Sunday, October 12, 2014

တည့်မွန်းနေခြည် (ဆောင်းပါး)

(ဆောင်းပါးရှင် - နီမင်းဆွေ)

“ဘယ်သူ့ကိုမှ တောင်းပန်ခယနေစရာမလိုဘဲ ကိုယ့် ကိုယ်ကိုယ်အားကိုးပြီး ဘဝ တစ်ခုကို ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလိုရပ်တည်နိုင်ဖို့က လူတစ်ယောက်အနေနဲ့ ကျားကုတ်ကျားခဲ ရုန်းကန်ရတဲ့အပြင် တစ်ခါတစ်ရံမှာလည်း အသက်သေကာမှ သေရောဆိုပြီး စွန့်စားရတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုမှမလုပ်ရင်တော့ အဲဒီလိုဘဝမျိုးကို ဘယ်လိုမှပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို ရုန်းကန်ရတဲ့အချိန်မျိုးရောက်ပြီဆိုရင် ကိုယ့်ဘက်မှာ ဘယ်သူမှရှိမနေကြဘူးဆိုတာ သိလာရလိမ့်မယ်။ အဲဒီအခါမှာ အကြောက်တရားဟာလည်း ရင်ထဲကိုအလိုလို ဝင်ရောက်လာလိမ့်မယ်။ အဲဒီအချိန်မှာ ရှောင်ပြေးဖို့ လက်လျှော့ဖို့ လုံးဝမစဉ်းစားဘဲ အန္တရာယ်ကို ရဲရဲဝံ့ဝံ့သာ ရင်ဆိုင်လိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ကြိမ်အန္တရာယ်ကို ကျော်လွှားနိုင်ပြီဆိုရင် ကိုယ့်ဘဝကိုကိုယ် အမှန်တကယ်ပိုင်ဆိုင်နိုင်မယ့် အခြေအနေမျိုးကို သေချာပေါက်ရောက်လာမှာမို့ပါပဲ”ဆိုတဲ့ စကားမျိုးကို ခုပြောပြမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ ဘယ်ဇာတ်ဆောင်ကမှ မပြောခဲ့ပါဘူး။ အလားတူပဲ တခြားရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ဇာတ်ကောင်တွေက အဲဒီလို စကားမျိုးတွေအတိုင်း ပြောနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင်ပြီးသွားတဲ့အခါမှာတော့ ပရိသတ်ကြီးရဲ့ရင်ထဲမှာ အဲဒီလိုခံစားပြီး ကျန်နေခဲ့စေမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားကတော့ ၁၉၅၂ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားရဲ့နာမည်ကတော့ “တည့်မွန်းနေခြည်” (High Noon) ဖြစ်ပြီး အမေရိကန်ရုပ်ရှင်လုပ်ငန်း (American Film Institute) ရဲ့အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ရာထဲမှာ နံပါတ် ၂၇ မှာချိတ်တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
အဲဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ ဒီလိုပါ။ အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နည်မှာရှိတဲ့ “ဟာလေဗင်”ဆိုတဲ့မြို့လေးမှာ “ဝင်လ်ကိန်း” (Gary Cooper) ဆိုသူဟာ ကာလတာရှည်စွာ မြို့ရဲ့ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အခုတော့ သူဟာ အကြမ်းဖက်မှုနဲ့ စစ်ကိုပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ခရစ်ယာန်ဘာသာဂိုဏ်းဝင် “အေမီဖောင်လာ” (Grace Kelly)နဲ့ လက်ထပ်ခဲ့တဲ့အတွက် ရဲအရာရှိအမှတ်တံဆိပ်ကို ရင်ဘတ်ကနေဖြုတ်ပြီး မြို့ကိုပြန်အပ်လိုက်ပါတယ်။ ရာထူးက အနားယူပြီးတဲ့အခါ တခြားမြို့တစ်မြို့ကိုသွားပြီး စတိုးဆိုင်ဖွင့်ဖို့လည်း ရည်ရွယ်ထားပါတယ်။ အဲဒီအချိန်မှာပဲ အဲဒီမြို့လေးကို “ဖရင့်မင်းလား”ဆိုတဲ့ နာမည်ကျော်လူဆိုးကြီးဟာ မွန်းတည့် ၁၂ နာရီရထားနဲ့ ပြန်လာတော့မယ်ဆိုတဲ့ သတင်းကို မြို့သူမြို့သားတွေ ရလိုက်ကြပါတယ်။ မင်းလားဟာ အဲဒီမြို့လေးက ရာဇဝတ်ကောင်ဖြစ်ပြီး ကြီးမားတဲ့ ရာဇဝတ်ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တဲ့အတွက် ကိန်းက ဖမ်းဆီးပေးခဲ့ပြီး သူဟာ အဲဒီမြို့လေးမှာရှိတဲ့ တရားသူကြီးရဲ့ သေဒဏ်ချမှတ်တာကို ခံခဲ့ရသူဖြစ်ပါတယ်။ နောက် သူ့ကို ပြည်နယ်အကျဉ်းထောင်ကို စေလွှတ်ပေးခဲ့ပါတယ်။ အခုကျမှ မင်းလားဟာ တရားဥပဒေကို ဘယ်လိုလက်တစ်လုံးခြားလုပ်ပြီး ရှောင်ကွင်းလွတ်လာခဲ့သလဲဆိုတာ မြို့ကလူတွေ မသိကြပါဘူး။ အမှုက လွတ်လွတ်ချင်း သူ့ကို သေဒဏ်အမိန့်ကျအောင် ဆောင်ကြဉ်းခဲ့တဲ့လူတွေကို လက်စားချေမယ်လို့လည်း ပြည်နယ်တရားရုံးမှာ မင်းလားက ကြုံးဝါးခဲ့ပါသေးတယ်။ မင်းလားရဲ့အဖွဲ့ထဲမှာ ဂိုဏ်းသားသုံးယောက်ရှိပြီး အဲဒီသုံးယောက်ကလည်း မြို့လေးကို မွန်းတည့် ၁၂ နာရီတိတိ မှာ ဆိုက်ရောက်လာမယ့် မီးရထားနဲ့အတူပါလာမယ့် မင်းလားကို ဘူတာလေးထဲကနေ ဝမ်းပန်းတသာနဲ့ စောင့်ကြိုနေကြပါတယ်။
ကိန်းနဲ့အေမီတို့ဟာ မြင်းလှည်းနဲ့ အထုပ်အပိုးတွေကိုတင်ပြီး အဲဒီမြို့လေးကနေ ထွက်ခွာသွားကြပါတယ်။ ဒါပေမဲ့ မြင်းလှည်းမောင်းနေတဲ့ ကိန်းရဲ့ရင်ထဲမှာ အချက်နှစ်ချက်ကို တွေးမိတဲ့အတွက် စိတ်မဖြောင့်ပါဘူး။ ပထမအချက်ကတော့ သူတို့နှစ်ယောက် ဘယ်ကိုသွားသွား မင်းလားက နောက်ကလိုက်လာပြီး သူ့ကိုသတ်မှာမို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကိန်းမရှိတဲ့နောက် မင်းလားဟာ မြို့လူထုကို အကြီးအကျယ် အနိုင်ကျင့်တော့မှာမို့ပါပဲ။ ဒါနဲ့ပဲကိန်းဟာ မြင်းလှည်းကိုနောက်ပြန်လှည့်ပြီး မြို့လေးဆီ ကို ပြန်မောင်းလာခဲ့ပါတယ်။ ဒါ့ကြောင့် အေမီ့ခမျာမှာတော့ ဘယ်လိုမှ စိတ်မချမ်းသာနိုင်တော့ပါဘူး။ မြို့ကိုပြန်ရောက်တဲ့အခါ ကိန်းဟာ သူရာထူးက အနားမယူသေးဘဲ ရဲအရာရှိတာဝန်ကို ပြန်တာဝန်ထမ်းဆောင်မယ်လို့ ကြေညာလိုက်ပြီး မြို့ရဲအရာရှိ “ရှရစ်ဖ်”တွေ တပ်ဆင်ရတဲ့ ငါးမြှောင့်ပုံကြယ် တံဆိပ်ကိုလည်း ရင်ဘတ်မှာပြန်တပ်လိုက်ပါတယ်။ ဒါပေမဲ့ လေးယောက်နဲ့တစ်ယောက် ရင်ဆိုင်ပြီး မင်းလားတို့ဂိုဏ်းနဲ့ သေနတ်ပြိုင်ပစ်ကြရင် တစ်ယောက်သမားဖြစ်တဲ့ သူ့အနေနဲ့ လေးယောက်ကို မနိုင်နိုင်ဘူးဆိုတာကို ကိန်း သတိထားလိုက်မိပါတယ်။ ဒါ့ကြောင့်မို့လို့ ဒုရဲအရာရှိအဖြစ် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ကြမယ့် လူတော်တော်များများကို စုဆောင်းရနိုင်ဖို့ မြို့လေးထဲမှာ ကိန်းဟာ တစ်အိမ်တက်ဆင်းလိုက် စည်းရုံးပါတယ်။ စားသောက်ဆိုင်ထဲမှာသာမက ဘုရားကျောင်းထဲအထိပါ လိုက်ပြီး မြို့လူထုကိုစည်းရုံးပေမဲ့ ဘယ်သူကမှ ဒုရဲအရာရှိအဖြစ် စေတနာ့ဝန်ထမ်းအမည်စာရင်း ပေးမယ့်သူမရှိတဲ့အပြင် သူမြို့က ထွက်သွားတာသာ အကောင်းဆုံးဖြစ်မယ်လို့လည်း ဝိုင်းဝန်းအကြံပေးကြပါသေးတယ်။
အဲဒီမြို့မှာ စတိုးဆိုင်ပိုင်ရှင် “ဟယ်လင်” ဆိုတဲ့ ချောချောလှလှ မက်ဆီကန် အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူဟာ တစ်ချိန်က မင်းလားရော ကိန်းတို့နဲ့ပါ ငြိစွန်းခဲ့ဖူးသူဖြစ်ရုံမက အခုလောလောဆယ်မှာလည်း “ဟာဗေး” ဆိုသူရဲ့ ချစ်သူဖြစ်နေပါတယ်။ မင်းလား လာတော့မယ်ဆိုတာ သိသိချင်း မင်းလားရဲ့ အန္တရာယ်ကိုကြောက်တဲ့အတွက် ဟယ်လင်ဟာ သူ့စတိုးဆိုင်ကို ရတဲ့ဈေးနဲ့ရောင်းပြီး အဲဒီနေ့ မွန်းတည့် ၁၂ နာရီရထားနဲ့ပဲ မြို့ကနေ ထွက်ခွာသွားဖို့ အထုပ်အပိုးတွေကို ပြင်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ရတာကလည်း မင်းလား မြို့ထဲကိုရောက်လာပြီး ကိန်းနဲ့ ပစ်လားခတ်လားဖြစ်ကြတဲ့အခါ ကိန်းသေမယ်ဆိုတာကို သိနေလို့ ဒီမြင်ကွင်းကို မကြည့်ချင်တာလည်း ပါ ပါတယ်။
ဇနီးသည် အေမီကတော့ ကိန်းကို လုံးဝမကျေနပ်ပါဘူး။ ကိန်း လိုက်လိုက် မလိုက်လိုက် အဲဒီနေ့ မွန်းတည့် ၁၂ နာရီရထားနဲ့ပဲ မြို့ကနေ ထွက်သွားတော့မယ်လို့ ကိန်းကို ရာဇသံပေးထားပါတယ်။ မင်းလားကို သေဒဏ်ချမှတ်ခဲ့တဲ့ အဲဒီမြို့က တရားသူကြီးကလည်း မြို့ကနေ ထွက်သွားဖို့ အထုပ်အပိုးတွေပြင်ပြီးပါပြီ။ အဲဒါ ကိန်းကို သူ့လိုထွက်သွားတာပဲ ကိန်းအတွက်ရော မြို့အတွက်ပါ အကောင်းဆုံးဖြစ်မယ်လို့လည်း သူက ကိန်းကို အတင်းနားချနေပြန်ပါတယ်။
နောက်ဆုံးမတော့ ကိန်းတစ်ယောက်တည်းနဲ့ပဲ လေးယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ပြီး တိုက်ပွဲဝင်ရတဲ့အခြေအနေကို ရောက်သွားပါတယ်။ အဲဒီလိုမြို့ထဲမှာ လေးယောက် နဲ့တစ်ယောက် အပြန်အလှန် အသေပစ်သတ်ကြဖို့ ချောင်းမြောင်းနေကြတဲ့အချိန်မှာ ဟယ်လင်နဲ့ အေမီတို့နှစ်ဦးဟာ မီးရထားပေါ် ရောက်နေကြပါပြီ။ ဒါပေမဲ့ သေနတ်သံ နှစ်ချက် သုံးချက်လောက် ကြားလိုက်ရတဲ့အချိန်မှာတော့ အေမီဟာ စိတ်မထိန်းနိုင်တော့လို့ ရထားပေါ်ကဆင်းပြီး မြို့ထဲကို ပြန်ဝင်လာခဲ့ပါတယ်။ နောက်တော့ မမျှော်လင့်ဘဲ အိမ်တစ်အိမ်ထဲမှာ ဝင်ပုန်းနေတုန်း မင်းလားရဲ့ ဂိုဏ်းသားတစ်ယောက် အိမ်ရှေ့ပြတင်းပေါက်ရှေ့နားမှာ လာရပ်တာတွေ့လိုက်ရလို့ အေမီ က သူ့နောက်ကျောကို နောက်ကနေ သေနတ် နဲ့ ပစ်ချလိုက်ပါတယ်။
အဲဒီအချိန်မှာ မင်းလားရောက်လာပြီး အေမီ့ကို နောက်ကနေ ဖမ်းချုပ်လိုက်ပါတယ်။ ပြီးမှ အေမီ့ကို ဓားစာခံလုပ်ပြီး လမ်းမပေါ် ဆွဲခေါ်သွားပါတယ်။ နောက်မှ“ကိန်း မင်း မိန်းမ မသေစေချင်ရင် လမ်းပေါ်ထွက်လာခဲ့”လို့လှမ်းအော်ပါတယ်။ ဒါ့ကြောင့် ကိန်းဟာ မတတ်သာတဲ့အဆုံး လမ်းပေါ်ထွက်လာခဲ့ရပါတယ်။ ဒါပေမဲ့ အေမီဟာ အလစ်မှာ သေနတ်ကိုင်ထားတဲ့ မင်းလားရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး ဘေးကိုလှဲချလိုက်တဲ့အချိန်မှာ ကိန်းဟာ မင်းလားရဲ့ရင်ဝထဲကို လွတ်လွတ်ကျွတ်ကျွတ်ကြီး ပစ်ချနိုင်သွားပါတယ်။ ဒီအချိန်မှာ ကိန်းရဲ့ လက်မောင်းမှာလည်း ဒဏ်ရာရထားပါပြီ။ မင်းလားနဲ့ ဂိုဏ်းသား သုံးယောက်စလုံး သေကုန်ကြတဲ့အခါကျမှ မြို့လူထုက လမ်းပေါ်ထွက်လာကြတော့တာပါ။ ဘာလုပ်ပေးရဦးမလဲလို့ ဒီလူတွေက သူ့ကိုလာမေးနေရင်လည်း ကိန်းအနေနဲ့ ဘာမှဖြေနေစရာလိုမယ် မထင်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကိန်းဟာ ဘယ်သူ့အကူအညီမှမပါဘဲ သူ့ဘဝသူ ရပ်တည်နိုင်ပြီဆိုတာ သေချာသွားလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့လူထုရှေ့မှာပဲ ရင်ဘတ်က ရဲအရာရှိတံဆိပ်ကိုဖြုတ်ချလိုက်ပြီး အေမီနဲ့အတူ မြင်းလှည်းတစ်စီးနဲ့ မြို့ကနေ ထွက်ခွာသွားပါတော့တယ်။
ဒီဇာတ်ကားဟာ ပြသချိန် ၈၅ မိနစ် ကြာသလို ဇာတ်လမ်းရဲ့ဖြစ်ပျက်ချိန် အစအဆုံးဟာလည်း ၈၅ မိနစ်ပဲကြာပါတယ်။ ဇာတ်ကားတိုပေမဲ့ ဒီဇာတ်ကားဟာ လူတွေကို သင်ခန်းစာအများကြီးပေးသွားခဲ့တာပါ။ သူများကိုအားကိုးနေခြင်းဟာ ရံဖန်ရံခါ ကိုယ့် ကိုယ်ကိုယ် စိတ်ဓာတ်ကျအောင် တမင်လုပ်နေသလိုမျိုး ဖြစ်နေတတ်ပါတယ်။ နောက်ပြီး အကူအညီသွားတောင်းပြီး ဘာအကူအညီမှ မရတဲ့အခါမှာလည်း ကိုယ်အထင်သေးခံရတာပဲ အဖတ်တင်သွားလေ့ရှိပါတယ်။ လောကမှာ သေကာမှသေရော ကိုယ့် ကိုယ်ကိုယ် အားကိုးတာသာ အကောင်းဆုံး စိတ်အချရဆုံးပါပဲ။ ဆရာသမားနဲ့ လူကြီးသူမတွေအားလုံးကလည်း ရှေးအစဉ်အဆက်ဆက်ကစပြီး လူငယ်တွေကို ဒီအတိုင်းပဲ သွန်သင်ဆုံးမခဲ့ကြတယ်လို့ ထင်ပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment