(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)
အပစ်အခတ်ရပ်စဲရေးနှင့်
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် သောင်မတင်ရေမကျ
ချောင်ပိတ်မိနိုင်မည့် အလားအလာများလည်း ရှိနေသည့် အခင်းအကျင်းတွင်
ဆွေးနွေးပွဲများ နောက်တစ်ဆင့်တိုး ပုံဖော်နိုင်ရေး၌
ကြားဝင်ဆောင်ရွက်ပေးမည့် အကျိုးဆောင်စစ်စစ်များ လိုကောင်းလိုလာနိုင်ဖွယ်
ရှိသည်။ အကျိုးဆောင်စစ်စစ်များသည် အစိုးရ၊ တပ်မတော်၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသာမက နိုင်ငံရေးပါတီများ အပေါ်တွင်ပါ
သြဇာသက်ရောက်နိုင်ပြီး သမာသမတ်ကျကာ ကြားနေရပ်တည်နိုင်မည့်
လူရိုသေရှင်ရိုသေဖြစ်ရန် ပဓာနကျသည်။
မြန်မာ့ငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေး ဗဟိုဌာန၌ ကျင်းပခဲ့သည့်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကော်မတီ (အင်န်စီစီတီ)
တို့၏ တစ်ခုတည်းသော မူကြမ်းဖြစ်မြောက်ရေး ဆဋ္ဌမမြောက် အစည်းအဝေး ပထမနေ့
စက်တင်ဘာ ၂၂ ရက်တွင် တပ်မတော်ကိုယ်စားလှယ်များအနေဖြင့် ဖက်ဒရယ်မူနှင့်
ဖက်ဒရယ်တပ်မတော်ကိစ္စတို့တွင် မကျေလည်မှုများ ရှိခဲ့သည့်အပြင် ဒုတိယနေ့
စက်တင်ဘာ ၂၃ ရက် အစည်းအဝေးတွင်လည်း ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး၊
အဓမ္မတပ်သားသစ် မစုဆောင်းရေး၊ တော်လှန်ရေးစကားရပ် ထည့်သွင်းရေးကိစ္စများတွင်
ရှေ့မတိုးနောက်မဆုတ်ဖြစ်ကာ ဆွေးနွေးပွဲများကို သတ်မှတ်ချိန်ထက်စောပြီး
ရပ်နားခဲ့ရသည်။ ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေးနှင့် တော်လှန်ရေးစကားရပ်
ထည့်သွင်းရေးတို့နှင့် ပတ်သက်၍ ယခင်အစည်းအဝေးများတွင် သဘောတူပြီးဖြစ်သည်ဟု
အန်စီစီတီဘက်မှ ပြောကြားခဲ့သည်။ အဆိုပါ အခင်းအကျင်းများအောက်တွင်
အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးမှာ ကြန့်ကြာကောင်း ကြန့်ကြာဦးမည့်သဘော
သုံးသပ်နိုင်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းသော
သဘောတူညီချက်စာချုပ် (မူကြမ်း)တွင် နှစ်ဖက်ညှိနှိုင်းရန် ကျန်ရှိနေသော
အချက်များဖြစ်သော ကြားကာလ တပ်များတည်နေရာသတ်မှတ်ခြင်း၊ အပစ်အခတ်
ရပ်စဲကာလတွင် အဓမ္မလူသစ်စုဆောင်းမှု မပြုခြင်း၊ အပစ်ရပ်စာချုပ်
ပါဝင်လက်မှတ်ရေးထိုးသူများ၏ စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့်
နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည့်ပုံစံ စသည်တို့အနက် တပ်ပိုင်းဆိုင်ရာ
ကိစ္စများတွင် ကျေလည်မှုမရရှိပါက အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးမှာ
နှောင့်နှေးနိုင်ဖွယ် ရှိသည်ဟုလည်း သုံးသပ်ကြသည်။
အပစ်အခတ်ရပ်စဲရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆိုင်ရာ
လုပ်ငန်းစဉ်များကို တိုင်းရင်းသားပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်
သိရှိနိုင်အောင် ဆောင်ရွက်မှုအပိုင်းတွင်လည်း အားနည်းနေဆဲဖြစ်သည်။
တစ်နည်းအားဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
တိုင်းရင်းသားပြည်သူလူထု၏ စိတ်အားထက်သန်စွာ ပါဝင်မှုသည် လျော့ရဲနေဆဲဖြစ်သည်။
သဘောတူညီချက်များနှင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို
တိုင်းရင်းသားပြည်သူလူထုအကြား ရှင်းလင်းဆွေးနွေးနိုင်ရန်
လိုအပ်နေဆဲဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထု အများစုအနေဖြင့် အချိန်ယူ
ဆွေးနွေးရသည့်အပေါ် နားလည်သဘောပေါက်ပြီးဖြစ်သော်လည်း နှစ်ဖက်၏
ပွင့်လင်းမြင်သာမှုရှိရှိ သတင်းထုတ်ပြန်မှုကို လိုလားလျက်ရှိသည်။ သို့ရာတွင်
တိုင်းရင်းသားပြည်သူလူထုအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို
အချိန်တိုအတွင်း တက်သုတ်ရိုက်ဖော်ဆောင်ရန် ဖိအားပေးသည့်သဘော မရှိသည်မှာ
သိသာမြင်သာသည်ဟု သုံးသပ်နိုင်သည်။
တပ်ပိုင်းဆိုင်ရာကိစ္စများ
ညှိနှိုင်းဆွေးနွေးမှုကို အကြောင်းပြုလျက် အပစ်အခတ်ရပ်စဲရေး
စာချုပ်ချုပ်ဆိုနိုင်ရန် ကြန့်ကြာမှုများ ဆက်ရှိနေမည်ဆိုလျှင် ကြားဝင်သူ
အကျိုးဆောင်စစ်စစ်များ လိုကောင်းလိုလာနိုင်ဖွယ် ရှိသည်။
အပစ်ရပ်ဆွေးနွေးပွဲများတွင်ဖြစ်စေ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင်ဖြစ်စေ၊
ကြားဝင်သူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် တိုင်းပြည်တို့သည်
လိုအပ်တတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ လက်ရှိပြည်ထောင်စု ငြိမ်းချမ်းရေးနှင့်
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ကြားခံညှိနှိုင်းသူများ
တရားဝင်ပါဝင်ခြင်း မရှိသည့်အလျောက် ကြားဝင်ညှိနှိုင်း ဆောင်ရွက်နိုင်မည့်
လူပုဂ္ဂိုလ် သို့မဟုတ် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းသည် လတ်တလော
နိုင်ငံရေးကွက်လပ်ကြီးဖြစ်လျက် ရှိနေသည်။
ကမ္ဘာ့ကုလသမဂ္ဂ၊
အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့်
နော်ဝေနိုင်ငံတို့သည် ကြားဝင်ညှိနှိုင်းနိုင်ခြေ မြင့်မားသော
နိုင်ငံများနှင့် အဖွဲ့အစည်းတို့ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆိုင်းငံ့ခဲ့မည်ဆိုလျှင် ကမ္ဘာ့ကုလသမဂ္ဂတွင်
ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ သီးခြားအဖွဲ့အနေဖြင့်
ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မည့် အလားအလာများကို
ကြိုတင်ဆန်းစစ်ထားနိုင်ရန် လိုအပ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င်
သော့ချက်နိုင်ငံများပါဝင်သော အထူးအကျိုးဆောင်အဖွဲ့ကို သီးခြားဖွဲ့စည်းလျက်၊
မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားကောင်းမောင်းသန်အောင်
ဝိုင်းဝန်းပံ့ပိုးနိုင်မည်ဆိုလျှင် အလျော်ကန်ဆုံး ဖြစ်သည်။
မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရေးမဟုတ်သော အထောက်အပံ့အကူအညီများ
ဆက်တိုက်ပေးအပ်နေသည့် အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း
ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ရှေ့မတိုးနောက်မဆုတ်
ဖြစ်လာနိုင်ဖွယ်ရှိသည့် အနေအထားကို ကျော်လွှားနိုင်ရေးတွင်
ကြားဝင်ဆောင်ရွက်နိုင်မည့် အလားအလာများကို စနစ်တကျ ချဉ်းကပ်ပြင်ဆင်သင့်သည်။
အမေရိကန်နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုများနှင့် တစ်စိတ်တစ်ဒေသ
ဆက်စပ်နေသည့် မြန်မာ့ဒီမိုကရေစီအရေးတွင် အမေရိကန် အစိုးရအနေဖြင့်
ကြားဝင်အကျိုးဆောင်နိုင်မည့် အနေအထားများကို ဆောလျင်စွာ
ပြင်ဆင်ပြီးဖြစ်လိမ့်မည်ဟု သုံးသပ်နိုင်သည်။
ထိုနည်းတူ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခန်းကဏ္ဍသည်လည်း မြန်မာနိုင်ငံ၏
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
ဗျူဟာမြောက် အရေးပါနေဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် မြန်မာ့အရေးတွင်
ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုလျှင် တိုင်းရင်းသားပြည်သူလူထုအတွက်
ပိုမိုအကျိုးများမည်ဟု ထင်မြင်မိသည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့်
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ငွေကြေးပုံအော ထောက်ပံ့ပေးနေသော
နော်ဝေနိုင်ငံတို့ အနေဖြင့်လည်း၊ ကြားဝင်
အကျိုးဆောင်ရွက်လာနိုင်မည်ဆိုလျှင် ပိုမိုအားကောင်းမောင်းသန်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်နှင့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ သောင်မတင်ရေမကျ ဖြစ်လာခဲ့မည်ဆိုလျှင်
ဆောလျင်စွာ ထိခိုက်နစ်နာမည့်သူများမှာ တိုင်းရင်းသား ပြည်သူလူထုသာ ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့သည်
နိုင်ငံရေးအရ သေရေးရှင်ရေးတမျှ အရေးကြီးနေသည့်အချိန်တွင် ကုလသမဂ္ဂ အပါအ၀င်
ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် ဖြစ်လာနိုင်ခြေရှိသော လွဲချော်မှုများကို
ကြားဝင်ထိန်းကျောင်းလျက် စစ်စစ်မှန်မှန် အကျိုးဆောင်နိုင်ရန်
လိုအပ်မည်ဖြစ်သည်။ သို့မဟုတ်ပါက မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်ကြီးတစ်ခု လုံးကိုကတိမ်းကပါး ဖြစ်နိုင်သည်အထိ
သက်ရောက်မှုရှိလာနိုင်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။
Credit - Eleven Media Group
No comments:
Post a Comment