Friday, September 26, 2014

ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလအား တွေ့ဆုံလျှောက်ထားခြင်း

- ကျော်စိုးဦး၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၇)။

နိုင်ငံတော် သံဃမဟာနာယကဆရာတော်များအား နိုင်ငံအတွင်းရှိ သံဃာ ထုဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခွင့်ရရန် ၂ဝဝ၇ ရွှေဝါရောင်သံဃာများမှ တောင်းဆိုမှုများရှိနေသည်။ လတ်တလော သံဃမဟာနာယကနှင့် တခြားသံဃာ တော်များအကြား အငြင်းပွားဖွယ်ရာဖြစ်ပေါ်ခဲ့သည့် မဟာသန္တိသုခကျောင်း စီးနင်း ဝင်ရောက်ခံရမှုကိုလည်း တရားသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုသံများလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လျက်ရှိပါသည်။


ယင်းအကြောင်းအရာနှစ်ခုနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိသော ရန်ကုန်တိုင်း သံဃမဟာနာယကဥက္ကဋ္ဌဆရာ တော် ဘဒ္ဒန္တဣဒ္ဓိဗလအား အထက်ဖော်ပြပါအကြောင်းအရာနှစ်ခုနှင့်ပတ်သက်၍ မည်သို့မိန့်ကြားလိုသည်ကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ သွားရောက် လျှောက်ထား မေးမြန်းဖြစ်ခဲ့ပါသည်။

ရွှေဝါရောင်ဆရာတော်တွေက ရွှေဝါရောင်(၇)နှစ်ပြည့်အခမ်းအနားမှာ သံဃနာယကဆရာတော်တွေကို သံဃာထုတွေရဲ့သဘောအတိုင်း ပြန် ရွေးချယ်ဖို့ တောင်းဆိုခဲ့ကြတော့ ဆရာတော့်အနေနဲ့ အဲဒီလိုတောင်းဆိုမှု အပေါ် သဘောထားအမြင်လေး သိပါရစေဘုရား။

အဲဒီလိုပြန်ရွေးချယ်ဖို့က နိုင်ငံတော်နဲ့ဆိုင်တာပါ။ ဘုန်းဘုန်းတို့နဲ့ မဆိုင်ပါဘူး။ ပြန်ရွေးချယ်ဖို့ကလည်း ငွေကြေးလိုအပ်တယ်လေ။

ရွှေဝါရောင်ဆရာတော်တွေက သံဃနာယကဆရာတော်တွေကို သံဃာ ထုရဲ့ဆန္ဒနဲ့အညီ ပြန်ရွေးချယ်ပေးဖို့တောင်းဆိုတဲ့အခါ အဲဒီသဘောထား က သံဃာငါးသိန်းကျော်ကို ကိုယ်စားပြုနိုင်ပါ့မလားဘုရား။

အဓိကကတော့ ရဟန်းတော်တွေညီညွတ်ဖို့က အရေးကြီးတာပါပဲ။ လူတစ်ယောက် အကြိုတ်တစ်မျိုးစီတော့ ရှိကြပါတယ်။

မဟာန္တိသုခကျောင်းကိစ္စနဲ့ပတ်သက်ပြီး အဲဒီအကြမ်းဖက်ခြင်းခံခဲ့ရတဲ့ ဆရာတော်တွေက ပြန်လည်တရားစွဲဖို့လုပ်နေတယ်လို့ သိရတယ်ဘုရား။

အဲဒါတွေ ငါမသိဘူး။

သန္တိသုခနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တာတွေက ဘယ်ကလဲဘုရား။

အဲဒါတွေက ငါ့အလုပ်လည်းမဟုတ်ဘူး။ အစိုးရနဲ့ သာသနာရေး ဝန်ကြီးဌာနကလုပ်တာ။ ကျန်တာတွေမသိဘူး။ ဂျာနယ်ဖတ်မှ ငါက သိ ရတာ။

သန္တိသုခဆရာတော်တွေက တရားစွဲမယ့်ထဲမှာ ဆရာတော်ပါဝင်နေတာကို သိပါသလားဘုရား။ ဆရာတော်တို့ရော ဘယ်လိုကြားသိထားလဲဘုရား။

ဒကာလေးတို့က ဗုဒ္ဓဘာသာလူမျိုးတွေလေ။ ဘာပဲလုပ်လုပ် ကိုယ် လုပ်တဲ့အလုပ်က အကုသိုလ်မဖြစ်ဖို့ အရေးကြီးတယ်လေ။

#TheYangonTimes

 
 

No comments:

Post a Comment