Friday, September 26, 2014

ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့
 
 ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။
ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myanmar Industrial Port) က ငွေကျပ်သိန်းငါးရာစီ လှူဒါန်းခဲ့ပြီး အထည်ချုပ်လုပ်ငန်း တည်ထောင်ထားသည့် ၀မင်းကုမ္ပဏီ၊ Strong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တုတွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်တစ်ခုတို့ စုပေါင်းပြီး ကျပ်သိန်းငါးရာ လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အလှူရှင် ခုနစ်ဦးသည် စုစုပေါင်းငွေ ကျပ်သိန်း ၁,၅၀၀  လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
ခေါင်းလောင်းကြီး ရှာဖွေရန် ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုပြီးနောက် ဆယ်ယူကုန်ကျစရိတ်အတွက် အလှူငွေ လှူဒါန်းပွဲကို ပဲခူးမြို့ ရွှေမော်ဓောဘုရားတွင် ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ပြီး အလှူရှင်များ စာရင်းကို ယင်းရှင်းလင်းပွဲသို့  တက်ရောက်ခဲ့သော ဒေသခံ သတင်းထောက်တစ်ဦးက ပြောသည်။
ခေါင်းလောင်း မတွေ့ဘဲ တွေ့သည်ဟု ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ‘‘သူ ဒီလက်ရှိ သန်း၅၀ ကို လိမ်တယ်။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်လို့ပြောတယ်’’ဟု ခေါင်းလောင်းဆယ်ယူရန် ကျပ် ၅၂ သိန်းကျော် လှူဒါန်းခဲ့သည့် ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ဦးစံလင်းဦးဆောင်သည့် ခေါင်းလောင်းဆယ်ယူရေးမှာ ပဲခူးမြို့ ရွှေအုန်းပင် စားသောက်ဆိုင်မှ စတင်ခဲ့သည့်အတွက် ထိုနေရာမှာပင် အဆုံးသတ်လို၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့တွင် ငွေစာရင်းကိုပါ တာဝန်ယူ ကိုင်တွယ်ခဲ့သော ဦးဝင်းမြင့်က ပြောသည်။  ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက သြဂုတ်၂၆ ရက်တွင် ခေါင်းလောင်းတွေ့ရှိပြီဟု ကြေညာခဲ့ပြီး အမှန်တကယ်တွေ့ရှိခဲ့သော အရာမှာ သင်္ဘောပျက်ဟု ယူဆရသည့် သံထည်သာဖြစ်နေသည်။
‘‘ကျွန်တော်တို့ ဖုန်းတွေကို ပိတ်ခိုင်းထားတယ်။ သင်္ဘောကနေ အပြင်ထွက်လို့ မရဘူး။ ကျွန်တော် အဓိဋ္ဌာန် ၂၀ ရက်မြောက်နေ့မှ သူကထုတ်ပြန်သွားတာ။ အဓိဋ္ဌာန်က ၂၅ ရက်ဆိုတော့ ပြောလို့ မရခဲ့ဘူး။ အဓိဋ္ဌာန်က ထွက် ကုန်းပေါ်မှာ ရက် နှစ်ဆယ်နေခဲ့ပေမယ့် ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မပြောခဲ့ဘူး’’ ဟု ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးဝင်းမြင့်က ခေါင်းလောင်း တွေ့ရှိသည်ဟု ကြေညာသည်မှာ ဦးစံလင်းဖြစ်ပြီး ၎င်းတို့ကို မတိုင်ပင်ဘဲ လိမ်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
‘‘အဲဒီမှာ အရမ်းတုန်လှုပ်သွားတယ်။ မနက်ဖြန်ပဲ ကိုယ်တို့ အဖမ်းခံရတော့မလား စိုးရိမ်တယ်ပေါ့။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်ပြောမယ်ဆို အများကြီးချောက်ချားကုန်တယ်။ သင်္ဘောသား တစ်ဖွဲ့လုံး။ ကိုယ် ဒါ ပြီးရင် ဒါ နိုင်ငံတော်သမ္မတကြီးဆီ တင်ပြမယ်။ ဒီဖြစ်စဉ်အားလုံးကို တင်ပြမယ်’’ ဟု ဦးစံလင်း လိမ်လည်ခဲ့သည်များကို သမ္မတထံသို့ ပါတင်ပြမည်ဟု ၎င်းကဆိုသည်။
 သတင်းမထုတ်ပြန်မီ သြဂုတ် ၂၅ ရက်ညတွင် ဦးစံလင်းက ၎င်းကို အိပ်ရာမှ နှိုးပြီး မြစ်သုံးစင်းဆုံရာသို့  ကြည့်ရှုစေ၍ ရွှေရောင်နဂါး ဆီမီးပူဇော်သည်ကို တွေ့လားဟု မေးမြန်းခဲ့ကြောင်း၊ ၎င်းက မတွေ့ရှိဟု ပြန်လည်ဖြေကြားရာတွင် သီလသမာဓိမရှိ၍ မတွေ့ရှိခြင်းဖြစ်သည်ဟု မူမမှန်စွာပြောခဲ့ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
ခေါင်းလောင်းတွေ့ရှိခြင်းမရှိဘဲ တွေ့ရှိသည်ဟု လိမ်လည်ခဲ့သောအဖွဲ့နှင့် ပတ်သက်၍ အလှူ ရှင်တစ်ယောက်အနေဖြင့် မည်သို့ခံစားရကြောင်း မေးမြန်းရာ ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မိုးက ‘‘လှူတာပဲ လုပ်လိုက်တာပါ။ ကျန်တာဘာမှ မရှိဘူး။ ဘာပြောစရာမှ မရှိပါဘူး’’ဟု စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။
‘‘ဘာညာ အဆက်အသွယ်တွေ မရှိပါဘူး။ ဒီအတိုင်း လှူလိုက်တာပါ။ လှူတာက ကျွန်တော့်အစ်ကိုပါ။ ဘာမှပြောစရာမရှိပါဘူး’’ဟု ၀မင်းကုမ္ပဏီအုပ်စု ဒါရိုက်တာ နောင်ခွန်မြင့်ဝေက ပြောကြားသည်။
ကုမ္ပဏီများ လှူဒါန်းသော ငွေကျပ် သိန်းတစ်ထောင့်ငါးရာသည် ယတိပြတ်လှူဒါန်းခြင်း ဖြစ်သောကြောင့် ပြန်အမ်းမည် မဟုတ်သော်လည်း အလှူရှင်များ လှူဒါန်းသော ငွေကြေးများကို ပြန်လည်ပေးအပ်သွားမည်ဟု ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
‘‘ငွေကြေးအများဆုံး လှူခဲ့တဲ့ အလှူရှင်တွေက အသုံးစရိတ်တွေ ဘာတွေလာမပြနဲ့ မီးရှို့ လိုက်တောင် ရတယ်လို့ ပြောတယ်။ သူတို့ကိုလည်း ပြန်မပေးနဲ့ ယတိပြတ်လှူတာလို့ ပြောတယ်။ ကျန်တဲ့ပိုက်ဆံကို ဦးစံလင်း၊ ဦးကြည်လင်းတို့ကို ပြန်ပေးခဲ့ပါတယ်။ ဦးစံလင်းက ပါမစ်ကိုင်ထားတဲ့သူဆိုတော့ တူးဖော်ခွင့်ရနေသေးပါတယ်။ ဒီငွေတွေကို ဆယ်ယူရေးမှာ သုံးချင်သုံးမှာပါ’’ဟု ဦးဝင်းမြင့်ကပြောသည်။
ထို့အပြင် ခေါင်းလောင်း ဆယ်ယူရေးအတွက် အများပြည်သူများမှ လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ သိန်းကျော်ရှိသည်။ အဆိုပါအလှူငွေများကို ပြန်ပေးမည်ဟုဆိုသည်။ လုပ်ငန်းရှင် ခုနစ်ဦးနှင့် ဦးဝင်းမြင့်အပါအ၀င် အခြားလုပ်ငန်းရှင်အချို့က လှူခဲ့သော စုစုပေါင်း ငွေကျပ် ၁၅၈၃ သိန်းကျော်မှ တစ်ထောင်ကျော်ကို ခေါင်းလောင်း ဆယ်ယူရေးအတွက် အသုံးပြုခဲ့ပြီး ပိုသောငွေကျပ်သိန်းငါးရာကျော်ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားကြောင်း သတင်းရရှိသည်။
အလှူငွေများကို ၎င်းတို့က အလှူခံခဲ့ခြင်း မဟုတ်ဘဲ ဦးစံလင်းနှင့်အဖွဲ့ ဆယ်ယူမည်ဟု သတင်းထုတ်ပြန်ပြီးနောက် အလှူရှင်များက ဆက်သွယ်ကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းမြင့်က ဆိုသည်။
‘‘ရန်ကုန်အစိုးရအဖွဲ့ကို ပါမစ်ကြေး ဘာမှမပေးရပါဘူး။ ဒီပါမစ်ခွင့်တောင်းတဲ့ စာရွက်ကို ဖတ်ပြီးပေးလိုက်တာပါ။ သောင်တူးစက်ငှားရင် ပုံမှန်ဆိုရင် တစ်ရက် ၄၁ သိန်းလောက် ပေးရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ငါးသိန်းပဲ ပေးရပါတယ်။ စက်သုံးဆီဝယ်တာ၊ သင်္ဘောငှားတာတွေက ကုန်ကျစရိတ်များခဲ့ပါတယ်’’ ဦးဝင်းမြင့်က ပြောသည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့ဝင်များက ကျပ် သိန်း ၁၅၀၀ လှူ ဒါန်းခဲ့သူများ၏ စာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိဘဲ လှူဒါန်းသူများ၏ သဘောဆန္ဒအရ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
‘‘ပိုက်ဆံတွေ  အားလုံးကို ရွှေအုန်းပင်က ဦးဝင်းမြင့်က ငွေကိုင်တယ်။ အားလုံးသူကိုင်တယ်။ ပိုက်ဆံက သူ့ဆီက ပြန်တောင်းရတာ။ အခု ရှင်းလင်းပွဲလုပ်တာ ဘာမှ မပြောချင်ဘူး။ ဦးလည်း ရှင်းလင်းသွားဖို့ ရှိပါတယ်။ ပွဲစီစဉ်ဖို့ နေရာအတိအကျသိရရင် ကြေညာပေးမယ်’’ ဟု ဦစံလင်းက ပြောခဲ့သည်။
သို့သော် ဦးဝင်းမြင့်ကိုယ်တိုင် ဦးဆောင်၍ ကျပ်သိန်းတစ်ထောင် မတည်ကာ ခေါင်းလောင်းကို ဆက်လက်ရှာဖွေမည်ဟုဆိုသည်။
Credit - 7DAY DAILY

No comments:

Post a Comment