(ဆောင်းပါးရှင် - ရွှေဒါးမောင်လေးရည်)
စက်တင်ဘာ ၂၁ ရက်သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်ပေသည်။
ငြိမ်းချမ်းရေး စကားလုံးအရေအတွက်အားဖြင့် သုံးလုံးတည်းသာ
ဖွဲ့စည်းထားသော်လည်း ၎င်း၏နောက်ကွယ်မှ အဓိပ္ပာယ်အကျယ်အ၀န်းမှာ
များစွာမှနက်ရှိုင်းလှပေသည်။
မမြင်သာသော ကွယ်ဝှက်အနက် ဂယက်အနက်များလည်း ပါဝင်လျက်ရှိပေသည်။
ကွယ်ဝှက်အနက်များ၊ ဂယက်အနက်များ ခေတ္တထား၍ ထင်သာမြင်သာ အနက်များဆီ
ချဉ်းကပ်ကြည့်မည်ဆိုပါလျှင်
ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ ကြားမြင်တွေ့သိနေရမှုများက မည်သို့မျှ
ဖြေဆည်မနိုင်လောက်အောင် ဒဏ်ရာဒဏ်ချက်များဖြင့် ဗရပွသွေးစိမ်းရှင်ရှင်
ပန်းထွက်နေသည်များကလည်း မြင်မကောင်းရှုမကောင်း နိုင်လှသည်။
ထိုမငြိမ်းချမ်းခြင်း၏ လက်ဆောင်လျာများကို မချစ်ပေမင့် ပင့်သက်ရှိုက်
နမ်းရှုပ်နေကြသည်။ ခြေပြတ်လက်ပြတ်နဲ့ ဒုက္ခိတဘ၀များ၊ သားတကွဲ၊ မယားတကွဲ၊
မိမဲ့ဖမဲ့ တစ်ပိုင်းတစ်စ ဘ၀များဖြင့် လောကဓံပစ်ကွင်းထဲ အသက်တွေစတေးကြရ၊
ဘ၀တွေပေးဆပ်မှု ပြုကြရသည်။ ရှေ့ဆက်မတွေးဝံ့လောက်အောင် အလှမဲ့ဝန်းကျင်များ
အကျည်းတန်ရုန်းကန်မှုများဖြင
့် နပန်းလုံးရင်ဆိုင်လျက် ပေးဆပ်နေကြရပေသည်။ မငြိမ်းချမ်းခြင်း၏ ပြယုဂ်များပင်။
ဒီသို့သော အနိဋ္ဌာရုံမြင်ကွင်းများ အကျည်းတန်ရုပ်ပုံလွှာများ၊
ဒုက္ခဖြစ်စဉ်များစသဖြင့် အဘက်ဘက်မှ မလှပမှုများ အဆုံးသတ်လျော့ပါးရေးအတွက်
လမ်းစရှာဖွေရန် လိုအပ်လာခဲ့ပေသည်။ ဒီအခါငြိမ်းချမ်းရေးဆိုသည့်
ဝေါဟာရတစ်ရပ်ကို အာရုံစိုက်မိခဲ့ကြသည်။ တစ်နည်းဘေးဒုက္ခအပေါင်းမှ
ခုန်ထွက်နိုင်ရန် အားလုံးက ပါဝင်လှုပ်ရှားကြရေးပင် ဖြစ်ပေသည်။ ပြည်တွင်းစစ်၏
အဆိုးဒုက္ခများဖြင့် တိုင်းရင်းသားညီနောင်အားလုံးတို့
နပန်းလုံး ပွေ့ဖက်လာကြရသည်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀ ကြာခဲ့ပေပြီ။
ဒီကာလအတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းမှုများလည်း
ရှိခဲ့ဖူးပေသည်။ သို့သော်လည်း ဒီကနေ့ကာလတိုင် ငြိမ်းချမ်းရေး၏
အသီးအပွင့်များ မခံစားနိုင်ရှာသေးသည့် တိုင်းရင်းသားညီနောင်တို့၏ ဘ၀များက
ရင်နင့်ဖွယ် ရှုမျှော်ခင်းများဖြင့် အနံ့တလှောင်းလှောင်းထလျက်။
ရဲဘော်ရဲဘက်အချင်းချင်း ပြိုကွဲ၊ ရပ်တည်မှုများလွဲကြကာ လက်နက်ကိုင်စွဲ
တိုက်ပွဲဝင်ကြသည်အထိ ဖြစ်ကြရပုံများကို ရင်ဖိလျက် မချိတင်ကဲဖြင့် . . .
“ခက်ပဲခက်သကွာ၊ ရှက်လဲရှက်စရာပ
လက်ဝဲလက်ယာ အဖြူအနီလူတစ်ရှင်း
တို့ကြောင့်
သြော် တစ်မိသားချင်းတွေတောင်
သတိတရားကင်းပြီး
အချင်းချင်းပင် မညီညွတ်မူ၍
ပြည်ကျွတ်အောင် အမြီးတထောင်
ထောင်နှင့်
တညီးညီးတပြောင်ပြောင် မီးလောင်တိုက်သွင်းချိန်မို့” ဆိုကား ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
လေးချိုးကြီးကို ရေးခဲ့ဖူးပေသည်။ ထိုသို့ ရေးခဲ့သလိုပင် ၁၉၅၇ ခု ဧပြီလတွင်
ရွှေတိဂုံတောင်ဘက်နားဆီမှ ကန်တော်မင်ဥယျာဉ်ပန်းခြံ၌ ကျင်းပသည့်
ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီးကျင်းပစဉ် အခမ်းအနားမှူး ဆရာကြီး၏
ရင်တွင်းစကားများအဖြစ် “ဆရာမသေခင် ပြည်တွင်းငြိမ်းချမ်းရေးကို
မြင်သွားချင်တဲ့အတွက် ဤမျှကြိုးပမ်းနေခြင်းပဲ ဖြစ်ပါတယ်။ ဆရာဟာ
ပြည်တွင်းငြိမ်းချမ်းရေး မရရှိမီ အချိန်မှာဘဲ သေသွားရင်တောင်မှ
သေလမ်းဖြောင့်နိုင်မယ် မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆရာဟာ အိပ်လည်းဒီစိတ်၊
စားလည်းဒီစိတ်၊ ဖျားလည်းဒီစိတ်ဆိုသလို ဖြစ်နေတယ်။ ပြည်တွင်းငြိမ်းချမ်းရေး
မရသမျှတော့ ဆရာဘယ်တော့မှ စိတ်အေးနိုင်မယ် မဟုတ်ပါဘူး” ဆိုပြီး
ရင်ဖွင့်ခဲ့ရှာသည်။
မြန်မာနိုင်ငံ၏ ဇာတာစန်းလဂ်ကားရ
တက်မအေးဖွယ်တို့ဖြင့် ပြည့်နှက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးကာလ မကြာမတင်မှာပင်
ဝါးအစည်းပြေသကဲ့သို့ တကွဲစီပုလဲသီခဲ့ရပေသည်။ ဖဆပလအဖွဲ့ချုပ်အတွင်း
ဖြစ်ပေါ်ခဲ့သည့် ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့ အားပြိုင်မှုကြောင့်ဟု
ဆိုရပေမည်။ ဤသို့ဖြင့် လွတ်လပ်ရေးရပြီးမကြာ နှစ်လကျော်မှာပင်
ဗမာပြည်ကွန်မြူနစ်ပါတီမှစတင်၍ တောတွင်းဝင်သွားခဲ့ပေသည်။ သခင်စိုးဦးစီးသည့် အလံနီပါတီသည်လည်း တောခိုခဲ့ပြီးဖြစ်ပေသည်။ ဆက်၍ ဗိုလ်ဖိုးကွန်းခေါင်းဆောင်မှုဖြင့် ပြည်သူ့ရဲဘော်အဖွဲ့ (P.V.O)၊ ဒီ့နောက် KNU ဦးဆောင်သည့် KNDO ကရင်အမျိုးသားများကလည်း အစိုးရကို လက်နက်ကိုင်ပုန်ကန်ကြပေသည်။
ပြည်တွင်းစစ် အရှိန်ပြင်းလာပြီး စစ်အနိဋ္ဌာန်ရုံများဖြင့်
တိုင်းပြည်၏စီးပွားရေး၊ လူမှုရေး ထိခိုက်ပျက်စီးမှုများဖြင့်
အဆင်းရဲဆုံးနိုင်ငံဆီ ဦးစိုက်ထိုးဆင်းခဲ့ရသည်။
ဖဆပလလက်မှသည် စစ်အာဏာရှင်တစ်ဦးမှ အနိုင်ကျင့်ဗိုလ်ကျမှုဖြင့် နိုင်ငံတော်အား ချောက်အတွင်းတွန်းချခဲ့သည်။
အစဉ်အဆက် စစ်အာဏာရှင်စနစ်ဖြင့် ပြည်သူအပေါင်းအား ဖိနှိပ်ခဲ့ကြသည်။ ၂၀၁၁
ခုနှစ်ကာလသို့ ရောက်ရှိကာ ဒီမိုကရေစီနိုင်ငံအဖြစ် မော်ကွန်းသစ်
တံဆိပ်ပြောင်းကပ်ခဲ့သည်။ သို့သော်လည်း ယခင်ကာလဆီမှ စိတ်ဓာတ်များဖြင့်
လက်ဝါးကြီးအုပ် စိုးမိုးခဲ့ကြသည်။ ၎င်းတို့နှင့် နှီးနွှယ်ရာ အသိုက်အ၀န်းဖွဲ့ကာ
ခရိုနီစီးပွားရေးကို အသက်သွင်းခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများနှင့် တိုက်ပွဲများအရှိန် အဟုန်မြင့်ခဲ့ကြသည်။
စစ်ပြေးဒုက္ခသည်စခန်းများ၏ ဧရိယာမှာ ကျယ်ပြန့်လာခဲ့ကြသည်။ ဒုက္ခသည်ဦးရေများ
တစ်နေ့တခြား တိုးများလာခဲ့ရပြီး နေထိုင်စားသောက်ရေးများ
ကျန်းမာရေးပြဿနာများနှင့် နင်လားငါလား စီးချင်းထိုးနေကြရသည်။ ဒီနည်းဖြင့်
ပစ္စက္ခကာလ၌...။
ဒီနေရာ၌ ဗိုလ်ချုပ်အောင်ဆန်းတို့
လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလဆီမှ ဖြစ်ရပ်တစ်ခုကို သတိရလိုက်မိပေသည်။
ဒီစဉ်ကလည်း ကရင်တိုင်းရင်းသားတို့နှင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
ယုံကြည်မှုတည်ဆောက်ခဲ့ပုံ ဖြစ်ရပ်ပါပေ။ ထိုသို့တည်ဆောက်ဖြစ်ရန်
စောစံဖိုးသင်က အကြံဉာဏ်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်နှင့်
စောစံဖိုးသင်တို့ စကားလက်ဆုံကျခိုက် ဂျပန်ဝင်စက မြစ်ဝကျွန်းပေါ်ဒေသ၌ ကရင်ဗမာ
ပဋိပက္ခသို့ စကားစပ်မိသွားခဲ့ပေသည်။ ဗိုလ်ချုပ်၏နှုတ်မှ “ဦးစံဖိုးသင်ရေ
ကရင်တွေက ကျွန်တော့်ကိုမုန်းနေတာ ဘယ်လိုလုပ် လက်တွဲလုပ်လို့ရမလဲဗျာ”
လို့ပြောခဲ့ရာ စောသံဖိုးသင်က “အလွယ်လေးပါ ဗိုလ်ချုပ်ရယ်” လို့
ဆက်ပြောခဲ့ပေသည်။ ဗိုလ်ချုပ်ကလည်း “ဘယ်လိုလွယ်တာလဲဗျ ပြောစမ်းပါဦး” ဟု
မေးခဲ့သည်။ “ပြောရင်လုပ်မှာလား” လို့ စောစံဖိုးသင်က ပြန်မေးလာသဖြင့်
“လုပ်ရမှာပေါ့ဗျာ” ဟု ဗိုလ်ချုပ်က ပြန်ဖြေခဲ့ပေသည်။ ဒီအခါ “ကရင်တွေကို
တောင်းပန်လိုက်ပါ။ အလွယ်လေးနဲ့ ဗိုလ်ချုပ်နောက်ကို ပါလာလိမ့်မယ်” လို့
အကြံပြုခဲ့ပေသည်။ ဗိုလ်ချုပ်မှာလည်း မနှေးအမြန်ပင် ဦးစံဖိုးသင်၏
အကြံပြုချက်အတိုင်း ဒေါက်တာစံစီဖိုး၊ စောဘဦးကြီး၊ မန်းရွှေထွန်းကြာ၊
မန်းဘခင်၊ ဒေါက်တာဖိုးဒီလုံး၊ ဒေါက်တာဒွေးစသည့် ကရင်ခေါင်းဆောင်များအား
ရန်ကုန်သို့ဖိတ်ကြား၍ ဖြစ်ပွားခဲ့သည့် ၀မ်းနည်းဖွယ်ကိစ္စများအတွက်
တောင်းပန်ခဲ့ပေသည်။
သခင်သန်းထွန်း အစရှိသည့် ခေါင်းဆောင်များကလည်း သခင်အချို့၏ ရမ်းကားမှုကြောင့် စိတ်မကောင်းဖွယ်ကိစ္စရပ်များ
ဖြစ်ပွားခဲ့ရသည်ကို ၀မ်းနည်းပါကြောင်းနှင့် ကရင်ဗမာညီညွတ်ရေးမှာ
လိုအပ်ကြောင်း ညီညွတ်မှုရှိမည်ဆိုလျှင် ဘာမဆိုလုပ်မည်ဖြစ်ကြောင်း
တောင်းပန်ကြပါသည်။ ဒီမျှမက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ဇေယျ၊
ဗိုလ်လက်ျာ၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စောစံဖိုးသင်တို့ မြောင်းမြ၊ ပုသိမ်
စသည့်ဒေသများသို့ သွားရောက်ကာ လူအချို့၏ မှားယွင်းသောလုပ်ရပ်များအတွက်
ဖြစ်ပေါ်ခဲ့သည့် ကိစ္စများအတွက် ၀မ်းနည်းပါကြောင်း တောင်းပန်စကား
ဆိုခဲ့ပေသည်။ ဒီနည်းဖြင့် ဗိုလ်ချုပ်နှင့် ကရင်တိုင်းရင်းသားများ
တစ်သားတည်းရေအသွင်ဖြင့် တစ်ကြောင်းတည်း စီးဆင်းခဲ့ကြပေသည်။ ညီညွတ်ရေး
ငြိမ်းချမ်းရေးအတွက် ဗိုလ်ချုပ်၏ လက်သုံးစကား တစ်ခွန်းကတော့
“လွတ်လပ်ရေးခရီးအတွက် အမျိုးသားသွေးစည်းညီညွတ်ရေးက
အရေးကြီးဆုံးဗျ။ အဲဒီတော့ ဦးစံဖိုးသင်က ကရင်ဗမာချစ်ကြည်ရေး
စည်းလုံးညီညွတ်ရေးအတွက် အတတ်နိုင်ဆုံးကူညီပါ။ နယ်ထွက်ပြီး
စည်းလုံးညီညွတ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်စေချင်ပါတယ်” လို့
ဆိုခဲ့တာပါပဲ။
ပစ္စက္ခကာလတွင်လည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပေသည်။ ညှိနှိုင်းဆွေးနွေးမှုများဖြင့် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ပြီး ဖြစ်ပေသည်။ သြဂုတ် ၁၈ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့သည့် အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြသည်။
တစ်ချိန်သော ကာလဆီက ဂီတစာဆိုမြတ်လေး ရေးစပ်ခဲ့ပြီး တေးသံရှင်များအဖြစ်
ကိုမင်းနောင်၊ မောင်မောင်ကြီး၊ စန္ဒရားချစ်ဆွေ၊ ခင်မောင်လွင်နှင့်
မာမာအေးတို့ သီကြွေးခဲ့သည့် ငြိမ်းချမ်းရေးကြွေးကြော်သံ သီချင်းတစ်စကို အမှတ်ရမိလိုက်ပေသည်။
“ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ . . . စစ်ဆိုသည်မှာ အနုတ်လက္ခဏာ...ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ . . . နေပမာ လပမာ လွတ်လွတ်လပ်လပ် ခံစားလိုကြရှာ . . အဲဒါ ငြိမ်းချမ်းရေးအရသာ . . . ပေးပါ . . . ပေးကြပါ”။
အပေါင်းလက္ခဏာ အမှတ်သင်္ကေတကို ငြိမ်းချမ်းရေးပြယုဂ်အဖြစ် မှတ်ယူထားကြပေသည်။
ယနေ့ ထိုအပေါင်းလက္ခဏာ၏ ဂယက်အနက်ဖြစ်သည့် ငြိမ်းချမ်းရေးတည်ဆောက်ရန်
ဆွေးနွေးမှု၊ ညှိနှိုင်းသဘောတူမှုများဖြင့် လှုပ်ရှားပုံဖော် ကြိုးပမ်းလျက်ရှိပေသည်။ အမှန်တကယ် ငြိမ်းချမ်းလိုသည့် ဆန္ဒဖြင့်သာ ဖော်ဆောင်ကြဖို့ လိုပါသည်။
Credit - Eleven Media Group
(ဗိုလ်ချုပ်ပန်းခြံရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဓာတ်ပုံရိုက်နေကြသူများအား တွေ့ရစဉ်)
No comments:
Post a Comment