Thursday, September 25, 2014

အောက်တိုဘာတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် မသေချာ

ရန်ကုန်၊ စက်တင်ဘာ ၂၄
အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုင်ရာ ဆွေးနွေးမှုအချို့ ကြန့်ကြာနေ၍ အောက်တိုဘာတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် မသေချာကြောင်း NCCT အဖွဲ့ဝင်များက ပြောကြားသည်။
အစိုးရက အောက်တိုဘာလအတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်တော့မည်ဟု ပြောဆိုထားသော အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှု မပြေလည်သောကြောင့် အောက်တိုဘာတွင် လက်မှတ်ထိုးနိုင်ရန် ရှိမရှိကို
အတိအကျ မပြောနိုင်သေးကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းထျန်က ပြောဆိုသည်။
မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကမူ “အောက်တိုဘာလထဲမှာ အပြီးသတ် အပစ်ရပ်စာချုပ် ချုပ်နိုင်မယ်လို့တော့ ပြောရခက်တယ်ဗျ။ နောက်နှစ်ရက်ကို စောင့်ကြည့်ရဦးမယ်” ဟု ပြောကြားသည်။
တပ်ပိုင်းဆိုင်ရာ ကိစ္စများ ပါဝင်သည့် အခန်း ၄ ပါ တပ်သားသစ် စုဆောင်းရေး ကိစ္စရပ်များ အပါအဝင် အချက်အလက် အချို့နှင့် အခန်း ၅ နိုင်ငံရေးဆွေးနွေးပွဲ အာမခံချက်ဆိုင်ရာတို့ကို ဆွေးနွေးပွဲ သုံးရက်မြောက်နေ့ ဖြစ်သည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆွေးနွေးခဲ့သော်လည်း ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်သဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ရန် မသေချာသေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ကြီးမားတဲ့ အခက်အခဲတော့ မရှိပါဘူး။ ညှိလို့မရသေးတာပဲ ရှိပါသေးတယ်” ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ခြောက်ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုကို စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ဆွေးနွေးမည် ဖြစ်ပြီး ယနေ့အထိ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ကျန်ရှိနေသေးဆဲ ဖြစ်ကြောင်း NCCT က ပြောဆိုထားသည်။

Credit - The Voice Weekly

No comments:

Post a Comment