ဆောင်းပါးရှင် - မင်းဒင်
--------
(တစ်)
တကယ်တော့ ကျုပ်ဟာ အယုံလွယ်တဲ့သူမို့ အယုံလွန်ပြီး ငတုံးစာရင်းထဲတောင် ဝင်လောက်ပါရဲ့။
ကြည့်လေ။ ကျုပ်လူပျို ပေါက်အရွယ်၊ ဗမာပြည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်း တာနဲ့ကြုံတုန်း ကလည်း တောင်သူလယ်သမားနဲ့ဆင်းရဲသားကျောမွဲ
လူတန်း စားတွေ ကောင်းစားရေး ဆိုတဲ့ အကြောင်းပြ ချက်နဲ့ မြန်မာ့
နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ဆိုတာကြီးကို ထူထောင်မယ် ဆိုတော့
ကျုပ်ဖြင့်၊ အလွယ်ယုံလိုက်မိ တာပါပဲ ။မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်
စနစ်ကြီးအောင်မြင်လိုက်ပုံများ ဗမာတစ်ပြည်လုံး ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ အမွဲတကာ့ ထိပ်ခေါင်၊ ဖွတ်မင်းနောင်ဘဝ ရောက်တဲ့ အထိခင်ဗျ။
(၁၉၈၈) ခုနှစ် လူထုအုံကြွမှုကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ၊
တို့တာဝန်အရေး သုံးပါးနဲ့ အသံကောင်းဟစ်ပြီး ရွှေကိုယ်တော် စစ်ဗိုလ်တွေ
တက်လာပြန်တော့လည်း ဟုတ်နိုးနိုး ထင်ခဲ့တဲ့ သူစာရင်းမှာ ထိပ်ဆုံးက
ကျုပ်ပါပြန်လေရော။ဒါပေမဲ့၊ ဒါပေမဲ့ဗျာ၊ ကျုပ်တို့ ဗမာပြည်သူတွေ ၊နူရာ
ဝဲစွဲ၊ လဲရာသူခိုးထောင်း၊ ဖွတ်သထက် ညစ်တဲ့အထိ၊ ကံဆိုးရှာကြပြီး၊
စစ်ဗိုလ်ချုပ်တွေ ကံဇာတာတက်လိုက်ပုံများ၊ မန်ချက်စတာယူနိုက်တက် ဘောလုံး
အသင်း ကို တောင်ဝယ်မလိုလိုဖြစ်တဲ့အထိ ဇဋိလ၊ဇောတိကတို့ကတောင် အဖေခေါ် ရမလောက်
ကြီးပွား ကုန်ကြပါရောလား။
နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းသာပြောင်းလိုက်ရင် ဗမာပြည်ဟာ စိနနိုင်ငံတော် ရဲ့ပြည်နယ် တစ်ခုစာရင်း ချက်ချင်းဝင်သွားအောင်ကို စွမ်းဆောင်နိုင် ခဲ့ကြပါပေတယ်။
ဗမာပြည်ရဲ့ နောက်မှလာတဲ့မောင်ပုလဲဒိုင်းဝန်ထက်ကဲ၊ဇာတ်လမ်းတွေမှာ ဇာတ်လိုက်ကျော် များဟာ “ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသားနှင့် ငါ၏ တပ်မတော် အတွက် အသက်ကို စွန့်လွှတ်ရန် အဆင်သင့် ရှိပါ၏”ဆိုတဲ့၊ အဘအမည်ရ ဗိုလ်မင်းတွေဖြစ်နေခဲ့တာမို့ ကျုပ်ရဲ့ ထစ်ကနဲ ရှိယုံလိုက် ချင်တဲ့ စိတ်က မကုန်ဆုံးခဲ့ပါဘူး။
(နှစ်)
ဟုတ်ပါ့ဗျာ။ဒီလိုနဲ့(၂၀၀၈)လို
ဟန်မကျ ပန်မကျ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တက်လာခဲ့တဲ့ လက်ရှိ ကြံခိုင်ရေး
ဗဟိုပြု စစ်ဗိုလ်တစ်ပိုင်း အစိုးရမင်းများ ဟာ၊ ဒီမိုကရေစီ
လမ်းကြောင်းပေါ်တက် လာပါပြီလို့ နောက်ကျမဲခေါင်းစဉ် တပ်ထား တဲ့
မဲလိမ်တွေစာရင်းပြပြီး မရှက်မကြောက်၊ လိပ်ကျော ကြောင်ကော်
၊ပြောင်ချော်ချော်မျက်နှာတွေနဲ့၊ ရသေ့ရှစ်သောင်း ဇာတ်ခင်း ခဲ့ ပြန်ရော ခင်ဗျ။
ကျုပ်ဆိုတဲ့ ကောင်ကလည်း ကိုယ့်ကိုယ်ကို ခန္တီပါရမီကြီး သယောင်ယောင်
ထင်တစ်လုံး အပြင် အာရပ်နွေဦးလို သတ်ဟယ်ဖြတ်ဟယ်၊သေဟယ်ကျေဟယ် ဆိုတာတွေ
နားလေစမျှ မကြားလိုတာကြောင့် ဒီတစ်ခါတော့ အတည်ကြံတာ ထင်ပါရဲ့
ဆိုတဲ့အတွေးနဲ့ ယုံချင် သလိုလိုဖြစ်မိပြန်ပါရောခင်ဗျ။ဒါပေမဲ့
သုံးလေး ခါသေဖူးခဲ့ပြီမို့ “ဗိုလ်မင်းအဘတွေ တိုင်းပြည်ကြီး ကို
ဘယ်လိုများပြန်လည် ထူထောင်ကြမှာပါလိမ့်” ဆိုတဲ့ သတိ သမ္ပဇဉ်လေး ကပ်ပြီး
စောင့်ကြည့်မိတဲ့ အချက်ကတော့ထူးခြားချက်လို့ဆိုရမယ်။
ဇာတ်လမ်းကတော့ မသန်းပါပဲခင်ဗျ ။နိုင်ငံတော်သစ်ဆီ ချီတက်ရာမှာလည်း အသွင်ပြောင်း စစ်ဗိုလ်များဟာ၊ ဓားပြဗိုလ်တပိုင်းစိတ်ထင်တိုင်း
ကြဲပြီး မိုက်ကြေးခွဲ သလို စစ်တပ်ကြီးရဲ့ အသုံးစားရိတ်ကို တိုင်းပြည်ဘဏ္ဍာ
တဝက်ကျော် သုံးသတဲ့ဗျာ။ စစ်တပ်အင်အားကို အဓိက ဖြုန်းတီး နေတဲ့ နေရာ
ကတော့ပြည်တွင်းလက်နက်ကိုင်တွေနဲ့ရင်ဆိုင်တဲ့နေရာမှာပါပဲ။ အားမနာ စတမ်းပြောရရင် ကျုပ်တို့နိုင်ငံစစ်တပ်ဟာ အိမ်နီးနား ချင်းဘယ်နိုင်ငံကို အနိုင်တိုက်နိုင်တဲ့ အင်အားရှိလို့တုန်း။တိတိကျကျပြောရရင် ဘင်္ဂလားဒေ့ရှ် ကိုတောင်နိုင်ဖို့ မသေချာလှပါဘူး။
ဘယ်မှာလာသေချာပါ့မတုန်း၊ဗမာစစ်တပ်ကိုဗမာလူထုက အယုံအကြည်မှ မရှိပေကပဲ။
ဒီနေရာမှာ ကျုပ်သတိရမိတာကတော့ တရုတ်ပညာရှိကြီးကွန်ဖြူးရှပ် ရဲ့နိုင်ငံတော် နဲ့ အစိုးရ လုပ်ငန်းဆိုင်ရာ အဆိုအမိန့်တစ်ခုပါပဲ။
ကွန်ဖြူး ရှပ်က အစိုးရအတွက်အရေးပါတဲ့ ကိစ္စသုံးရပ်ဟာ နိုင်ငံစားနပ် ရိက္ခာ
ဖူလုံမှု၊ စစ်လက်နက်ပြည့်စုံမှုနဲ့ အစိုးရအပေါ်ပြည်သူ့ယုံကြည်မှုပဲ
လို့ ဆိုပါတယ်။ အားလုံးကို မဖြည့်ဆီးနိုင်လို့ တစ်ခုခုကို
စွန့်လွှတ်ရမယ်ဆိုရင် ပထမဆုံး စွန့်လွှတ် ရမဲ့ အရာဟာ စစ်လက်နက် ပစ္စည်းတဲ့
ခင်ဗျ။ ဒုတိယစွန့်လွှတ်သင့်တဲ့ အရာကတော့ စားနပ်ရိက္ခာဖြစ်ပါသတဲ့။
ဘာကြောင့်တုန်း ဆိုတော့ ပြည်သူ လူထုရဲ့ယုံကြည်မှုဟာ အစိုးရ တစ်ရပ်အတွက်
မရှိမဖြစ်လို့ ပါတဲ့ဗျာ။ ကျုပ်လို ငတုံးတောင် ဒီအချက်ကိုသိနေရင်
ဒင်းတို့မသိပဲနေပါ့မလားဗျာ။
(သုံး)
ဒီတော့ ကျုပ်တို့အစိုးရမင်းများ ဘယ်ခြေလှမ်းလှမ်းနေတယ် ဆိုတာ၊ ဆင်ခြေရာနဲ့ပြောင်းခင်းတပ်အပ်
ဆိုသလို မည်သူမဆို၊ အဝေးက ပင်မြင်နေကြရပါပြီ။ စစ်တပ်ကြီးစိုးတဲ့
ခေတ်တုန်းဆီက စစ်တိုင်းမှူးများဟာ၊ နယ်စားပယ်စား ပဒေသရာဇ်တွေ လို
ထင်ရာစိုင်းခဲ့ သလိုပဲ၊အခု လက် ရှိပစ္စက္ခအချိန်မှာ လည်း ပြည်နယ်
တိုင်းဝန်ကြီးချုပ်တချို့ဟာ ရုံးတစ်ရုံး ဓားတစ်စင်း ထင်တိုင်းကြဲနေ တုန်းပါပဲဗျာ။
မြင်သာ အောင်တည့်တည့်ထောက်ပြရရင် ရန်ကုန်မြို့ကို ဒလဖက်ဆီ တိုးချဲ့မဲ့
စီမံကိန်း ကိုသာကြည့်ကြပါလေတော့။ ဘယ်လောက်များ လျှို့ဝှက်သိုသိပ်ခဲ့သလဲ
ဆိုရင် ဒီမိုကရေ စနစ် ကျင့်သုံးနေပါတဲ့ အချိန်ကြီးမှာ၊ အဲဒီမဟာ
စီမံကိန်းကြီး အကြောင်း လွှတ်တော်ကတောင် မသိလိုက်ပါဘူးတဲ့ခင်ဗျာ။ ဟစ်တဲ့လေသံ
ကတော့ တိုင်းပြည်ဖွံ့ဖြိုးရေး၊မြို့တော်ကြီး
စည်ပင် စိုပြေလာရေးဆိုတဲ့ ထူးမခြား နားလေသံပါပဲ။ တကယ့်လက်တွေ့မှာတော့
အများသိတော် မူပြီးဖြစ်ကြတဲ့ အတိုင်း တရုတ်လက်သိပ် ထိုး၊မဲပြာပုဆိုး အစီအမံ
ဖြစ်နေပါရောလားဗျာ။
အေးလေ၊အစိုးရမင်းများရာထူးအသီးသီးခွဲဝေယူကြကတည်းက “တိုင်းပြည်ဖွံ့ဖြိုးစေရမဟဲ့”ဆိုတဲ့
စိတ်ကောင်းစေတနာမှ မရှိကြတာ ကလား။ ရမ်းသမ်းပြီး စွပ်စွဲတာမဟုတ်ရပေါင်ဗျာ။
အစိုးရ အဖွဲ့တက်လာပြီဆိုကတည်းက ဝန်မင်းများရဲ့ဓနဥစ္စာကြွယ်ဝမှုကို
စာရင်းလေး တို့ထားပြီး ရာထူး သက်တမ်းကုန် တဲ့အခါ၊ပြန်စိစစ်ကြည့်ဖို့
တင်တဲ့အဆိုဟာ လွှတ်တော်မှာ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါပြီ ကော။
ဒီအချက်ကိုကြည့်ရင် စစ်ဗိုလ်တဖြစ်လဲ ဝန်မင်း၊စစ်ဗိုလ်တွေ ရဲ့သြဇာ
နည်းနာကို၊ တနည်းနည်းနဲ့၊ မလွန်ဆန်နိုင်တဲ့အရပ်သားဝန်မင်းတွေဟာ
ရာထူးကို အသုံးချပြီး စီးပွားရှာချင် ရှာနိုင်တယ်ဆိုတဲ့
အကျင့်ပျက်လိုင်စင် ချပေးထား သလိုဖြစ်မနေဘူးလားဗျာ။ ဝန်မင်းများကတော့
ရှက်ရကောင်း မှန်းတောင် သိကြဟန်မတူ ပါဘူး။
အဗ္ဗဒူကလမ်ဆိုသူပုဂ္ဂိုလ်ကြီးဟာ
(၂၀၀၇)ခုနှစ်မှာ အိန္ဒိယသမ္မတကြီးအဖြစ် ကနေ အနားယူ သွားတဲ့အချိန်မှာ
သမ္မရာထူး လက်ခံစဉ်က၊ပါလာခဲ့တဲ့ စာအုပ်သေတ္တာနှစ်လုံးကို ဆွဲပြီး သမ္မတ
အိမ်တော်ကနေ ပြန်လည် ထွက်ခွာ ခဲ့တာကို ဗမာအစိုးရမင်းများ အတုယူ
ရကောင်းမှန်းမှ၊ သိပါလေစ။
နိုင်ငံတစ်ကာ
ကုန်သွယ်မှုတွေလုပ်နေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက်ရဲ့ မှတ်ချက် ကတော့
မှတ်သားစရာ ကောင်းလှပါတယ်။ ဗီယက်နမ် လည်း ဗမာပြည်လို ပြုပြင်ပြောင်းလဲရေး
လုပ်နေတာပါပဲတဲ့။ဒါပေမဲ့ ဗီယက်နမ်နဲ့ ဗမာကွာတဲ့အချက်ကတော့ ဗီယက်နမ်ဟာ၊
လုပ်ပိုင်ခွင့် ကို အာဏာရှင် ဆန်ဆန် ချုပ်ကိုင်မထားပဲ
တတ်သိပညာရှင်တွေရဲ့သဘောအတိုင်း
ဆုံးဖြတ် လုပ်ကိုင်ခွင့် ရှိခြင်းပဲတဲ့ဗျာ။ ပိုပြီးမှတ်သား
စရာကောင်းတာကတော့ လာဘ်ပေးလာဘ်ယူ ကိစ္စမှာ၊ ဗမာက ဘယ်ပန်းချီရေးမမီအောင်ကို
ဗီယက်နမ်ထက်သာ လွန်ပြောင် မြောက် ပါသတဲ့။
(လေး)
တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ အသက်တမျှအရေးပါလှတဲ့ ဘဏ်စနစ်ကို ပြန်ကြည့် ကြအုံးစို့ရဲ့ဗျာ။ဗမာပြည်မှာ
ထိန်းမရ သိမ်းမရဖြစ် နေတဲ့ အိမ်မြေဈေး အဆမတန်ကြီးမြင့်နေခြင်း ဟာ ဘဏ်စနစ်
ဖရိုဖရဲဖြစ်နေခြင်းမှာ အရင်းခံပါတယ်။ကျုပ်သိသမျှ အိမ်မြေဈေးကွက်မှာ ခြယ်
လှယ်နေတဲ့ ဗမာ သူဌေးတွေကတော့၊မူးယစ်ဆေးဝါးအပါအဝင်တရားမဝင်နည်းလမ်းနဲ
့ရလာ တဲ့ငွေမဲတွေကို အိမ်မြေဈေးကွက်မှာ ခဝါချတယ်။ မြေကွက်ဝယ်လိုက်၊
ဘဏ်မှာ အပေါင်ထား ငွေထုတ်လိုက်၊မြေကွက်သစ်ထပ်ဝယ်လိုက် နဲ့ အလုပ် ဖြစ်နေကြတာပါပဲ။
အချိန်တိုအတွင်း မှာ အဆမတန်ဈေးမြင့်လာတာကြောင့်
ဂျာအေး သူ့အမေရိုက် တဲ့ ဇာတ်လမ်းဖြစ် လာပါရော။ သိန်းတစ်သောင်း
တန်တဲ့မြေကွက်ကိုဝယ်ပြီး ဘဏ်မှာ ခုနစ်ထောင်နဲ့ပေါင်တယ်။ တနှစ်ကြာတော့
မြေကွက်ဈေး က နှစ်သောင်းဖြစ် လာတယ်။ ဘဏ်မှာ ချေးငွေပြန်တင်တော့
တစ်သောင်းလေးထောင်ရတယ်။ ဆက်ဝယ်ဆက်မြတ်၊ အမြတ် သံသရာ လည်ပြီး ဆင်းရဲသားတွေ၊
နေစရာတဲ စုတ်မရှိလောက်အောင် ငုတ်တုတ် မေ့ ကုန်တော့တာပါပဲ။
ဗမာဘဏ် သူဌေးတွေ တည်ထောင်ထားတဲ့ ဗမာဘဏ်တွေမှာ ဘဏ်လုပ်ငန်း ကျွမ်းကျင်တဲ့ ပညာရှင် ဘယ်နှစ်ယောက်များရှိပါလိမ့်။ ဘဏ် အများစုဟာ အငြိမ်းစား ဘဏ်အရာရှိဟောင်း များနဲ့ ကျားကန်ထားကြပုံရပါတယ်။ခေတ်
ဆိုးခေတ်ကြပ်ကြီးထဲမှာ ကြိုးနီ စနစ်နဲ့ ခေါက်ရိုး ကျိုးခဲ့တဲ့
အစိုးရဝန်ထမ်းဟောင်း ဘဏ်အရာရှိတွေဟာ အခုလို ခေတ်ပြောင်း ချိန်မှာ တကယ်တမ်း
အသုံးတည့် ပါ့မလား။ တကယ်တော့ နိုင်ငံ တစ်ကာ အဆင့်မီ ပညာရှင်တွေ ခန့်ထားတယ်
ဆိုရင်တောင် မပြည့်စုံသေးပါဘူး။
လွတ်လပ်စွာ
ဆင်ခြင်ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။
ဆိုလိုချင်တာက ဘဏ်လုပ်ငန်းပညာရပ်မှာ ထိပ်ထိပ်ကြဲ ထူးချွန်ပြောင်မြောက်လှ
ပါချည့်ရဲ့ ဆိုတဲ့၊နိုင်ငံတကာ အဆင့်မီ ဘဏ်ပညာရှင်တွေတောင်
နေ့စဉ်ဘဝမှာနာရီပိုင်းနဲ့အမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရလို့ပါပဲ။
လာအပ်တဲ့ငွေလေးလက်ခံလိုက်၊ပြန်ထုတ်ပေးလိုက်၊ငွေထုတ်ချေးလိုက်၊ အတိုးလေးယူလိုက် ဆိုတဲ့ အလုပ်မျိုးကတော့ လွန်ခဲ့တဲ့နှစ် ပေါင်း တစ်ရာကျော်လောက်က၊ ချစ်တီးတွေတောင် လုပ်တတ်ပါရဲ့ဗျာ။
ဘဏ်ဝန်ထမ်းဟောင်းအရာရှိတွေကို
အထင်အမြင်သေးခြင်း မဟုတ် ရပါဘူး။ သူတို့ ဟာ ခြေစွမ်းရှိသလောက်၊
ကစားနိုင်တဲ့အခြေ အနေရှိရဲ့လား။ ထားစရာမရှိတဲ့ သူဌေး တွေ ထင်ရာစိုင်းနေတာ၊
ငွေမဲကို ငွေဖြူလုပ်တာလောက်ကိုသာ၊ ဗိုလ်ချုပ်ဟောင်းများရဲ့ တရားမဝင်
ဓနဥစ္စာတွေကို လုပ်ထုံးလုပ်နည်းနဲ့ညီအောင် လူမိုက်အားပေး လုပ်နေ ကြရလေရော့ သလား။ ဘဏ်စနစ်ရဲ့အရေး ကြီးပုံကို တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူတွေ တကယ်တမ်း သိနားလည်ကြ ရဲ့လား ။ နိုင်ငံ တကာ ချေးငွေ အတိုးနှုန်းကိုတောင် နားလည်ကြ ရဲ့လား။ သိချင်စမ်း ပါဘိ။
(ငါး)
တနိုင်ငံလုံး လျှပ်စစ်မီးလင်းဖို့၊ကျုပ်တို့ခေတ်အဆက်ဆက်လည် တဆန့်ဆန့်၊မျှော်ခဲ့ကြပေမဲ့
စစ်အစိုးရအဆက်ဆက် ဘယ်ဆည်ကြီး ဆောက်နေပြီ၊ ဘယ်လောက် မီဂါဝပ် ဘယ်တိုင်း
ဘယ်ပြည်နယ် ကိုဖြန့်မယ်ဆိုတဲ့ မစားရဝခမန်းသတင်းတွေနဲ့ တင်နိဌိတံ သွားခဲ့တာ
အခု အစိုးရသစ် လက်ထက်မှာလည်း ထို့နည်းလည်းကောင်း ပါပဲ။
တစ်နိုင်ငံလုံးမီးလင်းဖို့ မဆိုထားနဲ့။ မြို့ကြီးတွေမှာတောင် အခုချိန်အထိ
ပုံမှန်မီးမလင်းသေး ပါဘူးဗျာ။ နေပြည်တော် ကတော့ ခြွင်းချက် ဆိုပါတော့။
မီးပြတ်တာ ၊ အင်တာနက်ပြတ်တာ နှေးတာကို မိုးကြိုးပစ်လို့ ၊ ဆည်ရေနည်းလို့ ၊
ဆည်ရေကြီး လို့ ၊ ရေအောက် ကေဘယ်ကြိုး ခိုက်မိလို့ ၊ ဓာတ်တိုင် ခွေးသေး
ပန်းသွားလို့ ၊ ဓာတ်ငွေ့ ပိုက် ကြွက်ကိုက် သွားလို့ စသဖြင့်
ပါးစပ်ထဲတွေ့တဲ့ ဆင်ခြေတွေပေးနေကြတုန်းပါပဲဗျာ။
စင်္ကာပူမှာနေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက် သူ့လုပ်ဖော်ကိုင်ဖက် စင်္ကာပူ
အင်ဂျင်နီယာ တစ်ယောက်နဲ့ဆုံမိကြတုန်း စင်္ကာပူမှာ မီးမ ပြတ်တာကို နှုတ်က
ဖွင့်ဟပြီးချီးကျူးမိသတဲ့။ဒီတော့
စင်္ကာပူအင်ဂျင်နီယာက လျှပ်စစ်မီး ဟာပြတ်တတ် ပါတယ်၊ပြတ်တာကို သုံးစွဲသူ
တွေမသိလိုက် တာပါတဲ့ဗျာ။ လျှပ်စစ်ဆိုတာ ဓာတ်ကြိုးထဲမှာ
အမြဲရှိနေရမဲ့အရာမို့၊ခဏခဏပျက်နေတဲ့
ကုမ္ပဏီ က လျှပ်စစ်ဓာတ်အားကို ဘယ်သကောင့်သားသုံးစွဲသူက ဝယ်သုံးမှာ
တုန်းတဲ့။ဒါကြောင့် လျှပ်စစ် ဝန်ဆောင်မှုပေးပြီဆိုတာနဲ့ လျှပ်စစ်
ဓာတ်အားပြတ်တောက် သွားရင်၊ ဒုတိယနည်း လမ်းနဲ့ ဘယ်လိုဆက်ပေးမယ်။
တတိယနည်းလမ်းကို ဘယ်လိုသုံးမယ်ဆိုတာတွေ အဆင့်သင့်ကြိုတင်ပြင်ဆင်
ထားရတာမျိုး လို့ဆိုပါတယ်။
ပထမနည်းလမ်းပြတ်တောက်သွားတာနဲ့
အခြားနည်းလမ်းတွေက မိုက်ခရို စက္ကန့်ပိုင်း အတွင်း၊ ချက်ချင်း ဆိုသလို
ချိတ်ဆက် မိအောင်စီစဉ်ထားပြီးဖြစ် ပါသတဲ့။ လျှပ်စစ်ဓာတ်အားလိုင်းကို
မဖြစ်မနေ အကြီးစားပြင်ဆင် ရမယ် ဆိုရင်တော့ သုံးစွဲသူတွေကို ကြိုတင်
အသိပေးတောင်းပန် ရမယ် ဆိုပါတယ်။ ဒါလည်း အလွန်တိုတောင်းတဲ့
နာရီပိုင်းမျှသာပါပဲတဲ့။
ဒီတော့ ကျုပ်ရဲ့ဗမာမိတ်ဆွေက
“တို့တိုင်းတို့ပြည်မှာ လျှပ်စစ်မီး မလုံလောက်တော့ အလှည့်ကျပေး တယ်။
မြို့သစ်တွေတိုးချဲ့ လာ၊လူဦး ရေနဲ့ လျှပ်စစ်သုံးစွဲမှု အဆမတန် ကွာဟ လာတော့
လျှပ်စစ်ဓာတ်အား မလုံမလောက်ဖြစ် လာရပါတယ်” လို့လည်း ဆင်ခြေတက် လိုက်ရော၊
စင်္ကာပူ လျှပ်စစ်အင်ဂျင်နီယာမှတ်ချက်ပြုလိုက်တဲ့စကားက
ဒါဟာ လျှပ်စစ်မီးပြဿနာမဟုတ်ပဲ စီမံအုပ်ချုပ်မှု ကွင်းဆက် ပြတ်ခြင်း၊
ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုအမှား ပါတဲ့ဗျာ။ အခု လတ်တလောကာလမှာတင်
ဓာတ်လိုက်ပြီး မရှုမလှသေကြရတဲ့ ကိစ္စရပ် အပေါ် လျှပ်စစ်ဌာန တာဝန်ရှိသူရဲ့
မိန့်ကြားချက်ကတော့ ဓာတ်လိုက်မခံရအောင်၊ ဓာတ်ကြိုးကို
ကြည့်ရှောင်ကြပါတဲ့ခင်ဗျ။
(ခုနစ်)
လက်ကိုင်တယ်လီဖုန်းကိစ္စကိုကြည့်အုံးမလား။ခေတ်ဟောင်းဆီကဆို ဆင်းကဒ် တစ်ကဒ်ရဲ့ တန်ဖိုးဟာ ထိုင်းလိုအိမ်နီးနားချင်းနိုင်ငံမှာ
တစ်ပတ်ရစ်ကား တစ်စီး ဖိုးဖြစ်နေခဲ့လေ ရဲ့ဗျာ။ ခေတ်သစ်ကို
ပြောင်းပြီဆိုတော့ ပြည်တွင်းကုမ္ပဏီတစ်ခုကနေ ဆင်းကဒ်တစ်ကဒ်ကို
ကျပ်ငါးထောင်နဲ့ရောင်းနိုင်အောင် စီမံပေး ပါ့မယ်ဆိုတော့ ဆက်သွယ်ရေး တာဝန်ရှိသူ များရဲ့ ရွှေဥာဏ်တော်ထက်မြက်စွာ၊ တုန့်ပြန်ပုံ ကတော့ မဖြစ်နိုင်ဘူးပါတဲ့ခင်ဗျ။
မကြာပါဘူး။နှစ်နှစ်ဝန်းကျင်လောက်နေတော့ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေကို လိုင်စင် ချပေးလိုက် တော့ ဆင်းကဒ်တန်ဖိုးက ကျပ်တစ်ထောင့်ငါးရာဖြစ် လာတော့မဲ့ ဆဲဆဲ အချိန် မှာတောင် လိုင်စင်ကိုအချိန်မီချမပေးပဲ
ညစ်လို့ရ သလောက် ညစ်လိုက်သေးဗျာ။ နောက် ဆုံးတော့ သူတို့လည်း တစ်ကဒ်ထောင့်
ငါးရာပဲဆိုပြီး အရူးကွက် နင်းပြန်ရော။ အစိုးရမင်းများ
ရိုင်းစိုင်းယုတ်မာချက် ကတော့ လက်ကိုင် တယ်လီဖုန်းခေါင်းစဉ်နဲ့လူထုကို နှစ်ပေါင်းများစွာ ဂုတ်သွေး စုတ်ခဲ့တာဟာ ဘယ်နိုင်ငံဘယ်လူမျိုး ကမှ၊တုနှိုင်းမမီအောင်ပါပဲဗျာ။ ညံ့ချက်တွေ ကို ရှေ့ဆက်ရရင်တော့ ပြောမဆုံးပေါင်တောသုံးထောင်ပါမို့၊
ရပ်မယ်ကြံကာ ရှိသေး မူးယစ် ဆေးဝါးတိုက်ဖျက်ရေးမှာ ဗမာပြည်ဟာ ပူးပေါင်း
ဆောင်ရွက်မှု မရှိဆုံးနိုင်ငံဖြစ်တဲ့ အကြောင်းအသံထွက်လာပြန်ပါပြီ။
တိုတိုပြောရရင်တော့ အစိုးရအဖွဲ့အဓိကတာဝန်ရှိသူတွေအနေနဲ့ မတော်လောဘ တိုက်ပြီး၊ တိုင်းပြည်အပေါ်ထားတဲ့စေတနာမမှန်ပဲ တိုင်းပြည်ကို ဘယ်လိုလုပ် ပြန်လည် ထူထောင်ကြ ပါ့မတုန်း။ဗမာပြည်ကို ဦးဆောင်သွား ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုတို့လို
ပုဂ္ဂိုလ်တွေဟာ တိုင်းပြည် ဘဏ္ဍာကို တစိုးတစိမှမထိခဲ့ကြ၊ ရာထူး
အာဏာကိုကိုယ်ကျိုးအတွက် မသုံးခဲ့ကြ ဘူးလို့ ချစ်သူ မုန်းသူအားလုံးက အသိအ
မှတ်ပြုလက်ခံကြပါတယ်။
အခုတော့ဗျာ။ မိုးကျရွှေကိုယ်
စစ်ဗိုလ်ဟောင်းတွေဟာ၊ မဆီမဆိုင် မတန်မရာနေရာတွေ ရ၊ ပြည်သူ့ ဝန်ထမ်းဆိုတဲ့
ရာထူးနဲ့ မတန်မရာ သိန်းထောင် ချီတန်တဲ့ ကားတွေ၊ သိန်း
သောင်းချီတဲ့နေအိမ်ခြံ ဝင်းကြီးတွေ နဲ့ နေနိုင်ကြပြီး ထားစရာ မရှိအောင်
ကြွယ်ဝနေကြ တာ ဘယ်ဘိုးဘွားအမွေတွေ များပါလိမ့်။
တိုင်းပြည်ကို ရောင်းစားပြီး ကြီးပွားနေကြတာလို့ ပြောပြန်ရင်လည်း အနာပေါ်ဒုတ်ကျ သလို ဖြစ်ကြအုံးမှာမြင်ယောင်သေးဗျာ။
ငါကြီးပွားဖို့၊ ငါရာထူးမြဲဖို့၊ ဂွင်သာအမိ ဂွင်သာအဖ၊ ငါမသေ ငါ့အာဏာ မစွန့်စေရ ဆိုတဲ့ လူစားတွေကြီးစိုးနေတာကြောင့်
ကျောမွဲလူတန်း စားတွေခမျာ၊ ယာထဲချောင်းထဲ၊ နေပူစပ်ခါးမှာ တစ်နေကုန်
ခါးချိအောင်လုပ်၊ မိတကွဲဖတကွဲ၊ မိသားစုကို စွန့်ခွာပြီးပြည်ပထွက်
ကျွန်ခံရင်း သေလောက်အောင်လုပ်ရင်တောင် ဗမာပြည်မှာ အိမ်တစ်လုံး ပိုင်စရာ
လမ်းမမြင်တော့တဲ့ အခြေအနေမှာ အစိုးရ မင်းများကို ကျုပ်ဘယ်
လိုလုပ်ယုံနိုင်ပါတော့မတုန်း။
သမ္မတကြီး ဟာ စိတ်ရင်းကောင်းတယ်ဆိုတာ ကျုပ် အငြင်းမပွားလိုပေ မဲ့ စောရ
လက်သစ် အများစုနေရာရနေတဲ့ လက်ရှိအစိုးရ အဖွဲ့အနေနဲ့ တိုင်းပြည် ကိုပြန်လည်
ထူထောင်ဖို့ ဆိုတာ တောင်ထိပ်ကြာပေါက် အနောက်အရပ်က နေထွက်တာတောင် ရေးရေး
ဘယ်သို့ မမြင် ပါပဲဗျာ။
လူဆိုတာအမှားမကင်းတာမို့
မှားခဲ့ပြီးတာ အပြစ်မဆိုချင်တော့ပေမဲ့၊ အမှားတွေ တသီတတန်းကြီးကို
ဗြောင်ကျကျ မျက်နှာပြောင်တိုက်ပြီး မှင်သေသေ အလိမ်ဇာတ် ဆက်ခင်းနေတဲ့
လက်ရှိအစိုးရမင်းများအနေနဲ့
လာမဲ့ (၂၀၁၅)ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးဖို့ ကျုပ်ကိုများ
မျက်နှာချင်းဆိုင် လာ စည်းရုံးခဲ့ရင်၊၊ ကျုပ်ကတော့ ကိုယ့်ရင်ဘတ်ကို၊
လက်သီးနဲ့ ကိုယ် နာနာထုပြီး
“သြော်..၊ အဘတို့ က ဗမာပြည်ရဲ့ ခေတ်သစ်ကိုထူထောင်ကြဦးမတဲ့လား”လို့၊ ဒင်းတို့ မျက်နှာကို စေ့စေ့ကြည့်ရင်း ဒက်ကနဲ မေးလိုက်စမ်းချင်ပါရဲ့။ ။
မင်းဒင်
Credit - The Ladies News Journal
No comments:
Post a Comment