~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၉၉၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်း တွင် ပြည်ထောင် စု မြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်း သာယာစေရန် တပ်မတော် အစိုးရအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်း ၀ယ်ရေး၊ ရွေးကောက်ပွဲများ ကျင်းပရေးစ သည့် နိုင် ငံတော် အရေးကိစ္စများကို နေ့မအားညမနား ထိန်းသိမ်း ကွပ်ကဲ စီမံခန့်ခွဲမှုများဖြင့် ပူပူလောင်လောင် ရှုပ်ယှက် ခတ် နေချိန်ဖြစ်ပါသည်။
ထိုအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ေ ရး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသန်းရွှေသည် သာသ နာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကျွန်တော့်အား ဆရာတော်ဦးဇနကာဘိဝံသ ရေးသားပြုစုသည့် အခြေပြု သင်္ဂြိုဟ်နှင့် သင်္ဂြိုဟ် ဘာသာဋီကာ စာအုပ်နှစ် အုပ်ပို့ပေးရန် အကြောင်းကြားသဖြင့် ယင်းစာအုပ်နှစ်အုပ်ကို ကျွန်တော် ကိုယ်တိုင် သွားရောက် ပေးပို့ခဲ့ပါသည်။ ထို့နောက် မကြာမကြာ ကမ္မဋ္ဌာန်း အားထုတ်နည်းစာအုပ်များ ဆက်လက်ပေးပို့ခဲ့ရပါသည်။…
ဤမျှလောက် တိုင်းရေးပြည်ရေးများ ရှုပ်ထွေးနေရသည့်အကြား ဒီစာအုပ်တွေ ဖတ်ရှုဖို့ ဘယ်လိုအချိန်ရနိုင်ပါ မလဲ။ ဘာသာရပ်မှာလည်း ဇာတ်လမ်း၊ ဇာတ်ကွက် မပါ၊ ဇာတ်ဆောင်၊ ဇာတ်လိုက်မပါ၊ ရုပ် တရား၊ နာမ်တရား၊ စိတ်၊ စေတသိက် သဘာဝတရားချည်း သက်သက်ဖြစ်၍ စိတ်ပါဝင်စားဖွယ်မရှိ၊ ဆွဲဆောင်အားမရှိ၊ တော်ရုံ တန်ရုံ စိတ်ထက်သန်မှုဖြင့်သာ ဖတ်ရှုပါက စာတစ်မျက်နှာ၊ နှစ်မျက်နှာမျှဖတ် ရုံဖြင့် အိပ်ငိုက်သွားပေမည်။ သိချင်စိတ်၊ မှတ်ချင်စိတ်၊ တတ်ချင်စိတ် လွန်စွာထက် သန်နေပါမှ အဆိုပါ အဘိဓမ်္မာသဘော တရားများကို စိတ်ပါဝင်စားစွာ ဖတ်နိုင်ပေလိမ့်မည်။ အဘိဓမ္မာဘာသာရပ်ကို (Dry Subject) စိုစိုပြည်ပြည်မရှိ၊ ခြောက်ကပ် ကပ်စာပေ ဘာသာရပ်ဟု အနောက် တိုင်းသားလေ့လာသူများက မှတ်ချက်ပြုထားကြသည်။
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်များကို ပထမသင်္ဂါယနာတင် ရဟန္တာ မထေရ်ကြီး များ က သုတ္တန် ပိဋက၊ ၀ိနည်းပိဋက၊ အဘိဓမ္မာပိဋကဟူ ၍ ပိဋကသုံးပုံအဖြစ် ခွဲခြား၍ သင်္ဂါယနာ တင်တော် မူခဲ့ကြ သည်။ သုတ္တန်ပိဋကနှင့် ၀ိနည်းပိဋကတို့မှာ အဘိဓမ္မာတရားတော် ကိုအပြည့်အစုံမဖော်ပြနိုင်၊ မဟောကြားနိုင်၊ တစ်စိတ်တစ်ပိုင်းမျှသာ တရားနာပုဂိ္ဂုလ် (ဝေနေယျ)၏ အခြေအနေ အချိန်အခါအရ ဟောကြား တော် မူရသည်။ အဘိဓမ္မာပိဋကတ်တော်မှာမူ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်အားဖြင့် အကြွင်း အကျန်မရှိ ပြည့်စုံ စွာ ဟောတော်မူခဲ့သည်။ ဟောကြားသော နေရာဌာနမှာလည်း တာဝတိံသာ နတ်ပြည်ဖြစ်၍ နတ်သက်တမ်း(၁)ရက်မှာ လူ့သက်တမ်း အနှစ်(၂၀၀)ဖြစ်သည်။ ထို့ကြောင့်တရားဟောချိန် လူ့ပြည်၌ ၀ါတွင်း (၃)လဆိုသည်မှာ တာဝတိံသာနတ်ပြည်၏ အချိန်ကာလအားဖြင့် (၂)မိနစ်ခန့်မျှသာ ကြာပေသည်။ ထို့ကြောင့် ဤမျှရှည်လျား သော အဘိဓမ္မာ(၇)ကျမ်းကို ပရိသတ်များက တစ်ထိုင်တည်းဖြင့် တရားနာယူနိုင်ကြ သဖြင့် အဘိဓမ္မာတရားတော်ကို ဟောကြားရာ၌ အကြွင်းအကျန်မရှိ၊ အစအဆုံးအပြည့်အစုံ ဟောကြားတော်မူ နိုင်ခဲ့ ပေသည်။
ထိုသို့ ပြီးပြည့်စုံမှုကြောင့် ဟောတော်မူသမျှသော သုတ္တန်နှင့်ဝိနည်း တရားတော် အားလုံးတို့သည် အဘိဓမ္မာ၌ အကျုံးဝင် သွားလေသည်။ မြစ်ကြီးငါးသွယ်၊ မြစ်ငယ် ၅၀၀မှ စီးဆင်းလာသော ရေမှန်သမျှသည် မဟာသမုဒ္ဒ ရာအတွင်းသို့ စီးဝင်ကြရဘိ သကဲ့သို့ သုတ္တန်နှင့် ၀ိနည်းတရားတို့သည် အဘိဓမ္မာတရားတော်အတွင်း အကျုံး ၀င်ကြလေသည်။
တစ်ဖန်အဘိဓမ္မာကို မသင်ယူဖူးပါလျှင် သုတ္တန်ပါဠိတော်၊ ၀ိနည်းပါဠိတော်များကို ဖတ်ရှုပါက ပြည့်ပြည့်စုံစုံ လိုရင်း ဆိုက်အောင် မသိနိုင်ကြချေ။ ဥပမာအားဖြင့် သုတ္တန်နှင့် ၀ိနည်းတရားတော်များ၌ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့ ဟောထားသော်လည်း အကျဉ်းမျှသာဖြစ်၍ သာမန်စာဖတ်သူတို့ ပြည့်ပြည့်စုံစုံ နားလည်နိုင်ကြ မည်မဟုတ်ချေ။ သုတ်္တန်နှင့်ဝိ နည်းတို့၌ဈာန်၊ မဂ်၊ ဖိုလ်အကြောင်း ဟောကြားထားသော်လည်း ဈာန်အင်္ဂါများ၊ ဈာန်၏အာရုံ၊ ၀သီဘော်များ၊ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံများစသည်တို့ကို ရှင်းလင်းစွာ နားလည်နိုင်ကြမည် မဟုတ်ချေ။ ဖတ်ရင်း ဖတ်ရင်း ရှုပ်သည်ထက်ရှုပ်လာသည်ကို တွေ့ရပေမည်။ အဘိဓမ္မာတရားတော်ကို ဆရာ သမားနှင့် စနစ်တကျ သင်ယူတတ် မြောက်ပြီးခါမှ ယင်းသုတ္တန်နှင့် ၀ိနည်းများ ကိုဖတ်ရှုပါလျှင် ဆိုလိုရင်း အဓိပ်္ပာယ်ကို မှန်ကန်စွာ နားလည်နိုင်ကြမည် ဖြစ်ပေသည်။
နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သုတ္တန်ပိဋက၊ ၀ိနည်းပိဋက ဘာသာပြန်ကျမ်းစာများကို လေ့လာဖတ်ရှုသည်။ ကမ္မဋ္ဌာန်းအားထုတ်နည်း စာအုပ်များကိုလည်း လေ့လာဖတ်ရှုသည်။ ဖတ်ရင်းဖတ်ရင်း သဘောပေါက်လာသည်မှာ အဘိဓမ္မာမတတ်က ဘုရားဟောဒေသနာ တော်များကို သဘောပေါက်ရန် ခက်ခဲကြောင်း သိရှိလာလေသည်။
ထို့ကြောင့် အဘိဓမ္မာတရားတော်များ ကိုနားလည်သဘောပေါက်မှသာလျှင် ရုပ် တရား၊ နာမ်တရား၊ စိတ်၊ စေတသိက် တရားများ၊ ဈာန်စိတ်၊ မဂ်စိတ်၊ ဖိုလ် စိတ်များစုတိ ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်၊ ဇောစိတ်၊ ၀ီထိစိတ် များစသည့် ဝေါဟာရ အသုံးအနှုန်းအဓိပ္ပာယ်ကို နားလည်နိုင် မည်ဖြစ်သည့်အတွက် အဘိဓမ္မာတရား တော်ကို နားလည်နိုင်ရန် မဖြစ်မနေ ကြိုးပမ်းအားထုတ်ရတော့မည်ဟု သဘော ပေါက်လာလေသည်။ အဘိဓမ္မာတရား တော်ကိုလေ့လာရာည၌ ကလျာဏမိတ္တမိတ် ကောင်းဆွေကောင်း လိုအပ်ပေသည်။
ရှေးဦးစွာ ဆရာကြီးဦးကျော်ထွဋ်၏ အကူအညီဖြင့် အဘိဓမ္မာတရားတော်ကို လေ့လာရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လုပ်ငန်းတာဝန်များ မအားမလပ် ဖြစ်နေခဲ့ ၍ ၅ နှစ်ခန့်ကြန့် ကြာသွားခဲ့၍ ဆရာကြီး ဦးကျော်ထွဋ်မှာ အသက်(၉၀)ကျော်သွားပြီး မစွမ်းဆောင်နိုင်တော့သဖြင့် အဘိဓမ္မာ လေ့လာရေးအစီအစဉ်ကို ဆရာကြီး ဦးကျော်ထွဋ်အစား ကျွန်တော်၏ အကူအညီကို ရယူလေ့လာခဲ့ပါသည်။
ရှေးဦးစွာ ကျွန်တော်သည် အဘိဓမ္မာ သင်္ဂြိုဟ်ကျမ်းအစီအစဉ်အတိုင်း အပိုင်း (၉)ပိုင်းခွဲ၍ မြန်မာပြန်ဆိုကာ ““အခြေခံ အဘိဓမ္မာအကျဉ်းချုပ်မှတ်စု””စာအုပ်ငယ်ကို ပြုစုခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲသည် ယင်း အကျဉ်းချုပ်မှတ်စုကို လက်ကိုင်ထား၍ ၂၀၀၃ ခုနှစ်မှစတင်လေ့လာခဲ့ရာ မရှင်းလင်းသည့်နေရာ၊ ခက်ခဲရှုပ် ထွေးသည့် နေရာများ၌ ကျွန်တော့်အား ဆွေးနွေးမေးမြန်းခဲ့ပါသည်။ အချိန်ရသည့်နေ့ များတွင်ညနေ (၃)နာရီမှ (၇)နာရီအထိ တစ်နေ့လျှင် (၄)နာရီနှုန်းဖြင့် ရက်ပေါင်း (၁၅၀)ခန့်၊ နာရီပေါင်း(၆၀၀) ခန့်လေ့လာသည့်အခါ အဘိ ဓမ္မာအခြေခံ သဘောများကို လေ့လာပြီးစီးလေပြီ။ စိတ်တစ်ခုယုတ် ကိုးဆယ်၊ အကျယ် ၁၂၁ ပါးကို ဇာတိ ဗေဒ၊ ဘူမိဗေဒ၊ ဟိတ်၊ ဝေဒနာ၊ ကိစ်္စ၊ ဒွါရ၊ အာရုံ၊ ၀တ္ထုအားဖြင့် ခွဲခြမ်းဝေဖန် ခြင်း၊ စိတ်နှင့်စေတသိက် အပြန်အလှန်ယှဉ်ခြင်း ၀ီထိစိတ်များဖြစ်စဉ်နှင့် ပဋိသန္ဓေ ဘ၀င်စုတိများ၊ ဖြစ်စဉ်များ၊ ဘုံ၊ ပုဂိ္ဂုလ် စိတ်ရများ၊ ကံအကျိုးပေးပုံများ၊ ရုပ် ၂၈ ခု၏သဘာဝသဘောတရားများ၊ အာသ၀၊ သြဃ၊ ယောဂ၊ ဥပါဒါန်၊ သံယောဇဉ် တရား၊ နီဝရဏတရားများ၊ ကိလေသာတရားများ၊ သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣနြေ္ဒ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သစ္စာ လေးပါးတရားများ၊ ပဋိစ္စသမုပ္ပာဒ်နှင့် ပဋ္ဌာန်း၊ ၂၄ ပစ္စည်း သဘောအဓိပ္ပာယ်များ၊ ၀ိပဿနာ ဉာဏ်စဉ်များ၊ ဈာန် အဘိညာဉ် မဂ်တရား၊ ဖိုဂ်တရား၊ နိဗ္ဗာန်တရားတော်စသည်များ အဘိဓမ်္မာဒေသနာတော်လာ အခြေခံအားဖြင့် သိသင့်သိထိုက်သော တရားသဘောများ ကိုပြီးဆုံးအောင် လေ့လာနိုင်ခဲ့ပေသည်။
တစ်ဖန် ဒုတိယအကြိမ် ၂၀၀၄ခုနှစ်၊ နှစ်လယ်ပိုင်း တွင် ပြန်လှန်လေ့လာခြင်းများ ပြုလုပ်နိုင်ခဲ့သဖြင့် နိုင်ငံတော် အကြီးအကဲ သည် အဘိဓမ္မာတရားတော် သရုပ်ခွဲရာ၌ နိုင်နင်းကျွမ်းကျင်လာခဲ့သည်။ ဇော-၅၅၊ ဥပေက္ခာ၅၅၊ သ၀ိတက္ကစိတ် ၅၅၊ သာ ဓိပတိ ဇော-၅၂၊ သောမနဿစိတ် ၆၂၊ မဟာကုသိုလ်သောမနဿ ဉာဏ သမ်္ပယုတ် ဇော ၂ခု၊ နောင်စောနိုင်သော အပ်္ပနာဇော ၃၂ပါးစသည်ဖြင့် လွန်စွာခက်ခဲ ရှုပ်ထွေးသည့် သရုပ်ခွဲနည်းများကိုပင် ကျွမ်းကျင်လာသည်ကို တွေ့ရပေသည်။
နိုင်ငံတော်၏ အရေးကိစ္စများ စီမံခန့် ခွဲဆောင်ရွက်နိုင်ရန် တာဝန်ကိုလည်း လုံးဝမလစ်ဟင်းစေရဘဲ ဤမျှနက်နဲ ခက်ခဲသည့် အဘိဓမ္မာပညာရပ်ကို အချိန်တို အတွင်း ပေါက်ရောက်အောင် လေ့လာ မှတ်သားနိုင်မှုကို ထောက် ရှုပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိမိစိတ်ကို နိုင်နင်းစွာ ထိန်းချုပ်နိုင်၍ အချိန်ကို ခွဲဝေအသုံး ချနိုင်သည့် စွမ်း ရည်ကို တွေ့ရှိနိုင်ပေ သည်။ လောကီရေးနှင့် လောကုတ္တရာရေး၊ သံသရာအရေးနှင့် ပစ္စုပ္ပန်အရေး ရောနှောမခံ ဘဲ တစ်သီးတခြားစီ အကန့်အကန့်ခွဲထားပြီး ဆောင်ရွက်နိုင်သည်ကို တွေ့ရှိခဲ့ပေသည်။ ပင်လယ်ကူး သင်္ဘော ကြီးတစ်စင်း ကိုတည်ဆောက်ရာ၌ ရေလုံခန်းများ တစ်ကန့်စီခွဲ၍ အကန့်ပေါင်းများစွာ၊ အခန်း ပေါင်းများစွာ ဖွဲ့စည်းထားသဖြင့် ရေလုံခန်းတစ်ခန်း၊ နှစ်ခန်းပေါက်ပြီး ရေ၀င်လာ ရုံမျှဖြင့် သင်္ဘောကြီးအား လုံးဝမထိခိုက် နိုင်ချေ။ ဤသည်မှာ တစ်ကန့်စီ၊ တစ်ကကျပ်ဏ္ဍ စီခွဲခြားထားနိုင်ခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။ အလား တူပင် လောကုတ္တရာရေး ဆောင်ရွက်သည့်အချိန်၌ လောကီရေးကို အရောမခံဘဲ သီးခြားကန့်ထားနိုင်မှသာ ဤကဲ့သို့ နက်နဲခက်ခဲသော အဘိဓမ္မာပညာရပ်ကို တည်ငြိမ်စူးစိုက်စွာ စိတ်ဝင်စား၍ ရနိုင်ပေမည်ဖြစ်ပေသည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် မိမိသိမြင်ခံစားရသော အဘိဓမ္မာတရားအရသာကို မြန်မာ နိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားအများအားလည်း မျှဝေခံစားစေချင်လိုသော သမ္မာဆန္ဒ တိုက်တွန်း နှိုးဆော်မှုကြောင့် ၁၃၆၉-ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း ၂ ရက် (၁၆-၇-၂၀၀၇) တနင်္လာနေ့တွင် နေပြည်တော် အနော်ရထာခန်းမဆောင်၌ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ အမှူးပြုသော သံဃာတော်များအား ၀ါဆိုသင်္ကန်း ကပ်လှူပွဲ၌ သာသနာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင်နှင့်ကျွန် တော့်ကိုအနီးသို့ ခေါ်၍ ယခင်ပြုစုပြီးဖြစ် သော““အခြေခံအဘိဓမ္မာ အကျဉ်းချုပ်မှတ်စု”” စာအုပ်ငယ်ကို အဓိပ္ပာယ်ရှင်းလင်းချက် များ ပြည့်စုံစွာပါဝင်အောင် ချဲ့ထွင်ရေးသား ပြီးပုံနှိပ်ထုတ်ဝေရန် ညွှန်ကြားခဲ့ပါသည်။
ကျွန်တော့် စာပေလက်ထောက်(၁) ဦးသန်းအောင်ရွှေ၊ ဦးအေးထွန်း၊ စာကြည့် တိုက်လက်ထောက် ဦးအောင် သောင်းတို့၏ အကူအညီကိုရယူ၍ ရှင်းလင်းချက်များ ဖြည့်စွက်ရေးသားပြုစုခဲ့ရာ တစ်လခန့် အကြာ ၁၉-၈-၂၀၀၇ နေ့တွင် စာမူပြီးစီး၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အစည်းအဝေးသို့လည်းကောင်း၊ သာသနာ ရေးဝန်ကြီးဌာန ၀န်ကြီးထံသို့လည်းကောင်း တင်ပြ၍ ပုံနှိပ်ထုတ်ဝေရန် သဘောတူ ခွင့်ပြုချက်ရယူခဲ့ပါသည်။
စာရှုသူများသည် ဤကျမ်းစာအုပ်ငယ်၌ တစ်စုံတစ်ရာအမှားအယွင်း များ တွေ့ရှိရပါက စာရေးသူထံသို့ အမှား ကို ညွှန်ပြ အကြောင်းကြားပေးပါရန် တောင်းပန်အပ်ပါသည်။ နောက်တစ်ကြိမ် ပုံနှိပ်သည့်အခါ ပြင်ဆင်ပေး မည်ဖြစ်ပါသည်။
စာဖတ်ပရိသတ်များအား အထူးတိုက်တွန်းလိုသည်မှာ မိမိတို့၏ ဘ၀တစ်သက်တာ အချိန်ကာလအတွင်း လူမှု ကိစ္စ အထွေထွေများဖြင့် ရှုပ်ယှက်ခတ်အလုပ်များ နေကြသော်လည်း ရနိုင်သမျှ အချိန်ကာလတစ်ခုခုကို အဘိ ဓမ္မာတရားတော် လေ့လာချိန်အဖြစ် သတ်မှတ်ပြီး နေ့စဉ် အချိန်မှန်မှန် ဖတ်ရှုလေ့လာသွားပါက အဘိဓမ္မာ အခြေခံ သဘောတရားများ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ပါ ကြောင်း တိုက်တွန်းအားပေးလိုက်ရပေ သတည်း။
မှတ်ချက်။ ။ ယခုဖော်ပြချက်ကို စာ ရေးသူ မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ)၏ ၂၀၁၂ ခုနှစ်ထုတ် အခြေခံ အဘိ ဓမ္မာသရုပ်နှင့် အဓိပ္ပာယ် စာအုပ်မှ ပြန်လည်ကောက် နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
Credit - Myanmartandawsint Newspaper


No comments:
Post a Comment