ရန်ကုန်၊ စက်တင်ဘာ ၂၅
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် PR စနစ်
ကျင့်သုံးရန် လွှတ်တော်နှစ်ရပ်က ပြင်ဆင်နေမှုကို ထောက်ခံကြောင်း
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီ၏ ၂၆ နှစ်ပြည့် အထိမ်းအမှတ်
အခမ်းအနားတွင် ထုတ်ပြန် ကြေညာလိုက်သည်။
တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ပါတီ၏ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ
၁၉ ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ တ.စ.ည ပါတီ
ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
PR စနစ်သည်
မြန်မာ့လွတ်တော် အတွင်းသို့ လူနည်းစု ကိုယ်စားလှယ်များ
အချိုးကျကိုယ်စားပြုခွင့် ရရှိနိုင်ခြင်း၊ ပါတီငယ်များ လွှတ်တော်အတွင်း
ပါဝင်လာနိုင်ခြင်းတို့ အပြင် ပါတီကိုယ်စားလှယ် အမည်စာရင်း တင်သွင်းရာတွင်
လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်လာနိုင်ခြင်းတို့ကြောင့် PR
ကို ထောက်ခံရခြင်း ဖြစ်သည်ဟု အဆိုပါပါတီ အတွင်းရေးမှူး ဦးဟန်ရွှေက
ပြောကြားသည်။
“NLD က နိုင်သွားမှာစိုးလို့ PR ကို ထောက်ခံတာ
မဟုတ်ပါဘူး။ အခုမှ PR စနစ်ကို ထောက်ခံတာ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်က
အမျိုးသားညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ PR ကို ကျင့်သုံးဖို့
အဆိုတင်သွင်းခဲ့တာပါ” ဟု ၎င်းက ထပ်လောင်း ရှင်းပြသည်။
၁၉၉၀
ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် “မဲအများရသူ
အနိုင်ယူစနစ်” FPTP သည် မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်
ဖော်ဆောင်နိုင်သည့် စနစ်မဟုတ်ကြောင်း၊ ထောက်ခံဆန္ဒမဲ အရေအတွက်
အချိုးအစားနှင့် ရရှိသော ကိုယ်စားလှယ် အချိုးအစား မမျှမတ ကွာဟမှုရှိပြီး
နစ်နာမှုများ ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောဆိုသည်။
ရွေးကောက်ပွဲများတွင်
အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန်အတွက် အမျိုးသားလွှတ်တော်က
အတည်ပြုထားပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော PR စနစ်ကို
အကောင်အထည်ဖော်ရန် ကိုယ်စားလှယ် ၃၆ ဦးပါ PR စနစ် အကောင်အထည်ဖော်ရေး
ကော်မတီကို ဇွန်လ ဒုတိယပတ်အတွင်း ဖွဲ့စည်းခဲ့သည်။
အဆိုပါ ကော်မတီက
သြဂုတ်လအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုမှ လွဲ၍
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ရွေးကောက်ပွဲ
အချိုးကျကိုယ်စားပြုစနစ် (PR) အသုံးပြုရန် ဆုံးဖြတ်ထားသည်။
PR စနစ်
သို့မဟုတ် မြန်မာနိုင်ငံ နှင့် ကိုက်ညီသော ရွေးကောက် ပွဲစနစ်တစ်ခု
ကျင့်သုံးရန် ပြည်သူ့လွှတ်တော်တွင်လည်း အတည်ပြုထားပြီး အဆိုပါ
ရွေးကောက်ပွဲစနစ်များ လေ့လာရန် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းတွင်
ကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်။
Credit - The Voice Weekly
No comments:
Post a Comment