အယ်ဒီတာ့အာဘော်
ရာစုနှစ်ဝက်ခန့် အာဏာရှင် စနစ်အောက်တွင် နစ်မွန်း ခဲ့ရသော မြန်မာ
ပြည်သူများအဖို့ ယနေ့ တိုင်အောင်လည်း အသက်၀၀မျှ မရှူနိုင်သေးဘဲ
ကျီးလန့်စာစား ဘ၀များဖြင့် ရုန်းကန် နေရဆဲဖြစ်သည်။ ဒီမိုကရေစီ စနစ်ကို
ဖော်ဆောင် ပြောင်းလဲနေပြီ ဆိုသော်ငြား စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်၌
ပါဝင်ခဲ့သူ စစ်ဗိုလ်ချုပ် အဟောင်း၊ အသစ်များကသာ ဆက်လက် အာဏာစွဲကိုင်
ထားသဖြင့် လက်ရှိ အချိန်အထိ အာဏာရှင်အရိပ်
လွှမ်းမိုးနေဆဲဟုပင် ဆိုနိုင်သည်။ အာဏာရှင်စနစ်တွင် အသားကျခဲ့သူများက ယနေ့
ဒီမိုကရေစီ အုပ်ချုပ်ရေးကို ပုံဖော်ရာ၌ အတိတ်မှ အာဏာရှင် ဓလေ့စရိုက်နှင့်
အမြင်သဘောထားများ မပြောင်းလဲနိုင်သဖြင့် ပြည်သူများ အနေနှင့် ဒီမိုကရေစီ
အငွေ့အသက်ကိုမျှပင် ခံစား၍မရ နိုင်သေးဘဲ
ရှိနေသည်။ အထက်မှအောက်
အဆင့်ဆင့်အကျင့်ပျက်ခြစားမှု၊ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှု၊ တရားဥပဒေ
စိုးမိုးရေး အားနည်း ချို့ယွင်းမှု၊ တရားရေးမဏ္ဍိုင် ယိုင်နဲ့မှု၊ အာဏာ
အလွဲသုံးစားလုပ်မှု၊ အခွင့်အရေး တန်းတူညီမျှ မရှိမှု၊ ပြည်သူ များဘက်မှ
ရပ်တည် ဆောင်ရွက် သူများအပေါ် ဥပဒေ ခုတုံးလုပ်၍ မတရားဖမ်းဆီး ထောင်ချမှု
စသည့် စသည့် အကြောင်းခြင်းရာများကြောင့် သာမန်ပြည်သူများ၏ လူမှုစီးပွား
ဘ၀များမှာ နားလန်မထူနိုင်ဘဲ စားဝတ်နေရေး အတွက်သာမက ဘ၀လုံခြုံရေးအတွက်ပါ
ပူပန်ကြောင့်ကြ နေကြရသည်။
အဆိုပါ အခြေအနေများအား အချိန်မီ
ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီး ယင်း လိုအပ်ချက်အတွက် လက်ရှိ အာဏာ
ရယူထားသူများတွင်သာ အဓိက တာဝန်ရှိနေပေသည်။ ၎င်းတို့အနေနှင့် နိုင်ငံနှင့်
ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှု၍ အမှန်တကယ် ပြုပြင်လိုသော စိတ်ကောင်း
စေတနာနှင့် အရည်အချင်း ကောင်းများ ရှိမှသာ ပြည်သူများအဖို့ အသက်ရှူချောင်
နိုင်လိမ့်မည်။ လက်ရှိ အနေအထားအရမူ အာဏာရ ပုဂ္ဂိုလ်များသည် စစ်အာဏာရှင်
အုပ်ချုပ်ရေးစနစ်၌ အသားကျခဲ့ သူများဖြစ်သဖြင့် ဒီမိုကရေစီစနစ်အရ ကျင့်သုံး
ဆောင်ရွက်ရာ၌ အားနည်းချက်များစွာ ရှိရသည်မှာ သဘာဝကျသော အချက်ပင် ဖြစ်သည်။
အစိုးရ အဖွဲ့အတွင်းမှ ပုဂ္ဂိုလ်အချို့ကလည်း ယင်းအချက်ကို ၀န်ခံခဲ့ကြဖူးသည်။
သို့တစေ နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် စိတ်စေတနာနှင့်
အရည်အချင်းကောင်း ရှိမည်ဆိုပါက တစ်စထက်တစ်စ ပိုမို ကောင်းမွန်သော
အုပ်ချုပ်ရေးနှင့် ပိုမိုသန့်ရှင်းသော အစိုးရတစ်ရပ်ကို
မျှော်လင့်နိုင်သေးသည်။
မျက်မှောက်တွင် တွေ့ကြုံနေရသော
အခြေအနေများ အရမူ အာဏာရပုဂ္ဂိုလ်များ၏ စိတ်စေတနာနှင့် အရည်အချင်း အပေါ်
မေးခွန်း ထုတ်စရာ ဖြစ်နေသည်။ ခွေးမြီးကောက် ကျည်တောက်စွပ် ဟူသော စကား
အတိုင်း အာဏာရှင်စနစ်နှင့် အသားကျခဲ့သူများ၏ အမူအကျင့်မှာ တစ်ခဏမျှသာ
ဒီမိုကရေစီ အရေခြုံ ဟန်ဆောင် ဖုံးကွယ်ထားနိုင်ခဲ့ပြီး အချိန်တန်သည့်အခါ
အာဏာရှင်စရိုက် ဘွားခနဲ ပြန်ပေါ် လာတော့သည်။
ပြည်သူ့ဆန္ဒကို
မျက်ကွယ်ပြု၍ ထင်ရာစိုင်း လုပ်ဆောင်ခြင်း၊ အာဏာအားကိုးဖြင့် သဘောထား ကွဲလွဲ
သူများအပေါ် ဖိနှိပ်ခြင်း၊ ပုဂ္ဂလိက ပုံနှိပ် သတင်းမီဒီယာ များအပေါ်
ဖိအားပေးသော အပြုအမူများ လုပ်ဆောင်ခြင်း၊ ပြည်သူ့ ဘက်တော်သားများနှင့်
ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ခြိမ်းခြောက်၊ အကျပ်ကိုင်၊
ဖမ်းဆီးထောင်ချခြင်း ပွင့်လင်းမြင်သာမှု ကင်း၍ အဂတိတရား လွှမ်းမိုးခြင်း စသော
စသော အာဏာရှင်စရိုက် လက္ခဏာများမှာ မျက်မှောက်အခါ၌ အထင်းသား
မြင်တွေ့နေရသည်။ အဆိုပါ အာဏာရှင် ဓလေ့စရိုက်များကို ပယ်သတ်ရန် မကြိုးပမ်းဘဲ
နောက်ထပ် နောက်ထပ် အုပ်ချုပ်ရေး သက်တမ်းများအထိ အာဏာစွဲကိုင်
သွားနိုင်ရန်အတွက်သာ နည်းလမ်းစုံသုံးကာ ကြိုးပမ်းအားထုတ် နေသည်ကို တွေ့မြင်
နေရသည်။
နိုင်ငံတော် အာဏာသည် မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုထံမှ
ဆင်းသက်မှသာလျှင် ပြည်သူကို ဗဟိုပြုသော အာဏာပိုင်များအဖြစ်
အသိအမှတ်ပြုခံရပြီး အာဏာရှင်ဟူသော ပညတ်ကို ဖယ်ရှား နိုင်ပေ လိမ့်မည်။
ပြည်သူ လူထု၏ လေးစား အသိအမှတ်ပြုမှု၊ ထောက်ခံမှုရရှိအောင် ကြိုးပမ်း
ဆောင်ရွက်ခြင်းဖြင့်သာ အာဏာရှင် အညစ်အကြေး ကို ဆေးကြောနိုင်ပေမည်။ ပြည်သူ၏
လေးစား အသိအမှတ်ပြုမှုနှင့် ထောက်ခံ မှု ရရှိရန် အတွက်မူ ပြည်သူ့အသံကို
အလေးထား နားစွင့်၍ ပြည်သူ့အကျိုး ကို ပြည်သူ့ဆန္ဒအတိုင်း လက်တွေ့ကျ ကျ
ဖော်ဆောင် ရမည်သာ ဖြစ်သည်။
ပြည်သူလူထု၏ ဝေဖန်ထောက်ပြမှု၊
ပြည်သူတို့၏ ပြစ်တင်မာန်မဲဆဲ ဆိုမှုတို့ကို ပြည်သူ့အစေခံဖြစ်သော အာဏာရ
ပုဂ္ဂိုလ်များက မပြတ်နားထောင် ၍ မိမိတို့၏ အလွဲအမှားများကို ပြုပြင်
ဖာထေးရမည် ဖြစ်သည်။ ထို့ပြင် ပြည်သူတို့၏ ဝေဖန်ထောက်ပြမှု၊
ဆဲဆိုမာန်မဲမှုတို့ကို စဉ်ဆက်မပြတ် သိမြင်ကြားနာနိုင်စေရန် အတွက် အရေးပါသော
မီဒီယာ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်သည်။ လက်ရှိတွင် ပုံနှိပ်မီဒီယာ
တစ်ခုသာ အတန်ငယ် လွတ်လပ်ခွင့် ပြုထားသော်လည်း ပြည်သူလူထု အသံများကို
ထိထိရောက်ရောက် ဖော် ထုတ် ပေးနိုင်သည့် ရုပ်သံမီဒီယာကိုမူ ပုဂ္ဂလိကအနေနှင့်
လွတ်လပ်စွာ လုပ်ကိုင်ခွင့် မရသေးပေ။ ယင်းကဲ့သို့သော အခြေအနေမျိုးမှာပင်
မီဒီယာများအပေါ် ဖိအားပေးသည့် အပြုအမူများ လုပ်ဆောင်လာခြင်းက ဒီမိုကရေစီ
စနစ်၌ လွန်စွာ အရေးပါလှသော မီဒီယာ၏ အခန်းကဏ္ဍကို ဖျက်ဆီးရာ ရောက်နေပြီး
အာဏာရှင် အညစ် အကြေး ပိုမိုပေကျံ ညစ်ထေးလာစေရန် လုပ်ဆောင်နေသကဲ့သို့
ဖြစ်နေသည်။
ပြည်သူကို ကိုယ်စားပြုသည့် မီဒီယာများ၏ ဝေဖန်ထောက်ပြ
ရေးသားမှုများ အပေါ် အာဏာရ ပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုသည် အာဏာရှင် ဆန်နေဦးမည်
ဆိုပါက ပြည်သူ၏ ဆဲဆိုကြိမ်းမောင်းသံ ပိုမိုကျယ်လောင် လာဦးမည် သာ
ဖြစ်ပါကြောင်း သတိပေး ရေးသားလိုက်ရပါသည်။
အယ်ဒီတာ
၂၄-၉-၂၀၁၄
Credit - Myanmartandawsint Newspaper
No comments:
Post a Comment