အစိုးရအဖွဲ့မှ
ပြည်သူများအား ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် လုပ်ငန်းပေါင်း ၁၈၃၂ အနက်
တစ်ဝက်ကျော်သာ အမှန်တကယ် လုပ်ပေးကြောင်း လွှတ်တော်ကော်မတီ တင်ပြ
အစိုးရအဖွဲ့မှ ပြည်သူများအား ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် လုပ်ငန်းပေါင်း ၁၈၃၂ အနက် တစ်ဝက်ကျော်သာ အမှန်တကယ် လုပ်ပေးကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ပြည်သူ့လွှတ်တော်သို့ စက်တင်ဘာ ၂၄ ရက်တွင် တင်သွင်းခဲ့သည်။
၎င်းကော်မတီမှ ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဌာနများကို ဖိတ်ကြား၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ဌာနအလိုက် ကတိပြုခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်နောက်ဆုံး အခြေအနေများကို ညှိနှိုင်းတောင်းခံကာ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပြည်သူများ၏ လိုလားချက်များဖြစ်သော ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်မှတစ်ဆင့် အစိုးရထံတောင်းခံခဲ့ရာ အစိုးရမှဆောင်ရွက်ပေးမည်ဟု ကတိပြုသည့် လုပ်ငန်းစုစုပေါင်း ၁၈၃၂ ခုရှိခဲ့ပြီး အမှန်တကယ် ဆောင်ရွက်ပြီးသည့် လုပ်ငန်းစုစုပေါင်းမှာ ၁ဝ၇၉ ခုသာ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ အစိုးရမှ ကတိပေးခဲ့သည့် လုပ်ငန်းပေါင်း ၁၈၃၂ ခုအနက် ၁ဝ၇၉ ခုမှာ ဆောင် ရွက်ပြီးဖြစ်ကြောင်း အစိုးရအဖွဲ့မှပေးပို့ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ပြည်သူသို့ ကတိပေးထားသည့် လုပ်ငန်းစုစုပေါင်း၏ တစ်ဝက်ကျော်သာ လက်ရှိအချိန်တွင် အမှန်တစ်ကယ် ပြီးစီးနေသည်။ အခြားလုပ်ငန်း စုစုပေါင်း ၇၅၃ ခုမှာ ဆောင်ရွက်ပြီးစီးရန် ကျန်ရှိနေသေးကြောင်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
လွှတ်တော်တတိယ ပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေး ကာလအတွင်း အစိုးရမှလွှတ်တော်တွင် လာရောက်ဖြေကြားကာ ကတိဖြစ်ခဲ့သော လုပ်ငန်းအရေအတွက် ဖြစ်သည်ဟုလည်း သိရသည်။
ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရာတွင် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား တင်ပြတောင်းခံခြင်းဖြစ်ကြောင်း၊ အစိုးရမှ ကတိပေးသည့်အတွက် ပြည်သူများထံ လိုအပ်ချက်များကို အစိုးရမှ လုပ်ပေးလိမ့်မည့်ဟု ပြန်လည်ကတိပေးခဲ့ကြောင်း၊ သို့သော်အမှန်တကယ်တွင် မရလာသဖြင့် ပြဿနာများရှိကြောင်း၊ ထို့ကြောင့် အစိုးရ၏ ကတိများတည်ကြရန် ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က ပြည်နယ်များရှိ အစိုးရမှ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို နှစ်ချီအချိန်ယူ ဆောင်ရွက်နေသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။
ဝန်ကြီးဌာနများသည် ကတိဖြစ်သည်၊ မဖြစ်သည်ကို ကွဲကွဲပြားပြား ဆုံးဖြတ်နိုင်ခြင်းမရှိသော အဖြေများနှင့် ဖြေနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ကြသည်။
Credit - Eleven Media Group

No comments:
Post a Comment