ရန်ကုန်၊ စက်တင်ဘာ ၂၆
ထိုင်းနိုင်ငံ၏ စစ်အာဏာသိမ်း ခေါင်းဆောင်
ဝန်ကြီးချုပ် Prayuth Chan-ocha ၏ မြန်မာနိုင်ငံခရီးစဉ်ကို လာမည့်
အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ရှိ
ထိုင်းသံရုံး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ယခင်က လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အတွင်း မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်ရန် စီစဉ်ထားခဲ့ရာမှ အဆိုပါရက်သို့
ရွှေ့ပြောင်းသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် Prayuth
Chan-ocha ၏ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် ထိပ်ပိုင်းအရာရှိ အချို့ကို
တွေ့ဆုံရန် လျာထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ယင်းအပြင်
မြန်မာနိုင်ငံရှိ ထိုင်းလုပ်ငန်းရှင် အချို့နှင့်လည်း တွေ့ဆုံပြီး
တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း
ပိုမိုအကောင်အထည်ဖော်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောဆိုသည်။
မြန်မာအစိုးရဘက်က လာမည့် နိုဝင်ဘာလတွင် ထားဝယ်
ရေနက်ဆိပ်ကမ်း၏ ကနဦးလုပ်ငန်းပိုင်းကို စတင်ရန် ဆန္ဒရှိနေကြောင်း ထားဝယ်
ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်တစ်ဦးက Bangkok Post
သတင်းဌာနသို့ ပြောကြားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးစီးပါက
ဘန်ကောက်နှင့် ထားဝယ်မြို့သို့ တိုက်ရိုက် အဝေးပြေးလမ်း ဖောက်လုပ်မည်
ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူနှင့် ခရီးသွားများ ပိုရရှိနိုင်မည်
ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုပါ စီမံကိန်း ပြီးစီးရေးအတွက်
တွန်းအားပေးရမည် ဖြစ်ကြောင်း ထိုင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက
တိုက်တွန်းပြောကြားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည်
မြန်မာအစိုးရနှင့် Italian-Thai Development Plc ကုမ္ပဏီကြား သဘောတူညီထားသော
အကြီးစား ရင်းနှီးမြုပ်နှံမှု စီမံကိန်းတစ်ခု ဖြစ်ပြီး လက်ရှိတွင်
ဂျပန်အစိုးရ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးများ အာရုံစိုက်ခံရသော
ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်နေသည်။
ထိုင်းဝန်ကြီးချုပ် အနေနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံရန် အတွက်မူ အတည်ပြုချက် မရသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ
ထိုင်းသံအမတ်ကြီး Pisanu Suvanajata ၏ ပြောကြားချက်ကို Bangkok Post
သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလ ၂
ရက်နေ့က လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha ခေါင်းဆောင်သော နိုင်ငံတော်
တည်ငြိမ်အေးချမ်းရေး ကောင်စီ (NCPO) က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်
သြဂုတ်လ ၂၁ ရက်နေ့တွင် ထိုင်းအမျိုးသား ဥပဒေပြုလွှတ်တော် (NLA) က
အာဏာသိမ်းခေါင်းဆောင် Prayuth Chan-ocha ကို ဝန်ကြီးချုပ်အဖြစ်
တင်မြှောက်ပြီး တပ်မတော်ပိုင်း အများစု ပါဝင်သော ယာယီအစိုးရအဖွဲ့
တစ်ဖွဲ့ကို အတည်ပြု ခန့်အပ်ခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment