(ဆောင်းပါးရှင် - မြေနီသစ္စာ)
မြန်မာစာပေ၌
နေ့စဉ်မှတ်တမ်းစာပေမျိုး ပထမတွေ့မြင်ရသည်မှာ ကင်းဝန်မင်းကြီး
လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်း ဖြစ်လေသည်။ မြန်မာပြည်၏ သံအမတ်အဖြစ်ဖြင့်
ဥရောပတစ်လျှောက် လှည့်လည်သွားရောက်သဖြင့် ဘုရင်မင်းမြတ်ကစ၍ မင်းညီမင်းသား
မှူးမတ်များနှင့်သာ ရောနှောရသည့်အတိုင်း ထိုမှတ်တမ်းတွင် အထက်တန်းစား
မင်းစိုးတို့အကြောင်းသာ များစွာပါဝင်လျက် ရှိပေသည်။ တိုင်းသူပြည်သား
ဆင်းရဲသားတို့အကြောင်းကို များစွာမတွေ့ရချေ။ မိမိတွေ့မြင်သလောက်
ကြားရသလောက်ကိုသာ ရေးသားရခြင်းဖြစ်သောကြောင့် အခြားအကြောင်းများ မပါသည်ကို
အပြစ်ဆိုရန် မသင့်ပေ။
သိပံ္ပမောင်ဝသည် ကင်းဝန်မင်းကြီး၏
လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်းကို အကြောင်းပြု၍ ဝေဖန်ရေးအမြင်ဖြင့်
ယင်းသို့မှတ်ချက် ပေးထားခြင်းဖြစ်သည်။
“သိပံ္ပမောင်ဝသည်
သူကိုယ်တိုင်လည်း ခရီးသွားလေ့ရှိ၏။ ခရီးသွားခြင်းကြောင့် ရရှိလာသည့်
အကျိုးအပြစ်တို့ကိုလည်း ဖော်ထုတ်ဖွင့်ချလေ့ရှိ၏” ဒေသန္တရ ဗဟုသုတရှိခြင်း၏
အကျိုးကျေးဇူးမှာ များပြားလှသော်လည်း ၎င်းဒေသန္တရ ဗဟုသုတကို လိုလားသူတိုင်း
ကိုယ်တိုင်စုံစမ်း ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
ငွေကြေးလုံလောက်စွာရှိခြင်း၊ အားလပ်ခွင့်ရရှိခြင်း၊
ကျန်းကျန်းမာမာရှိခြင်း၊ ခရီးသွားရာ၌ တွေ့ကြုံရသော ဒုက္ခတို့ကို
သည်းခံနိုင်ခြင်း အစရှိသည့် အင်္ဂါတို့နှင့် ပြည့်စုံမှသာလျှင်
ကိုယ်တိုင်ဗဟုသုတကို ရှာဖွေနိုင်မည်ဟု ဆင်ခြင်သုံးသပ်ထား၏။
ခရီးသွားမှတ်တမ်းဖြစ်လာရန် တကယ်ခရီးသွားဖို့လို၏။ လက်တွေ့ခရီးမသွားဘဲ
စိတ်ကူးဖြင့် ခရီးသွားစာပေကို ရေး၍မရနိုင်ပေ။ ယင်းသို့ဆိုလျှင်
ခရီးသွားမှတ်တမ်းတို့ကြောင့် မည်ကဲ့သို့ အကျိုးရှိသည်ကိုလည်း
စမ်းစစ်ကြည့်ရပေမည်။
“ခရီးသွားဖူးသူတို့ ရေးသားထားသော စာအုပ်များကို
ဖတ်ခြင်းအားဖြင့် အလွယ်တကူ ဒေသန္တရဗဟုသုတကို ဆည်းပူးနိုင်ပေသည်။
ခရီးသွားဖူးသူ တစ်စုံတစ်ယောက်က ရေးသားထားသောစာအုပ်ကို ၀ယ်ယူဖတ်ရှုရာတွင်
ကိုယ်တိုင်သွားသလောက်လည်း ငွေကြေးမကုန်၊ အချိန်လည်း များစွာမလို ဗဟုသုတလည်း
အသင့်အလျောက် ရပေမည်။ ခရီးသွားတို့ ရေးသားထားသော မှတ်တမ်းတို့မှာ
အများ၏ကျေးဇူးကို များစွာဆောင်ပေသည်” ဟု သိပံ္ပမောင်ဝက ညွှန်းထားလေသည်။
မြန်မာတို့ဘက်က ခရီးသွားစာပေနှင့်ပတ်သက်၍ အားနည်းချက်များရှိ၏။
ရှေးဟောင်းမြန်မာစာပေတွင် ခရီးသွားသုတစာဟူ၍ မတွေ့မမြင်ရသည်မှာ
ဝမ်းနည်းစရာဟု သိပ္ပံမောင်ဝက ထုတ်ဖော်ဝေဖန်၏။ မြန်မာပြည်အကြောင်း၊
မြန်မာလူမျိုးတို့အကြောင်း၊ မြန်မာစကားအပါအ၀င် မြန်မာနှင့်ဆိုင်သမျှကို
အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ ခရီးသည်တို့ အသေအချာ ရေးသားထားသောစာများ
လွန်စွာပေါများလေသည်။ ၎င်းစာအုပ်တို့တွင် အချို့မြန်မာများ မသိသေးသော
အချက်ကိုပင် တွေ့မြင်ရလေ၏။
သီပေါမင်းနန်းတက်စမှာ မင်းညီမင်းသားတို့
အသတ်ခံရသည်။ ယင်းအသတ်ခံရသူတို့ထဲမှာ ညောင်ရမ်းမင်းသားမပါဘဲ
ဘာကြောင့်လွတ်မြောက်သွားပါသလဲ။ “ညောင်ရမ်းမင်းသားမှာ ကုလားကဲ့သို့ဝတ်စားကာ
ရာဇာဆွာမိဟူသောအမည်ဖြင့် အင်္ဂလိပ်ဘုန်းကြီးတစ်ဦးနှင့်အတူ ရုပ်ဖျက်ပြီးလျှင်
အင်္ဂလိပ်ကိုယ်စားလှယ်အိမ်သို့ ရောက်သွား၏”။ ဤအကြောင်းကို
အင်္ဂလိပ်စာစောင်တစ်ခုတွင် စုံလင်စွာရေးထားကြောင်း သိပ္ပံမောင်ဝက သတင်းစကား
ပါးထားလေသည်။
ရခိုင်ကနေ၍ မဟာမြတ်မုနိရုပ်ပွားတော် ဆောင်ယူခဲ့ပုံကို
သိပံ္ပမောင်ဝ စိတ်ဝင်စား၏။ လေ့လာ၏။ တောင်အထပ်ထပ်ကို ကျော်ပြီးလျှင်
ရခိုင်ပြည်က မဟာမြတ်မုနိ ရုပ်ပွားတော်ကို ဆောင်ယူခဲ့သည်မှာ
များစွာချီးမွမ်းအံ့သြဖွယ် ကောင်းလေသည်။ မည်သို့ ဆောင်ယူခဲ့သည်။
ရက်ပေါင်းမည်မျှကြာသည်။ လူပေါင်းမည်မျှပါဝင်သည် စသဖြင့် အသေအချာရေးသားရန်
သင့်ပေသည်ဟု သိပံ္ပမောင်ဝက ဆန္ဒပြုထားလေသည်။ အကယ်၍ ထိုသို့ဆောင်ယူရာတွင်ပါသော
တစ်စုံတစ်ယောက်က နေ့စဉ်မှတ်တမ်းအနေမျိုးဖြင့် စာတစ်စောင်တစ်ဖွဲ့
ရေးသားထားခဲ့သည်ဆိုလျှင် မည်မျှအကျိုးရှိသည်ကို ကောင်းစွာတွေးတော
ချင့်ချိန်နိုင်ပေသည်ဟု မှတ်ချက်ပေးထားလေသည်။
သိပံ္ပမောင်ဝသည်
ခရီးသွားစာပေနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း စဉ်းစား၏။
ဟံသာဝတီဆင်ဖြူရှင်နှင့် ဘုရင့်နောင်မင်းတရားကြီးတို့သည် ထိုင်းသို့မကြာမကြာ
စစ်ချီကြ၏။ စစ်ချီတက်ရာတွင်ပါသူ တစ်စုံတစ်ယောက်ကသာ နေ့စဉ်မှတ်တမ်းမျိုး
ရေးသားခဲ့ပါလျှင်ဟူသော အတွေးမျိုးကို သိပံ္ပမောင်ဝသည် မျှော်လင့်စွာတွေး၏။
ထိုပုဂ္ဂိုလ် တစ်စုံတစ်ယောက်သာ နေ့စဉ်မှတ်တမ်း ရေးသားခဲ့သည်ဆိုလျှင်
များစွာအကျိုးရှိမည်ဟု သိပံ္ပမောင်ဝက ငံ့လင့်စွာ ဆန္ဒပြုထားလေသည်။ ထို့ပြင်
“စစ်ဗိုလ်မှူးများမှာ မိမိတို့ စစ်ချီတက်ရာတွင် တွေ့ကြုံပုံ၊
တစ်နေ့တစ်နေ့လျှင် မည်မျှခရီးရောက်သည် အစရှိသည့် အကြောင်းတို့ကို ဧကန်ပင်
ရေးသားကြပေလိမ့်မည်။ ထိုစာတို့ကို ယခုအခါ မတွေ့မမြင်ရသဖြင့်
ရေးသားထားခဲ့ကြသည်ဟူ၍ပင် မှတ်ကြမည်မဟုတ်ပေ။ ဤစာများကို စုဆောင်းရှာဖွေ၍
ရမည်ဖြစ်မူကား မြန်မာစာပေအတွက် လွန်စွာပင် အကျိုးများပေလိမ့်မည်။
ကင်းဝန်မင်းကြီး၏ နေ့စဉ်မှတ်တမ်းကို သမိုင်းအတွက်လည်းကောင်း
လူအများသိရှိနိုင်ရန်အတွက် လည်းကောင်း၊ ဗဟုသုတ များစွာဖြစ်ရသည်ကို
သိပံ္ပမောင်ဝ ချီးကျူး၏။ သို့သော် ထိုမှတ်တမ်းတွင် တိုင်းသူပြည်သား
ဆင်းရဲသားတို့အကြောင်းကို သိပ်မတွေ့ရသဖြင့် သိပံ္ပမောင်ဝအဖို့
အချက်အလက်မွတ်သိပ်မှု ဆာလောင်နေဟန်ရှိ၏။ သို့သော် သိပံ္ပမောင်ဝက
“မိမိတွေ့မြင်သလောက် ကြားရသလောက်ကိုသာ ရေးသားရခြင်းဖြစ်သောကြောင့်
အခြားအကြောင်းများမပါသည်ကို အပြစ်ဆိုရန် မသင့်ပေ” ဟု
ဖြေသိမ့်ရေးသားထားလေသည်။ ဆင်ခြင်တုံတရားဖြင့် လေ့လာပွားများခြင်းပင်။
ခရီးသွားမှတ်တမ်း၊ နေ့စဉ်မှတ်တမ်းတို့နှင့် ပတ်သက်လာလျှင် သိပံ္ပမောင်ဝသည်
လက်တွေ့ကျ၏။ ယင်းခရီးသွားစာပေနှင့် မှတ်တမ်းတို့ကို မြန်မာစာပေထဲတွင်
သိုထားစုဆောင်း နေရာပေးလိုသောဆန္ဒသည် သူ့မှာပြင်းပြ၏။ ထိုမျှမက
သူကွယ်လွန်သည့်နေ့ မတိုင်မီအထိ စစ်အတွင်း နေ့စဉ်မှတ်တမ်းတို့ကို
ရေးမှတ်ထားခဲ့ရာ ယင်း သိပံ္ပမောင်ဝ၏ စစ်အတွင်း နေ့စဉ်မှတ်တမ်းကို
ပုဂံစာအုပ်တိုက်က စာအုပ်အဖြစ်နှင့် အမှတ်တရ ထုတ်ဝေထားခဲ့လေသည်။
မှတ်ချက်။ ။ ဤစာတမ်းကို သိပံ္ပမောင်ဝက သူ့ကလောင်ခွဲ သိပံ္ပကျောင်းသား မောင်မြသွင်အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်၏။
Credit - Eleven Media Group
No comments:
Post a Comment