Friday, September 26, 2014

အသုံးချခံ မဖြစ်စေလို


မကြာသေးခင် ရက်ပိုင်းအတွင်းက အစ္စလာမ္မစ် အစွန်းရောက် အယ်လ်ကေဒါအဖွဲ့က မြန်မာနိုင်ငံကို ၎င်းတို့အကြမ်းဖက်မည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခဲ့ခြင်းမှာ များစွာ စဉ်းစားသုံးသပ်ဖွယ်ရာ ရှိပေသည်။ ကုန်ခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး အရေခြုံ အကြမ်းဖက် ပဋိပက္ခများကို အကြောင်းပြုကာ အစ္စလာမ္မစ် အစွန်းရောက် အယ်လ်ကေဒါအဖွဲ့က မြန်မာနိုင်ငံကို ရန်သူစာရင်းသွင်းကာ အကြမ်းဖက် တိုက်ခိုက်ရန် ကြေညာလိုက်ခြင်း ဖြစ်ဖွယ်ရှိသည်။


ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် တစ်ရှိန်ထိုး တက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ရှင်ကျန်ဒေသမှ လူနည်းစု အစ္စလာမ်ဘာသာဝင် အူဂါလူမျိုးစုများအပေါ် ခွဲထွက်ရေးဝါဒီ ခေါင်းစဉ်ဖြင့် ဖိနှိပ်အရေးယူမှုများ အရေးကိစ္စကိုမူ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ္မစ် အစွန်းရောက်များနှင့် မွတ်ဆလင်များ၊ မီဒီယာများက မည်သို့သော ခြိမ်းခြောက်၊ သတိပေးမှု၊ ဝေဖန်ပြောဆိုမှုမျှ မရှိသော်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ အစပြု ဖြစ်ပေါ်ခဲ့သော ဘာသာရေး အရေခြုံ ပဋိပက္ခများကိုမူ ဘာသာရေး ခွဲခြားမှုများ၊ နှိပ်ကွပ်မှုများ ရှိသည်ဟု နိုင်ငံတကာ သတင်းအေဂျင်စီ အချို့က ဇောင်းပေး ရေးသားခဲ့ကြခြင်းမှာလည်း များစွာ မေးခွန်းထုတ်စရာ ရှိပေသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည့် ဘာသာရေး အရေခြုံ အကြမ်းဖက် သတ်ဖြတ်မှုများမှ အစပြုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှာ ရွှေ့ပြောင်း ဝင်ရောက်လာသူများနှင့် ရခိုင်ဒေသခံများအကြား ပဋိပက္ခများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီး၊ မြို့ငယ်အချို့တွင် ဘာသာရေး၊ လူမျိုးရေး အရေခြုံထားသည့် အကြမ်းဖက်၊ သတ်ဖြတ်၊ မီးရှို့မှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အခြေအနေများကို ပြန်ဆန်းစစ်ကြည့်ပါက ပြဿနာအားလုံး လိုလို အစပျိုးသည့် ပုံစံ၊ အဖြစ်အပျက်များ ဆင်တူနေခြင်း၊ လူအုပ်ဝိုင်းခြင်း၊ အကြမ်းဖက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းနှင့် လူသတ်ခြင်းကဲ့သို့ ဖြစ်စဉ်များကို စနစ်တကျ လေ့ကျင့်ထားဖွယ် ရှိသည်ဟု သံသယဖြစ်ဖွယ် ကောင်းသည့် လူတစ်စုက အချိန်တိုအတွင်း ကျူးလွန်သွားခြင်းမှာ များစွာ သံသယဖြစ်စရာ ကောင်းလှသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ သမိုင်းအဆက်ဆက်မှ မျက်မှောက်ကာလ အထိတိုင် မည်သည့် ဘာသာဝင်၊ လူမျိုးကိုမျှ ဘာသာရေး၊ လူမျိုးရေး တမင် ခွဲခြားဆက်ဆံခဲ့ခြင်း မရှိခဲ့သည့်အပြင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက မိမိတို့ နိုင်ငံသားအချင်းချင်းဟု သဘောထားကာ ချစ်ကြည်ရင်းနှီးမှု အပြည့်ဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြသည့် ထူးခြားသော နိုင်ငံဖြစ်သည်။

အာဏာနိုင်ငံရေးနှင့် မြောက်မြားလှစွာသော ကိုယ်ကျိုးစီးပွားများ ပါဝင်ပတ်သက်နေဖွယ် ရှိသည့် ဘာသာရေးအရေခြုံ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ တမင်ဖန်တီးခြင်းကြောင့်သာ ဘာသာရေးခွဲခြားမှု ရှိသလော ဆိုသည့် မေးခွန်း အထုတ်ခံရခြင်း ဖြစ်သည်။ ထိုမေးခွန်းနှင့် ဆက်စပ်သော အယ်လ်ကေဒါ ခြိမ်းခြောက်မှုမျိုးမှာ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို တစ်နည်းမဟုတ် တစ်နည်း အနှောင့်အယှက် ပေးလာဖွယ် ရှိပေသည်။

ထိုအခြေအနေတွင် ပြည်တွင်းတွင် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့သည့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံအကြား မိမိတို့ အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းကို အခြားသူများနှင့် မတူခြားနားလွန်းသည့် အသွင်သဏ္ဌာန်များဖြင့် သီးခြားဆန်ဆန် ဖော်ထုတ်ပြသကဲ့သို့ ဖြစ်မနေစေရန်လည်း အထူးသတိထားရမည် ဖြစ်သည်။

သို့မဟုတ်ပါက အတိတ်ကာလများက အတွေ့အမြင်များစွာ နည်းခဲ့သည့် အသွင်သဏ္ဌာန်များ၊ လှုပ်ရှားမှုများ၊ သီးခြားကန့်သတ်ချက်များ၊ အကဲဆတ်လွန်းသော နေထိုင်ပြုမူ၊ ဝတ်စားဆင်ယင်မှုများကို အကြောင်းပြုကာ နှစ်ဖက်စလုံးရှိ တမင်ရည်ရွယ်ချက်ဖြင့် ပဋိပက္ခ၊ အကြမ်းဖက်မှု ဖန်တီးလိုသူများ၏ အသုံးချခံ ဖြစ်သွားနိုင်ကြောင်း အထူးသတိပေးအပ်ပေသည်။

အယ်ဒီတာ (၂၅-၉-၂၀၁၄)

.................................................
The Voice Daily Editorial Vol-2/No-142(#voiceeditorial)

No comments:

Post a Comment