဲမှာ ခရေပန်းလို ထုံးမွမ်းမွေးပျံ့စေပါ။ စင်စစ် သမိုင်းဥယျာဉ်ဟာ ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များကိုသာ ရှင်သန်ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး။ မြေကပ်ပန်း၊ မြက်ရိုင်းလို မထင်မရှား ၀င်ရောက်လာပြီး မထင်မရှား ပြန်ထွက်သွားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ရှင်သန်ခွင့်ပြုခဲ့တာပါ။ သမိုင်းဟာ မျက်နှာမလိုက်ပါဘူး။ သမိုင်းဥယျာဉ်ဟာ ဥယျာဉ်မှူးပီသစွာ ပန်းတိုင်းပွင့်ခွင့် ပြုခဲ့သလို၊ အပင်တိုင်း ရှင်သန်ခွင့်ပြုခဲ့တာပါ။
သမိုင်းဥယျာဉ်ကို ပေါင်းသင်ပေးသူ
ဥယျာဉ်တစ်ခုမှာ ဥယျာဉ်ရဲ့အလှကို ရုပ်ဆိုးစေတဲ့ အမှိုက်သရိုက်၊ ပေါင်းပင်၊ မြက်ပင်တို့ကလည်း ရှိနေသေးတာပဲ။ အုတ်ကြားမြက်ပေါက်တွေကြောင့် အုတ်ခုံ၊ ထိုင်ခုံတွေ ပျက်စီး၊ အပင်ငယ်တွေ သေဆုံးရပါတယ်။ ဥယျာဉ်မှူးကတော့ သမိုင်းဥယျာဉ် သန့်ရှင်းစေချင်တဲ့ စေတနာနဲ့ ပန်းကောင်းတွေ အညွန့်မကျိုးရအောင် နိုင်သရွေ့ တာဝန်ကျေခဲ့ပါတယ်။ မကောင်းတဲ့ သန္ဓေပါတဲ့ပန်းတွေ နုတ်ပစ်ခဲ့သလို ဥယျာဉ်အလှကို ကြွယ်ဝစေမယ့် ပန်းကောင်းတွေကိုတော့ ရေလောင်းပေါင်းသင်၊ နေရောင်မှ ကာတန်တာကာ၊ မိုးပြင်းမှ ကာတန်တာ ကာပေးခဲ့ပါတယ်။
အထူးသဖြင့် မြန်မာ့သမိုင်းထဲမှ အရိုင်းများ၊ အယဉ်များကို နောင်လာနောက်သားတွေ သိနိုင်၊ နားလည်နိုင်စေဖို့ စဉ်ဆက်မပြတ် ရေးသားပေးခဲ့တဲ့ ဥယျာဉ်မှူးက (သူ့ကိုယ်သူ ဥယျာဉ်မှူးဖြစ်ခဲ့မှန်း သိချင်မှသိမှာပါ) ဆရာတင်နိုင်တိုးပါ။
စာရေးဆရာဆိုတာ ၀မ်းစာ၊ ကုန်ကြမ်းပြည့်ဝမှ စာတစ်စောင် ဖွဲ့လို့ရတာပါ။ ရသ စာရေးဆရာတစ်ဦးက ဒီလို ဥပမာပေးပါတယ်။ ကိုးလလွယ်ပြီး ဆယ်လပြည့်ဝမှ မွေးဖွားရသလို ၀တ္ထုတစ်ပုဒ်ဟာလည်း ရင်ထဲကိန်းအောင်းထားရပြီး အဆုံးသတ်ရေးပြီးတော့မှ ရင်ထဲပေါ့သွားတာလို့ တင်စားပြောဆိုတာ ကြားနာဖူးပါတယ်။ ဆောင်းပါးတစ်စောင် အောင်အောင်မြင်မြင် ရေးဖွဲ့နိုင်ဖို့ကလည်း data ခိုင်လုံမှု၊ source မှန်ကန်မှုဟာ အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့လည်း ဆရာတင်နိုင်တိုးရဲ့ သမိုင်းမှတ်တမ်းစာအုပ်တွေ၊ မှတ်တမ်းတွေ ဖတ်မိရာမှ ဆောင်းပါးတော်တော်များများ ရေးဖွဲ့ဖြစ်ပါတယ်။ ဆရာတင်နိုင်တိုး ပျိုးထောင်ထားတဲ့ ဥယျာဉ်ထဲကို ၀င်ရောက်လည်ပတ်မိရာမှ ပါလာတဲ့စာများလည်း ရှိနေပါတယ်။
သမိုင်းဥယျာဉ်ဟာ အချိန်ကာလအလိုက်၊ ဒေသအလိုက်၊ ဖြစ်ရပ်အလိုက်၊ လူသားများရဲ့ ဆန္ဒများအလိုက် ဥယျာဉ်ငယ်များ ဖြစ်ထွန်းနေတာပါ။ သမိုင်းဥယျာဉ်ကြီး တစ်ခုလုံးကို ဘယ်လူသားတစ်ဦး တစ်ယောက်ကမှ လက်လှမ်းမီကြတာ မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ လူ့သက်တမ်းက ရှစ်ဆယ် [ဆရာတင်နိုင်တိုးရဲ့သက်တမ်းက (၅၁)နှစ်ပါ] သာ ရှိကြတာပါ။ အဲဒီ သက်တမ်းရှစ်ဆယ်အတွင်း လူစဉ်မီမီ လူမှန်းသိတတ်လာတာက နှစ်နှစ်ဆယ်မှ စတာဖြစ်လေတော့ လူလူသူသူ တွေးတတ်ခေါ်တတ်တဲ့ သက်တမ်းက ခြောက်ဆယ်မျှ ရှိပါတယ်။ ဒီမျှသာရှိတဲ့ သက်တမ်းတစ်ခုအတွင်းမှာ လူတွေဟာ ကိုယ့်သမိုင်းကိုယ်ရေးတယ်လို့ ပြောကြတာ မကြာခဏ ကြားဖူးပါတယ်။ ဘယ်လိုသမိုင်းတွေ ရေးနေလဲတော့ မသိရှိရပါ။
ဒါပေမဲ့ ဆရာတင်နိုင်တိုးက သူ့သမိုင်းသူရေးဖို့ထက် အများပြည်သူသမိုင်း ရေးခဲ့သူ ဖြစ်တယ်ဆိုတာ သူ့သက်တမ်း တိုတိုလေးအတွင်း မျက်ဝါးထင်ထင် မြင်ခဲ့ကြရပါတယ်။ ၁၉၆၃ ခုနှစ်မှာ မွေးဖွားသူ လူတစ်ယောက်အနေနဲ့ သမိုင်းကို ဂရုစိုက်တတ်ခြင်း၊ မှတ်တမ်းတင်နိုင်ခြင်း၊ မျှဝေပေးနိုင်ခြင်း (Sharing and Publishing) စတဲ့ လုပ်ငန်းတွေဟာ ဆူးကြားမှာပေါက်ရတဲ့ ဘူးခါးလို ဖြစ်နေပါတယ်။ သုတေသန လုပ်ငန်းအပေါ် ဂရုမစိုက်တဲ့ ပတ်ဝန်းကျင်၊ သုတေသနပြုလုပ်ခြင်းကို အားမပေးတဲ့ အခြေအနေကြားမှာ ဆရာက သမိုင်းသုတေသနလုပ်ငန်းကို အဆက်မပြတ် လုပ်ကိုင်ရေးသားခဲ့ပါတယ်။ စာရေးလို့ အဆင်မပြေတဲ့ကာလမှာ အင်ဂျင်နီယာ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေထိုင်နိုင်ပါလျက် ၁၉၉၄ ခုနှစ်ကစပြီး ၀ါသနာပါရာ မြန်မာ့သမိုင်း သုတေသနလုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ကိုင်လာပါတယ်။ ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ စာမူမှာ ဗန်းမော်ခရိုင် မဂ္ဂဇင်း(၁၉၉၈) “ကိုတိုးတိုး” (စီမံကိန်းအမည်ဖြင့် ရေးသားသည့် “ကုန်းဘောင်ခေတ် ဗန်းမော်မြို့ဝန်” ဆောင်းပါးဖြစ်ပါတယ်။ ထို့နောက် မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်များ ထုတ်ဝေခဲ့ပါတယ်။ သမိုင်းဘာသာရပ်ဆိုင်ရာ ယနေ့ခေတ်လူငယ်များ မသိ၊ မမီလိုက်သော ပကတိဖြစ်ရပ်များကို ရှေးအစဉ်အဆက် သတင်းစာများကို မှီငြမ်းပြီး ပြန်လည်စုစည်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။
သမိုင်းက ရှင်သန်ဆဲ
ဘာပဲဖြစ်ဖြစ် ဆရာတင်နိုင်တိုး (သမိုင်းဥယျာဉ်မှူး)တစ်ယောက် အနိစ္စတရားသဘောကို မလွန်ဆန်သာခဲ့လို့ ကွယ်လွန်ခဲ့ပေမယ့် သမိုင်းဥယျာဉ်က ရှင်သန်ဆဲပါ။ ကမ္ဘာတည်သရွေ့ ရှင်သန်နေဦးမှာပါ။ ရှင်သန်နေမယ့် သမိုင်းဥယျာဉ်ကြီးကို ပန်းမျိုးစုံ ဝေဆာလှပဖို့၊ ပန်းကောင်းတွေ အညွန့်မကျိုးဖို့၊ ပေါင်းမြက်သုတ်သင်ပေးမယ့် ဥယျာဉ်မှူးများကို သမိုင်းဥယျာဉ်က မျှော်လင့်လျက်ပါ။ သတိပြုရမယ့် အချက်တစ်ခုတော့ ရှိနေပါတယ်။ ဥယျာဉ်မှူးယောင်ဆောင်ထားပြီး သမိုင်းကို ပုံပျက်ပန်းပျက်ဖြစ်စေမယ့် ပုဂ္ဂိုလ်မျိုးကိုတော့ သမိုင်းဥယျာဉ်က သတိကြီးကြီးထားပြီး ရှောင်ရှားရပါမယ်။ ပန်းသတင်း လေညင်းဆောင်ပြီး ကောင်းသတင်း ဝေဆာနေရမယ်။ သမိုင်းဥယျာဉ်ကြီးကို လေပုပ်လေဆိုးတွေ လွှင့်ထုတ်ပြီး သမိုင်းဥယျာဉ်ရဲ့ ကောင်းမြတ်မှု၊ ဥယျာဉ်ထဲမှ ပန်းများကို ညှိုးနွမ်းအောင် ကြံစည်မှု၊ ပန်းကောင်းတွေ အညွန့်ချိုးခြင်း၊ ဖူးသစ်စ အဖူးအပွင့်တို့ကို ခြွေချခြင်းလုပ်မဲ့ ဥယျာဉ်မှူးအယောင်ဆောင်ထားတဲ့ သမိုင်းဖျက်မယ့် အရိုင်းပုဂ္ဂိုလ်များကို စောင့်ကြည့်ဖယ်ရှားကြဖို့ သတိပေးလိုက်ပါတယ်။
ဆရာတင်နိုင်တိုးနဲ့ ကျွန်တော် Eleven staff party မှာ တွေ့ကြစဉ်က သူကခုလို အမူအရာအတိုင်း အေးအေးလူလူ ပြုံးပြရင်း “ဆရာ့ဆောင်းပါးတွေကို စောင့်ဖတ်ပြီး မိတ္တူ ကူးသိမ်းနေတဲ့လူ ရှိတယ်နော်” “ဟုတ်လားဆရာ၊ ဒါနဲ့ သူကဘယ်သူလဲ ဆရာ” “နောက်ကြုံရင် မိတ်ဆက်ပေးမှာပေါ့ ဆရာရဲ့”
အဲဒါက ဆရာတင်နိုင်တိုးရဲ့ နောက်ဆုံးပြောခဲ့တဲ့စကား ဖြစ်ပါတယ်။ ကျွန်တော့် ဆောင်းပါးတွေကို မိတ္တူကူးပြီးသိမ်းထားတာ ဘယ်သူလဲလို့ သိချင်လိုက်တာ ဆရာရယ်။ ဒါပေမဲ့ သူက မဖြေနိုင်တော့ပါဘူး။
နောက်ဆုံး သတိပြုလိုက်မိတာကတော့ ကျွန်တော်တို့ အားကိုးနေရတဲ့ သမိုင်းဥယျာဉ်မှူး သူ့ကိုယ်သူမကယ်နိုင်ဘဲ ကျွန်တော်တို့အတွက်ပါ အားကိုးရာမဲ့သွားပါလား ဆိုတာပါပဲ။ ခုတော့ Daily စာမျက်နှာပေါ်မှာ Weekly စာမျက်နှာပေါ်မှာ “တင်နိုင်တိုး” ဆိုတဲ့ ကလောင်ကို ပြန်လည်အမှတ်ရစေဖို့ တစ်လပြည့်အမှတ်တရ ဂုဏ်ပြုရေးသားပါကြောင်း။

Credit - Eleven Media Group

No comments:

Post a Comment