နေပြည်တော်၊ စက်တင်ဘာ ၂၄
အရပ်သားများကို အတင်းအဓမ္မ
ခိုင်းစေခြင်း၊ ကလေးစစ်သားများကို စစ်ဆင်ရေးများတွင် အသုံးပြုစေခြင်းများ
ရှိနေသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြည့်ဝေဖန် ခံနေရသော
မြန်မာ့တပ်မတော်သည် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှ စတင်ကာ စစ်ဆင်ရေးများတွင်
အရပ်သား နေ့စားအလုပ်သမားများကို အသုံးပြုခြင်း မရှိတော့ကြောင်း ကာကွယ်ရေး
ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။
တပ်မတော်သည် ၁၉၈၈-၈၉ မှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အထိ စစ်ဆင်ရေး လိုအပ်ချက်အရ
အရပ်သားများကို အခကြေးငွေပေးပြီး စစ်ဆင်ရေးများတွင် အသုံးပြုခဲ့သော်လည်း
၂၀၁၃-၁၄ ခုနှစ်မှ စတင်ကာ ယင်းသို့ ခိုင်းစေခြင်း မရှိတော့ကြောင်း ၎င်းက
ထပ်လောင်းရှင်းပြသည်။
တပ်မတော်အနေနှင့် ရှေ့တန်းစစ်ဆင်ရေး
နယ်မြေများတွင် စစ်ရေး အထောက်အကူပြု ဝန်ထမ်း (ပေါ်တာ) များ အသုံးပြုရာ၌
အသက်ခန္ဓာ စွန့်လွှတ်ရခြင်း၊ ခြေလက်ထိခိုက်မှုကြောင့် ဒုက္ခိတ
ဖြစ်ခြင်းများအပြင် အိမ်ထောင်ဦးစီး အသက်ဆုံးရှုံး၍ ဘဝပျက်သည့် မိသားစုများ
ရှိခဲ့ကြောင်း၊ ယင်းမိသားစုနှင့် ထိခိုက်ဒဏ်ရာ ရခဲ့သူများကို
ဂုဏ်ပြုလွှာမှတ်တမ်း ထုတ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေ ပြဋ္ဌာန်းပေးရန်နှင့်
လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အချိန်တွင် အပြန်အလှန် အပစ်အခတ်
ရပ်စဲထားရန် အရေးကြီးအဆိုကို ကရင်ပြည်နယ်၊ ဖာပွန်မဲဆန္ဒနယ်မှ
ဦးစိုင်းသန်းနိုင်က စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်
အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
“လက်နက်ကိုင်အချင်းချင်း
တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရခြင်း ဖြစ်ပါတယ်။
ဒီလိုကိစ္စတွေက ကချင်၊ ကယား၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ
အများကြီး ဖြစ်နေတယ်။ စိတ်မကောင်း ဖြစ်ရတယ်” ဟု ဗိုလ်ချုပ်ကျော်ညွန့်က
ဆိုသည်။
စစ်ဆင်ရေး လိုအပ်ချက်အရ အသုံးပြုခဲ့သော လုပ်သားပြည်သူများ
တာဝန်ဝတ္တရား ထမ်းဆောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခြင်း၊ စစ်ပွဲအတွင်း
ရောဂါရရှိခြင်း၊ သေဆုံးခြင်းတို့အတွက် ၁၉၉၃ အလုပ်သမားလျော်ကြေး ဥပဒေအရ
လျော်ကြေးရပိုင်ခွင့် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
ယင်းဥပဒေအရ စစ်ဆင်ရေးတွင် သေဆုံးခဲ့သူတစ်ဦးကို ၇၂,၀၀ ကျပ်နှုန်း၊ ဆေးအာမခံ
ထားရှိထားသည့် ဒဏ်ရာရရှိသူများ အတွက် တစ်ဦးလျှင် ၁၀၀,၈၀ ကျပ် နှင့်
ကူဖော်စရိတ် ၂၅ ရာခိုင်နှုန်းကို အပိုထပ်ဆောင်း ပေးခဲ့ကြောင်း ၎င်းက
ရှင်းပြသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ဒဏ်ရာရှိပြီး ဒုက္ခိတ
ဖြစ်သွားသည့် အလုပ်သမားများကို လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ သင့်တော်သော
အသက်မွေးပညာရပ်ဆိုင်ရာ သင်ကြားပေးခြင်းနှင့် အလုပ်အကိုင်များ
ဖန်တီးပေးခြင်းများ လုပ်ဆောင်ပေးလျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံမှ
သိရှိရသည်။
ထို့အပြင် ကာကွယ်ရေးဌာန ကောင်စီ အထူးအမိန့်အမှတ်ဖြင့်
၂၀၁၂ ခုနှစ်အရ သေဆုံးသူ စစ်ဆင်ရေး ဝန်ထမ်း (ပေါ်တာ) ၏ မိသားစုကို ကျပ်
၄၅၀၀၀၀ ထောက်ပံ့ပေးခဲ့ခြင်းများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာန
တာဝန်ရှိသူများက ဆိုသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းသန်းနိုင် တင်သွင်းသော အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment