ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်းကျေးရွာရှစ်ရွာရှိ လယ်မြေဧက
ငါးထောင်ကျော်ကို အမှတ်(၂) ခဲယမ်းမီးကျောက်တပ်က သိမ်းယူထားခြင်းမှာ
တပ်မတော်မှလိုအပ်ချက်ထက် ကျော်လွန်အသုံးပြု ခြင်းဖြစ်၍ နစ်နာနေရကြောင်း
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကပြောသည်။
‘‘တကယ်လိုအပ်ချက်ထက် ကျော်ပြီး အသုံးပြုထားတာကို တွေ့ရတယ်။ ခဲယမ်းမီးကျောက်တပ်က ဂိုဒေါင်တစ်ခုနဲ့တစ်ခု ကွဲတတ်လို့ ဝေးဝေးထားရတယ်လေ။ လက်ရှိယူထားတဲ့မြေတွေအပေါ် အစားပေးတာ၊ လျော်ကြေးပေးတာတွေကိုတော့ လုပ်ပေးဖို့လိုတယ်’’ဟု ၎င်းကဆိုသည်။
လယ်မြေများပြန်မရသည့်အပြင် လက်ရှိနေထိုင်သော ကျေးရွာလုံးကျွတ်ကို တပ်က အုတ်တံတိုင်းကာလိုက်သည့်အတွက် အမျိုးသမီးများနှင့် ကလေးငယ်များသာမက ကျောင်းသား၊ ကျောင်းသူများပါ အုတ်တံတိုင်း စည်းရိုးကို ဝါးလှေကားဖြင့် ခက်ခက်ခဲခဲကျော်ဖြတ်သွားလာနေရ၍ လယ်သမားများက လယ်သမားအရေး ဆောင်ရွက်နေသူများ၏ အကူအညီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဥပဒေအရဆောင်ရွက်ပေးဖို့အတွက် တပ်ကရုံးအထိသွားရောက်ညှိနှိုင်းတာတွေ လုပ်တယ်။ ဒါကိုလက်ခံဘူး။ ညှိညှိနှိုင်းနှိုင်းလုပ်ရင် အောက်ခြေမှာတင် ပြီးပါတယ်။ တပ်ဘက်က ဒါကိုလက်မခံလို့ ကာချုပ်ထံကို စာတင်သွားမှာပါ’’ဟု တောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ ဒေါ်စုစုနွေးကပြောသည်။
အဆိုပါကို အမှတ် (၂)ခဲ ယမ်းမီးကျောက်တပ်သို့ ဒေသရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လယ်သမားများ နှင့် လယ်သမားအရေး ဆောင်ရွက်ကြသူများက သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ရှိခဲ့သည်။ လယ်သမားများက အုတ်တံတိုင်းခတ်ပါက နေအိမ်များကို အလွတ်ထားပေးရန်၊ အုတ်တံတိုင်းအတွင်းရှိ လယ်မြေများကို ဆက်လက် လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။
ယင်းတောင်းဆိုချက်များကို လက်မခံဘဲ အမှတ်(၂) ခဲယမ်းမီးကျောက်တပ်မှ အုတ်တံတိုင်းခတ်ကာ ကာရံလိုက်သည်။ အုတ်တံတိုင်းစည်းရိုးသည် ကျေးရွာ အဝင်၊ အထွက်လမ်းများအားလုံးကို ပိတ်ဆို့လိုက်သည်ဖြစ်၍ သုံးမိုင်နီးပါးအရှည်ရှိ ထိုအုတ်တံတိုင်းစည်းရိုးကြောင့် ကျောင်းသားငယ်လေးများ အန္တရာယ်ကြီးစွာ ခက်ခက်ခဲခဲ ကျော်ဖြတ်နေရကြောင်း သတင်းရရှိသည်။

Credit - 7DAY DAILY

ကျောင်းသို့သွားရန် အန္တရာယ်ကြီးစွာ အုတ်တံတိုင်းကျော်တက်နေသော ကျောင်းသား၊ ကျောင်းသူလေးများ (ဓာတ်ပုံ - စုစုနွေးဖေ့စ်ဘွတ်ခ်)
No comments:
Post a Comment