ရန်ကုန်၊ စက်တင်ဘာ ၂၅
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးမူဘောင် ချမှတ်ရေးအတွက်
အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင်
ဆွေးနွေးပွဲကို ဒုတိယအကြိမ် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က
ပြောကြားသည်။
အဆိုပါ အလွတ်သဘော တွေ့ဆုံပွဲကို စက်တင်ဘာ ၂၇ ရက်နေ့
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)
တွင်
ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ (UWPC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေး အလုပ်အဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီ ၆၇ ပါတီတို့
တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းသို့ ဒုတိယအကြိမ်
သုံးပွင့်ဆိုင် တွေ့ဆုံရေးကို နိုင်ငံရေးပါတီ ၆၅ ပါတီက တောင်းဆိုခြင်း
ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ချမှတ်နိုင်ရေးကို အလွတ်သဘော
ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သုံးပွင့်ဆိုင် တွေ့ဆုံဖို့က
NCCT အဖွဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းကို လာတဲ့အချိန်မှ
လုပ်လို့ ရတာပါ၊ အလွတ်သဘော တွေ့ဆုံမှု များလာတာနဲ့အမျှ တစ်ဖက်ရဲ့ သဘောထားကို
တစ်ဖက်က နားလည်မှု ရလာနိုင်မှာပါ” ဟု ၎င်းကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ
မူဘောင်များ ချမှတ်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်ရန် အစိုးရနှင့်
တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီထားသည်။
ထို့အပြင်
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို အပြီးသတ် ရေးဆွဲရန်နှင့် ရက်ပေါင်း
၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း
နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့်
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်ရေးကို အစိုးရ၊ တိုင်းရင်းသား
လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ သြဂုတ်လအတွင်း သုံးပွင့်ဆိုင်
အလွတ်သဘော တွေ့ဆုံ ဆွေးနွေးထားသည်။
နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးတွက် ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UWPC နှင့် တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT တို့ စက်တင်ဘာလ ၂၂
ရက်နေ့မှ ၂၆ ရက်နေ့အထိ ငါးရက်ကြာ ဆွေးနွေးလျက် ရှိသည်။
Credit - The Voice Weekly
No comments:
Post a Comment