Thursday, September 25, 2014

အတင်းအဖျင်း သတင်းပလင်း

[ Opinion ]

လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ဘေးဝိုင်းကနေ “နာမည်ကြီးချင်တာများကွာ လွယ်ပါတယ်” ဆိုတဲ့ စကားသံ ကြားလိုက်ရလို့ စိတ်ဝင်စားစွာ နားစွင့်လိုက်မိတယ်။
“မဟုတ်တာ အကုန်လုပ်၊ ဟုတ်တာတွေ တစ်ခုမှ မလုပ်နဲ့” တဲ့။
ဂျာနယ်တစ်စောင်ကို တာဝန်ခံတဲ့ အယ်ဒီတာ တစ်ယောက်က သူ့ကို အယ်ဒီတာချုပ် ရာထူးပေး၊ သိန်းဆယ်ဂဏန်း နီးပါးပေး၊ လေးစောင်အတွင်း ဟိုးလေးတကျော် ဖြစ်သွားစေရမယ်။ မဖြစ်ရင် ဇက်ဖြတ်လို့ ရဲဝံ့စွာ အာမခံသတဲ့။ ဒီလိုနဲ့ အဲဒီဂျာနယ် ထွက်လာချိန်မှာ ပထမတစ်စောင် လူမသိခဲ့ပေမယ့်၊
ဒုတိယတစ်စောင်မှာ မဟုတ်တဲ့သတင်းကို မျက်နှာဖုံးတင်ပြီး ဝုန်းလိုက်တယ်။ လွတ်ရင်ပေါက်၊ မလွတ်ရင် ချောက်ကျမယ်။ ဒါပေမဲ့ နိုင်ငံတကာကနေ သတင်းမီဒီယာကို ဖိနှိပ်ပါတယ်လို့ အော်ခိုင်းရင် အရှုံးမရှိနိုင်ဘူး ဆိုပြီး ပေါင်းရိုက်ထားတယ်။
ဒီလိုနဲ့ ဂျာနယ်ထွက်လာတော့ “ခလုတ်တိုက်တယ်၊ ဖားပြုတ်ကိုက်တယ်၊ တရုတ်ရိုက်တယ်” ဆိုတဲ့ သတင်းကို မျက်နှာဖုံးမှာ တင်ချလိုက်တယ်။ ပြီးတော့ မဟုတ်တရုတ်ကို တရုတ်မဟုတ်ဆိုပြီး ဖွတ်တင်ပြောတယ်။ ဂျာနယ်တစ်ခါတည်း ပေါက်သွားတာကြောင့် ကံကောင်းလို့ ဇက်မပြတ်ခဲ့ရကြောင်း ဖွင့်ဟတာကို အသည်းယားစရာ ကြားခဲ့ရတယ်။
“အဘရေ လုပ်ပါဦး၊ သမီးတို့ ဂျာနယ်လေး ရောင်းအားကျသွားလို့” ဆိုတဲ့ အသံနဲ့ အဘခြေထောက်ကို နဖူးနဲ့ ပွတ်လာတဲ့၊ မွေးစားသမီးကို “ဘာလုပ်ချင်တာလဲ” လို့ အဘက မေးလိုက်တယ်။
“အဘက ဒီလိုပြောပါတယ်ဆိုပြီး သမီးတို့ ဖွလိုက်မယ်လေ။ နောက်မှ အဘက ငါဒီလို မပြောပါဘူးလို့ ငြင်းပေါ့”
“အေး လေ နင့်အဖေ မျက်နှာကြောင့် ဖွစေဗျား” လို့ ခွင့်ပေးလိုက်တယ်။ နောက်တစ်ပတ် ဂျာနယ်မျက်နှာဖုံးမှာ “၈၈ မှာ ငါသတ်တာ” ဆိုတဲ့ သတင်းတွေ ပြူးခနဲ တွေ့လိုက်ရတယ်။ ဝိုင်းဆဲနေတဲ့ ကြားကပဲ ဂျာနယ်လည်း လက်ကျန်မရှိ ပြတ်သွားတယ်။ ပွဲဆူကုန်ပြီပေါ့။ ဒီတော့မှ အဘနဲ့ မကင်းရာ မကင်းကြောင်း၊ နောက်ဂျာနယ် တစ်စောင်ကလည်း “၈၈ မှ အဘ မြန်မာပြည်မှာ မရှိပါ” ဆိုပြီး ပြန်ပက်တယ်။ သူလည်း ထိပ်တန်းဈေးကွက် ဝင်သွားတယ်။
အဘကို စာနယ်ဇင်းတွေက ဆက်သွယ်မေးမြန်းတော့ အဘ တရားစခန်း ဝင်နေသဖြင့် မည်သူနှင့်မျှ မတွေ့နိုင်ပါတဲ့။
အစိုးရ အရာရှိကြီး တစ်ယောက် ရှယ်ယာ ပါသလိုလို၊ မပါသလိုလို သတင်းဖျောက်၊ သတင်းမှောက်ထားတဲ့ မီဒီယာကြီး တစ်ခုကလည်း “ဒီလို လုပ်ကြရအောင်လေ” ဆိုပြီး လက်ဝါးရိုက်ပြန်တယ်။ ဒီလိုနဲ့ သူ့ကိုငါဆဲ၊ ငါ့ကို သူဆဲ ပွဲက ကြမ်းလာတယ်။ Facebook ပေါ်မှာလည်း အလွတ်တန်း အပြောတွေနဲ့ ဇာတ်ရှိန်တွေ မြှင့်လိုက်ကြတယ်။ နောက်တော့ ထုံးစံအတိုင်း တရားစွဲမယ်၊ အမှုဆိုင်မယ်၊ တောင်းပန်လို့ မရဘူးလို့ ပြောဆိုပြီး ဝုန်းဒိုင်းကြဲလိုက်တာ စောင်ရေလည်း နှစ်ဆတက်သွားတယ်။ နောက်တစ်ပတ်မှာ သူတို့အောင်မြင်မှုအတွက် ဟိုတယ်ကြီးတစ်ခုမှာ ညစာစား ပွဲကြီး ဝှဲချီးကျင်းပပြီး လက်ဆောင်တွေ ဖလှယ်ကြတယ်။ အရက်ခွက်တွေ မြှောက်ပြီး “မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ပါစေ” လို့ ဆုတောင်းကြတယ်။ မြန်မာလို ဘာမှနားမလည်တဲ့ ဆွေမျိုးပေါက်ဖော် တစ်ယောက်ကလည်း “ကမ်ပေ့…ကမ်ပေ့… ဝမ်စွေ့…ဝမ်စွေ့” လို့ ထအော်လိုက်တယ်။
ဆေးရုံတစ်ရုံက သိပ်ပြီး နာမည်ကြီးချင်နေတယ်။ ဒီတော့ သတင်းမီဒီယာနဲ့ သွားပေါင်းတယ်။ သူ့ဆေးရုံကို လူသိအောင် လုပ်ပေးပါပေါ့။ ဆေးရုံကို လူသိစေချင်ရင် မကောင်းသတင်းကို အရင်ထုတ်ရမယ်။ ပါမောက္ခကြီး တစ်ယောက်ယောက်ကို စတေးလိုက်ရမယ်။ လုပ်ရဲသလားဆိုတော့ နာမည်ကြီးရင် ပြီးရော လုပ်မယ်လို့ ကတိတွေထားပြီး ပါမောက္ခကြီး ပေါ့ပြက်တဲ့အတွက် လူနာအသက် ထွက်ရသလို မျက်နှာဖုံးကနေ ပင့်ပေးလိုက်တယ်။ သေဆုံးတဲ့ လူနာရှင်တွေကတောင် ပြဿနာမရှာချင်ပါဘူးလို့ ပြောတာကို အတင်းအဓမ္မ ပြဿနာရှာခိုင်း၊ အင်တာအတင်းဗျူးပြီး သတင်းထူး လုပ်လိုက်ကြတယ်။ ဒီလိုနဲ့ ကာယကံရှင်က မပြော မီဒီယာနဲ့ ဘေးပြောတွေနဲ့ အုတ်အော်သောင်းတင်း ဖြစ်သွားတယ်။ ဆေးရုံရဲ့ ဝန်ဆောင်မှု ကောင်းတာတွေ၊ အဆင့်မြင့်တာတွေကို ကြားဝင်ပြီး ကြော်ငြာထိုးတယ်။ ပါမောက္ခကြီး နာမည်ပျက်၊ ဆေးရုံက လူနာတက်၊ ဂျာနယ်က စောင်ရေတက်၊ ကြားက အသက်ထွက်ရတဲ့ အကြောင်းက ပေါ့ပျက်ပျက် ဖြစ်သွားခဲ့ရတယ်။
ဟေ့… ငါတို့ကတော့ မီဒီယာ အက်သစ်ကို သေတဲ့အထိ လိုက်နာ ကျင့်သုံးသွားမယ်လို့ အော်တဲ့သူတွေကလည်း အော်နေကြတယ်။ ဒါကြောင့် သူတို့ မီဒီယာမှာ “ဟိုလူက သည်လိုပြောပါသည်” “သည်လူက ဟိုလိုပြောပါသည်” “ကျွန်တော်တို့ ဘာမှမပြောလိုပါ” ဆိုပြီး ဆင်ဝှေ့ရန်ရှောင် မျဉ်းကြောင်းကြီးဆွဲပြီး လိုင်းအတိုင်း လိုက်နေတာတွေလည်း ရှိတယ်။ အဲဒီ မီဒီယာတွေကတော့ ဘက်စ်ဆဲလား စာရင်းမှာ ဘယ်တော့မှ ရောက်မလာဘူး။ ဘန်းမတင်၊ စင်မတင် မီဒီယာတွေကတော့ အလကားပေးနေတာတောင် မယူကြလို့ မျက်နှာငယ်ရတယ်။
နိုင်ငံတော် အစိုးရအဖွဲ့ဝင်ကြီး တွေကတောင် လက်ထဲမှာ အတင်းအဖျင်း သတင်းဂျာနယ်တွေ ဖတ်နေကြောင်း ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံကြတယ်။ ပြည်သူ့ရှယ်ယာတွေနဲ့ ပြည်သူကို အလုပ်အကျွေး ပြုမယ်ဆိုတဲ့ ဂျာနယ်ကလည်း ထည့်ဝင်ထားတဲ့ ငွေပမာဏလည်း မကြေညာ၊ ရှယ်ယာတွေ ဘယ်ရောက်မှန်းလည်း မသိ၊ တာဝန်ခံကိုတောင် နိုင်ငံခြားမှာလိုလို၊ ထွက်ပြေးသွားသလို အကြောင်းပြ။ ရှယ်ယာ ဝင်ထားသူတွေကလည်း ရှက်ရှက်နဲ့ ဘာမှပြောမထွက်။ ဒီလိုနဲ့ ပြည်သူ့ငွေနဲ့ ထုတ်နေတဲ့ ဂျာနယ်ကလည်း ပြုတ်လည်း ဂရုမစိုက်ဘူးဆိုပြီး ဘယ်အချက်နဲ့ ကောက်ထိုးပြီး ထိုးတက်အောင် ကြံဆောင်ဦးမလဲတော့ မသိပါဘူး။
မီဒီယာတွေ ပွင့်လင်းမြင်သာတဲ့ခေတ် ရောက်ပြီ ဆိုပေမယ့် သတင်းလက်ဝါးကြီး အုပ်ထားသူတွေကတော့ သတင်းသာ မကပါဘူး။ ဈေးကွက်ကိုလည်း လက်ဝါးကြီး အုပ်ထားကြတုန်းပဲ။ စကတည်းက အစိုးရမီဒီယာ ပန်းဝင်ခါနီးမှ ပုဂ္ဂလိကကို တာလွှတ်ထားတာ ဆိုတော့ လာပါယူပါ တစ်စောင် ငါးဆယ်ဆိုတဲ့ သတင်းကို၊ အတင်းအဖျင်းနဲ့ ရမ်းတုတ် ရမ်းတီးသတင်းတွေနဲ့ ကျော်တက်အောင် ကြိုးစားနေကြတယ် ထင်ပါတယ်။
(ဒါတွေဟာ မြန်မာနိုင်ငံ မီဒီယာ ရပ်ကွက်က ကြားရတဲ့ သတင်းတွေပါ။ ဟုတ်မဟုတ်၊ မှန်၊ မမှန် အာမ,မခံနိုင်ပါ။ အတင်းအဖျင်း ဆိုသည်မှာ သတင်းမဟုတ်သော်လည်း လူစိတ်ဝင်စားပြီး ဇဝေဇဝါ ဖြစ်သွားစေရန်သာ။ မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ။)
ကျော်ဗလ
--------------------------------
(ဤကဏ္ဍတွင် ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice ၏ အာဘော်မဟုတ်ပါ)

Credit - The Voice Weekly

No comments:

Post a Comment