#emg_opinions
written by : မြေနီသစ္စာ
ဆရာကြီးဦးဖေမောင်တင်၏ ပထမဆုံးအဆိုအမိန့်ကတော့ “စကားပြေကို လွယ်လွယ် နှင့် စကားလုံးနည်းနည်း ရေးတတ်ဖို့ ကြိုးစားကြစေလိုသည်” ဟူ၍ပင်။
စကားပြေဆိုသည်မှာ နေ့စဉ်နေ့တိုင်း မိမိတို့ပြောနေကျသုံးနေသော
စကားမျိုးဖြစ်သည်။ ဂျာနယ်မဂ္ဂဇင်းတို့တွင် နေ့စဉ်နေ့တိုင်းဖတ်နေရသော
စာမျိုးသည်ကား စကားပြေပင်။
စကားပြေကို လွယ်လွယ်နှင့်
စကားလုံးနည်းနည်းရေးတတ်ဖို့ ဘာကြောင့်လိုအပ်ပါသနည်း။ စကားပြေကို
လူအများသုံးစွဲသည်။ စကားပြေသည် လူထုစကားဖြစ်သည်။ အလားတူ
လူထုသုံးစာလည်းဖြစ်သည်။
လွယ်လေ လူအများနားလည်လေပင်။ ယင်းကြောင့်
လူအများနားလည်စေရန် လွယ်လွယ်နှင့် စကားလုံးနည်းနည်း ရေးတတ်ဖို့
ကြိုးစားကြစေလိုသည်ဟု ဆရာကြီးက မိန့်ကြားခြင်းဖြစ်သည်။
စကားပြေဟုခေါ်သည်ကပင် ပြေပြစ်သောစကားဟု ဆိုလိုခြင်းပင်ဖြစ်၏။
လူတို့နားလည်နိုင်သော စကားလုံးတို့ဖြင့် ပြေပြေပြစ်ပြစ်ရေးသားရာက ယင်းကို
စကားပြေဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။
စကားပြေအရေးအသားကား များလှ၏။ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်း၊ သတင်းစာခေါင်းကြီးစသည်တို့သည် စကားပြေပင် ဖြစ်သည်။
ဆရာကြီးဦးဖေမောင်တင်က စကားပြေရေးလျှင် စကားချီးတွေနှင့် ကဗျာဆန်ဆန်
စကားပြေရေးသားခြင်းမျိုးကို လက်မခံလိုပါ။ “ယင်းသို့သော အရေးအသားမျိုးသည်
ကောင်းပင်ကောင်းသော်ငြားသော်လည်း နားလည်နိုင်ဖို့ မလွယ်လျှင်
ယောက်ျားတို့ပတ်ရိုက်ပြီး အလှပြင်သကဲ့သို့ ဖြစ်နေပေလိမ့်မည်” ဟု
ထောက်ပြထား၏။
လူအများ နားလည်လွယ်အောင် ရေးသားနိုင်ရန်
မြန်မာစာအရေးအသားတိုးတက်စေရေးမှာ အရေးအကြီးဆုံးဖြစ်သည်။ ယင်းကဲ့သို့
ဆရာကြီးက မိန့်မှာထားခြင်းသည် စကားပြေ၏အကျိုးတရားကို သိနေ၍ပင်။
စကားပြေ၏ အကျိုးသက်ရောက်မှုကို ဆရာကြီးက ဤသို့ဆိုကာ “လောကမှာ
တိုင်းပြည်နှင့် လူထုကို ကြီးပွားစေချင်လျှင် စကားပြေကို
များများရေးကြဖို့လိုသည်။ ဥပမာ- အင်္ဂလိပ်တွေကို ကြည့်ပါ။ အင်္ဂလိပ်တို့မှာ
ယခုဆိုလျှင် သူတို့ပညာအရပ်ရပ်တွေကို စကားပြေဖြင့် ရေးသားခဲ့ခြင်းကြောင့်
လူတိုင်းသိနားလည်နေကြသည့်ကျေးဇူးကို ခံစားနေရသည်မှာ ထင်ရှားပါသည်။
ဆရာကြီးသည် စကားပြေ၏တန်ဖိုးကို အမှန်တကယ်ပင် ကောင်းစွာနားလည်၏။ သိ၏။
မြန်မာစာပေတွင် ကဗျာလင်္ကာနှင့် စကားပြေ၏နေရာတို့ကို ခွဲခြမ်းစိတ်ဖြာပြ၏။
“ရှေးကမြန်မာတို့၏ စာအရေးအသားမှာ ကဗျာလင်္ကာနှင့် စကားပြေဟူ၍
နှစ်မျိုးရှိခဲ့ပေသည်။
ပုဂံခေတ် သာသနာရောက်လာသည်တွင် ပိဋကတ်သုံးပုံကို
ပါဠိနိဿယဖြင့် ဘာသာပြန်ရေးထိုးခဲ့ပြီး စကားပြေဖြင့်
ဘာသာပြန်မရေးထိုးခဲ့ကြသည်မှာ အနည်းငယ်ချွတ်ချော်သွားသည်ဟု ဆိုချင်ပါသည်။
ဘာကြောင့် အနည်းငယ်ချွတ်ချော်သွားသည်ဟု ဆရာကြီးက ထောက်ပြထားပါသနည်း။
စကားပြေသည် လွယ်၏။ လူအများနားလည်၏။ ပါဠိနိဿယသည် လူအများအဖို့ ခက်၏။ လူအများ
ရုတ်တရက်နားမလည်နိုင်ပေ။ ပိဋကတ်သုံးပုံ၏ ဓမ္မတရားအဆီအနှစ်တို့ကို
အားလုံးနားလည်ဖို့ လို၏။ သို့သော် အားလုံးနားလည်နိုင်ရန် ပါဠိနိ ဿယက
ရုတ်တရက် မစွမ်းဆောင်နိုင်ပေ။ ယင်းကြောင့် အနည်းငယ်ချွတ်ချော်သွားသည်ဟု
ဆရာကြီးက အပြုသဘောဝေဖန်ရေးအမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာပြသလိုက်ခြင်း ဖြစ်၏။
လင်္ကာနှင့်စကားပြေတို့ အသုံးကွာခြားပုံကိုလည်း ဆရာကြီးဦးဖေမောင်တင်က ဤသို့ နှိုင်းယှဉ်ပြုထား၏။
“လင်္ကာဆိုသည်မှာ အဆင်တန်ဆာ အလှအပမျှဖြစ်၍ ထာဝစဉ်မသုံးရဘဲ လူထုနှင့်
ကင်းကွာတတ်ပါသည်။ စကားပြေမှာ နေ့စဉ်အလုပ်နှင့်တူသဖြင့် လူတိုင်းလူတိုင်း
သိနားလည်နိုင်သည့် အကျိုးရှိပေသည်။ ထို့ကြောင့် စကားပြေသာလျှင်
လူအများအတွက် အရာရောက်လှပါသည်။
ဥပမာပြောရလျှင် လင်္ကာမှာ
မိန်းမများအဆင်တန်ဆာ ဆင်ယင်သည်နှင့်တူပြီး အလှကြည့်ရန်အတွက်
သင့်လျော်ပေသည်။ စကားပြေမှာ စားဝတ်နေရေးအတွက် အလုပ်မလုပ်ဘဲမနေနိုင်သည့်
ယောက်ျားနှင့်တူပြီး ကျန်းမာသန်စွမ်းတောင့်တင်းရန်သာ လိုပေသည်။
ယင်းသည် ဆရာကြီး လေ့လာပွားများထားသည့် သဘောထားမှတ်ချက်တို့ပင်။
စကားပြေကို ဆရာကြီးက ဘာကြောင့်အရေးတကြီးနေရာမှာ ထားပေးပါသနည်း။
စကားပြေမှာ လူတို့၏ နေ့စဉ်အလုပ်ကဲ့သို့ ကျန်းမာသန်စွမ်းစွာ
အလုပ်လုပ်နိုင်မှ အောင်မြင်ပေမည်။ စကားပြေကို လူအများ နားလည်လွယ်အောင်
ရေးတတ်ပါမှ ကိုယ်လိုချင်ရာကို အကျိုးသက်ရောက်ပေလိမ့်မည်။ ထို့ကြောင့်
စကားပြေရေးသားရာတွင် ကတ္တား (Subject) ၊ ဝါင်္စက (ကြိယာ) (Predicate)၊ ကံ
(Object) နေရာမှန်ရပေမည်။ လိုရင်းအဓိပ္ပာယ်ကို အလွယ်နှင့် နားလည်နိုင်ရမည်။
နားလည်နိုင်အောင်လည်း ရေးတတ်ရမည်။
နားလည်နိုင်အောင် ရေးတတ်ရန်မှာ အဓိကဖြစ်သည်ဟု ဆရာကြီးက မိန့်ဆိုထားခြင်း ဖြစ်သည်။
စကားပြေရေးတိုင်းပင် ဝါကျဖွဲ့ကြရသည်။ ဝါကျဖွဲ့တိုင်းလည်း မှန် မမှန်၊ နေရာ
ကျ မကျ၊ အထားအသို ပြေပြစ်ချောမောမှု ရှိ မရှိ၊ မိမိရေးသားမှု ဖြောင့်
မဖြောင့်၊ ဝေဖန်စစ်ဆေးရမည်။ သတိချော်ပြီး စကားအသုံးအနှုန်း
မှားယွင်းသွားတတ်သည်။ ဝေဖန်ရေးအမြင်ဖြင့် စစ်ဆေးလျှင် မည်သည့်နေရာတွင်
စာကျနေသည်၊ မည်သည့်နေရာတွင် စာကျန်နေသည်တို့ကို သိသာထင်ရှားလာပေလိမ့်မည်။
ဆရာကြီး ဦးဖေမောင်တင်သည် ဝေဖန်ရေးကိုဇောင်းပေး၍ နေရာပေးလျက်
အဓိကပြောဆိုညွှန်ကြားလေ့ရှိ၏။ ဝေဖန်ရေးကို ဆရာကြီး မြင်ရှုသုံးသပ်မှုသည်
ဤသို့ဖြစ်သည်။
“ဝေဖန်ခြင်းဆိုသည်မှာ တစ်ယောက်ကို တစ်ယောက်
အပြစ်ရှာခြင်းပင်ဖြစ်သည်။ သို့အတွက် ရင်းနှီးသူကို ဖတ်စေပြီး
အပြစ်ရှာခိုင်းသည်ထက် ကိုယ်နှင့် ပဋိပက္ခဖြစ်သူကို ဝေဖန်ခိုင်းသည်က
ပိုပြီးအပြစ်ပေါ်လာတတ်ပါသည်”ဟု ခပ်ပြင်းပြင်းထန်ထန် ထောက်ပြပါသည်။
ဝေဖန်ခြင်း၏တန်ဖိုးသည် အပြစ်ကို ရှာတွေ့ပြီး အမှန်ကို ပြင်ဆင်ရန်
လမ်းညွှန်ခြင်းပင်ဖြစ်သည်။ ဝေဖန်ရေးမရှိသမျှ အပြစ်သည် ဝေဖန်ရေးနှင့်
တိုက်ချွတ်ဆေးကြောရန် မပြုလုပ်နိုင်ဘဲ ရှိတတ်ပေသည်။ ယင်းကြောင့် ဆရာကြီးက
ဝေဖန်ရေးလုပ်သည့်နေရာမှာပင် ခပ်ကြမ်းကြမ်း ညွှန်ကြားထားခြင်း ဖြစ်သည်။
မြန်မာစာ အရေးအသားတိုးတက်စေရေးတွင် စကားပြေသည် အရေးကြီးဆုံးနေရာမှာ
ရပ်တည်နေသည်။ စကားပြေအရေးအသားတိုးတက်အောင် အားထုတ်ရမည်။ အားထုတ်ရာတွင်
စစ်ဆေးခြင်းလည်း ပါရမည်။ စစ်ဆေးနိုင်လေ အမှားကိုတွေ့လေပင်။ အမှားတွေ့၍
ပြုပြင်နိုင်လေ စကားပြေသန့် နေလေမည်ပင်။ သန့်ရှင်းနေသော စကားပြေကောင်းကို
လူတို့၏ကိစ္စအဝဝတွင် အသုံးချ ရန် သင့်တော်လျော်ကန်နေပေလိမ့်မည်။
အမှန်ပင်။ လူတိုင်းနားလည်နိုင်သည့် စကားပြေလို၏။ လူတိုင်းအတွက်
အသုံးချနိုင်သည့်နည်းလမ်းတို့ကို နားလည်လွယ်သောစကားပြေတို့က
အချိန်မလင့်ပေးနိုင်ပေလိမ့်မည်။ ယင်းသို့ဖြင့်
မြန်မာစာအရေးအသားတိုးတက်စေအောင် ကြံဆောင်ခြင်းသည်
လူ့ဘောင်၏အကျိုးစီးပွားကို မြှင့်တင်ထမ်းပိုးပေးဆပ်နိုင်ပါကြောင်း ဆရာကြီးက
ဆိုမိန့်ထားခြင်းပင်ဖြစ်တော့သည်။
Credit - Eleven Media Group
No comments:
Post a Comment