Saturday, September 27, 2014

အစမ်းသပ်ခံ ဘာသာစကား








ကမ္ဘာသုံး အင်္ဂလိပ် ဘာသာစကားကို မြန်မာ့ပညာရေးမှ ဖယ်ရှားတော့မည်ဆို လက်ခံနိုင်မလား။ ပညာရေး ဝန်ကြီးဌာနက အင်္ဂလိပ်ဘာသာနှင့် ပြုစုထားသော အခြေခံပညာ ပြဋ္ဌာန်းစာအုပ်တိုင်းကို မြန်မာဘာသာ ပြောင်းလဲရန် စတင်ဆွေးနွေးပြီ ဖြစ်ကြောင်း အဆိုပါ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး တာဝန်ရှိသူတစ်ဦးက တရားဝင် ဖွင့်ဟလာသည်။ အထူးသဖြင့်
အထက်တန်းအဆင့်က ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များကို မြန်မာဘာသာ ပြန်ဆိုပြီး သင်ကြားရေးနှင့် စာမေးပွဲ စစ်ဆေးရေးတွင်လည်း မြန်မာဘာသာနှင့်သာ သုံးစွဲရန် စက်တင်ဘာ လဆန်းပိုင်းက ပညာရေး ဝန်ကြီးဌာန ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းအချို့က မိခင်ဘာသာစကားနှင့် သင်ကြားခွင့်ကို တောင်းဆိုနေချိန် ဘာသာရပ်များကို မြန်မာဘာသာ ပြောင်းလဲရန် ဆွေးနွေးခြင်းအပေါ် တိုင်းရင်းသား အချို့က ကန့်ကွက်ခဲ့ကြသည်။ “တိုင်းရင်းသားတွေဘက်က အင်္ဂလိပ်လိုပြောပြော မြန်မာလိုပြောပြော ဒါက ဒုတိယ ဘာသာစကား ဖြစ်သွားပြီ။ ကျွန်တော်ကတော့ ဘာပဲပြောပြော ဒုတိယ ဘာသာစကားချင်း တူတူဆို အင်္ဂလိပ်လိုပဲ သင်ချင်တယ်” ဟု ချင်းဘာသာစကား လေ့လာပြုစုသူ ဦးဆလိုင်းဂျင် မီရီဇာဘွေးက ဖွင့်ဟသည်။ အလားတူ အစမ်းသပ်ခံ ပညာရေးစနစ် အတွင်းမှ ဖြတ်သန်းလာသူတိုင်းက မြန်မာဘာသာ ပြဋ္ဌာန်းစာအုပ်များကို ထမင်းလုံးတစ္ဆေအလား ကြောက်လန့်နေကြသည်။ သင်ရိုးဘာသာစကား သမိုင်းတွင် တော်လှန်ရေးကောင်စီ လက်ထက်က အခြေခံပညာ သင်ရိုးအားလုံးကို မြန်မာဘာသာဖြင့် သင်ကြားခြင်းနှင့် ၁၉၈၀ ခုနှစ်နောက်ပိုင်း အခြေခံပညာ ဘာသာရပ်များကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ သင်ရိုးအဖြစ် ပြောင်းလဲ ပြုစုခြင်းသာဓကများ ရှိခဲ့ဖူးသည်။ ယင်းကြောင့် ယခုတစ်ကြိမ်လည်း အဆိုးကျော့ တစ်ကျော့ပြန်လာခြင်းလောဟု အဆိုပါ ပညာရေးစနစ်များကို ကိုယ်တိုင် ဖြတ်သန်းခဲ့သူ အချို့က ဆိုကြသည်။ ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကမူ မြန်မာဘာသာ သင်ရိုး အပြောင်းအလဲသည် ဆွေးနွေးဆဲ အဆင့်သာရှိပြီး အကောင်အထည်ဖော်ရန် ညွှန်ကြားချက် မထွက်သေးကြောင်း ပြောကြားထားသည်။ လတ်တလော ယာယီ သဘောတူညီထားသော သင်ရိုးစနစ်တွင် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း အားလုံးကို မြန်မာဘာသာနှင့် ပြုစုပြီး သင်ကြားရေးနှင့် စာမေးပွဲ စနစ်တွင်လည်း မြန်မာဘာသာဖြင့်သာ သုံးစွဲရန် ထည့်သွင်းထားကြောင်း အဆိုပါ သင်ရိုးညွှန်းတမ်း အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ဆိုသည်။ လူငယ်များ အင်္ဂလိပ် ဘာသာစကား အရည်အသွေး ကျဆင်းလာပြီး သိပ္ပံဘာသာရပ်များကို သဘောပေါက် နားလည်နိုင်စွမ်း လျော့ကျလာခြင်းကြောင့် မြန်မာဘာသာနှင့် သင်ကြားရန် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယင်းစနစ်ကို အစည်းအဝေး တက်ရောက်သူ ထက်ဝက်ကျော်က သဘောတူညီခဲ့ခြင်းကြောင့် ဆက်လက် ဆွေးနွေးရန် စီစဉ်နေကြောင်း ၎င်းက ရှင်းပြသည်။ ယင်းအချက်ကိုပင် ဝေဖန်သူများက အလျှိုလျှို ပေါ်လာသည်။ ဝေဖန်စရာများသော ပညာရေး ဝန်ထမ်းများ၏ သင်ကြားရေး စွမ်းရည်ကို ပြင်ဆင်ခြင်းမရှိဘဲ သင်ရိုးဘာသာစကားကို ပြင်ဆင်ရန် ပြုလုပ်ခြင်းက အဖြေတစ်ခု မဟုတ်ဟု သင်ကြားရေး အသိုင်းအဝိုင်းက သုံးသပ်ကြသည်။ “ဒါတွေကြောင့် ပြောင်းတာဆို သင်ကြားရေး နည်းလမ်းတွေ ပြုပြင်ပြီးပြီလား။ ကျောင်းသားတွေကို ဘယ်လောက် ထောက်ပံ့ထားပြီးပြီလဲ။ သင်ကြားရေး ဆရာတွေကို ဘယ်လို စွမ်းရည်မြှင့်ပေးထားလဲ ပြန်မေးစရာ ရှိတယ်” ဟု ဦးဆလိုင်း ဂျင်မီရီဇာဘွေးက ပြောကြားသည်။ အခြေခံအဆင့်တွင် မိခင်ဘာသာစကား အသုံးပြု သင်ကြားမှုက ပိုမိုထိရောက်သော်လည်း အလယ်တန်းနှင့် အထက်တန်းအဆင့် ရောက်ရှိလာသည်နှင့်အမျှ မိခင် ဘာသာစကားနှင့် နိုင်ငံတကာသုံး ဘာသာစကားတို့ကို အချိုးညီစွာ သင်ကြားရန် လိုအပ်လာကြောင်း ထိုင်းမြန်မာနယ်စပ်ရှိ Thinking Classroom Foundation ပညာရေး တာဝန်ခံ ဒေါ်ဟောင်စိုင်းက အကြံပေးသည်။ သို့သော် အင်္ဂလိပ် ဘာသာစကား အခြေခံကို မူလတန်းမှစ၍ စနစ်တကျ သင်ကြားပေးနိုင်ခြင်း မရှိလျှင်လည်း အဆင့်မြင့် ပညာရေးကို ဆက်လက် သင်ကြားသည့် အချိန်တွင် ဘာသာစကား အခက်အခဲ ဖြစ်သွားနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ ယင်းအပြင် ဘာသာစကား ပြောင်းလဲတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်ဘာသာ အရည်အသွေး တိုးမြှင့်လာရန် မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာ ပညာရေးနှင့် ချိတ်ဆက်နေချိန် အင်္ဂလိပ် ဘာသာစကားကို လျှော့ချ၍ မရနိုင်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းဆရာ ဦးအောင်စံမြင့်က သတိပေး ပြောဆိုသည်။ သိပ္ပံတွဲကို လက်တွေ့ သင်ကြားနေသော ဆရာအချို့ကလည်း အင်္ဂလိပ် ဘာသာဖြင့် ပြောင်းလိုက်ခြင်းကြောင့် အခက်အခဲ ရှိနိုင်ကြောင်း မှတ်ချက်ပေး ပြောဆိုသည်။ “သိပ္ပံကို မြန်မာလိုပြန်ဖို့ဆို အခါခပ်သိမ်း ပြန်ဆိုလို့မရဘူး။ ဘယ်လိုမှလည်း မဖြစ်နိုင်ဘူး။ ဘိုင်အိုဆိုကတည်းက အဆင့်မြင့်မြင့် နည်းပညာတွေ ဆက်သင်ဖို့ပါ။ ဆေးဝါး၊ စားသောက်ကုန်၊ ဇီဝ အင်ဂျင်နီယာတွေ သင်ဖို့ဆို မြန်မာလို သင်လို့ မရပါဘူး” ဟု နာမည်ကျော် ပုဂ္ဂလိက ကျောင်းဆရာ တစ်ဦးဖြစ်သူ ဒေါက်တာဘိုင်အိုက သုံးသပ်သည်။ အစိုးရ ကျောင်းများတွင် အခက်အခဲ ရှိနိုင်သော်လည်း ပညာရေး ဝန်ကြီးဌာနက မြန်မာဘာသာ သင်ရိုးပြောင်းမည် ဆိုလျှင်လည်း လိုက်လံ ပြောင်းသင်ရုံသာ ရှိကြောင်း ရန်ကုန်မြို့မှ အထက်တန်းပြ ဓာတုဗေဒ ဆရာမတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုသည်။ “မြန်မာလိုပြောင်းတော့ ကျက်ရတာတောင် ပိုခက်မယ် ထင်တယ်။ သူငယ်တန်းတောင် အင်္ဂလိပ်စာ သင်နေတာပဲ။ အခုအင်္ဂလိပ်လို သင်နေတာ ကလေးတွေအတွက် အဆန်း မဟုတ်တော့ဘူးလေ” ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။ တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် ခေတ်သစ် သိပ္ပံအထူးပြု ဘာသာရပ်များကို အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်ဆိုရန် အတတ်ပညာရှင်များစွာ ရှိသော်လည်း မြန်မာနိုင်ငံတွင် ဘာသာပြန် အသင်းပင် ပြန်လည် ဖွဲ့စည်းထားခြင်း မရှိသောကြောင့် ပြဋ္ဌာန်း စာအုပ်များကို မြန်မာဘာသာ ပြန်ဆိုရန် မဖြစ်နိုင်ကြောင်း ဦးအောင်စံမြင့်က ဝေဖန်ထားသည်။ “နားလည်ပြီးသား တတ်ပြီးသား စကားလုံးတွေပါ ပျောက်ကုန်လိမ့်မယ်” ဟု ၎င်းက မချင့်မရဲ ဆိုသည်။ မြန်မာနိုင်ငံတွင် ဘာသာပြန်စာပေ အသင်းကို ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် စာပေဗိမာန်အဖြစ် ပြောင်းလဲခဲ့သည်။ သို့သော် မကြာသေးမီက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကို ပြန်လည် တည်ထောင်မည် ဖြစ်ကြောင်း ပြောကြားထားသည်။ သို့သော် အကောင်အထည် မမြင်ရသေး။ လူသား အရင်းအမြစ်များ ရှာဖွေနေဆဲသာ ရှိသေးသည်။ အင်္ဂလိပ် ဘာသာစကားကို မြန်မာဘာသာ ပြန်ဆိုပြီး မြန်မာ ဘာသာစကားကို တိုင်းရင်းသား ဘာသာစကားအဖြစ် ပြောင်းလဲ သင်ကြားမည်ဆိုလျှင် တိုင်းရင်းသား ကလေးငယ်များ၏ ပညာရေးမှာ အစမ်းသပ်ခံ ဖြစ်နေဦးမည် ဖြစ်ကြောင်း တိုင်းရင်းသား ပညာရှင်အချို့က ဆိုသည်။ “Reform (ပြုပြင်ပြောင်းလဲရေး) ဆိုပြီး တော်ကြာ ငါးဘာသာ ပြောင်းလိုက်၊ ငါးဘာသာ ပြန်ပြောင်းလိုက် ဘာထူးလဲဆိုတော့ ဘာမှလည်း မထူးဘူး။ ကျွန်တော်တို့ဘက်က ဝန်ကြီး အသစ်ပြောင်းတိုင်း ဒီလိုတွေပဲ ဆက်လုပ်နေမှာလား မေးစရာ ဖြစ်နေတယ်” ဟု ဦးဆလိုင်းဂျင်မီရီ ဇာဘွေးက ပြောကြားသည်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာသုံး အင်္ဂလိပ်ဘာသာနှင့် ထုတ်သော ပြဋ္ဌာန်းစာအုပ်များကို သင်ကြားသော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေး တိုးတက်မလာခြင်းက သင်ကြားနည်းကြောင့်လော၊ ဘာသာစကားကြောင့်လော... သို့လော... မေးခွန်းများသာ ထွက်ပေါ်လာသည်။ ယခုလည်း ဖိနပ်မတော်၍ ဖနောင့် လှီးတော့မည့်ကိန်း ဖြစ်လာနိုင်သလားဟု ပညာရေး အသိုင်းအဝိုင်းက သံသယနှင့် စောင့်ကြည့်နေကြသည်။ အကြောင်းရင်းက နောက်တစ်ကြိမ် အစမ်းသပ်ခံ မဖြစ်စေလို၍သာ။ ၁၉၉၈ ခုနှစ် ပညာရေး မြှင့်တင်မှု အစီအစဉ်၊ အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှု အစီအစဉ် စသည်ဖြင့် မြန်မာ့သမိုင်းတွင် ပညာရေး မြှင့်တင်မှု အစီအစဉ် မြောက်များစွာ ပေါ်ပေါက်ခဲ့ဖူးပါသည်။ သို့သော် နိုင်ငံတကာ ဘွဲ့လက်မှတ်များနှင့် ယှဉ်လျှင် အရည်အသွေး ကျနေဆဲ ရှိသေးသည်။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံက ဘွဲ့ရရှိသူများ ကျောင်းပြီးချိန်တွင် ကျွမ်းကျင်မှုထက် ဘွဲ့ဓာတ်ပုံသာ ရရှိနေကြောင်း လက်ရှိ ပညာရေးစနစ်ကို ဝေဖန်ထားဖူးသည်။ မြန်မာဘာသာ သင်ရိုးညွှန်းတမ်းများက ဖွံ့ဖြိုးမှု ကွာဟနေဆဲ တိုင်းရင်းသားဒေသက ကလေးငယ်များအတွက် အစမ်းသပ်ခံ ထပ်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဦးဆလိုင်း ဂျင်မီရီဇာဘွေးက ယခုကဲ့သို့ ပြောကြားသည်။ “အခုဆို အစမ်းသပ်ခံဆိုရင် စကားလုံးတောင် မမြင်ချင်တော့ဘူး။ ပြည်သူတွေ အတွက်လည်း နစ်နာတယ်။ နိုင်ငံလည်း နစ်နာတယ်” -

Credit - The Voice

No comments:

Post a Comment