လယ်ယာမြေစုံစမ်းရေး
ကော်မရှင်၏ အစီရင်ခံစာများအပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၁
ရာခိုင်နှုန်းကျော်၊ တိုင်းနှင့်ပြည်နယ် အစိုးရများမှ
လေးရာခိုင်နှုန်းကျော်သာ ဖြေရှင်းပြီးစီး၍ မြေယာပြဿနာ ဖြေရှင်းမှုမှာ
လွန်စွာနည်းပါးနေကြောင်း တင်ပြ
ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်သည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာများအပေါ် ကာကွယ်ရေး ဝန်ကြီးဌာနမှ ၂၁ ဒသမ ၆၈ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ၄ ဒသမ ၅၆ ရာခိုင်နှုန်းသာ ဖြေရှင်းဆောင်ရွက်
ပြီးစီးသည့်အတွက် မြေယာ ပြဿနာဖြေရှင်းမှု အရေအတွက်မှာ လွန်စွာနည်းပါးနေကြောင်း ယင်းကော်မရှင်၏ ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အနေဖြင့် စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ လေ့လာတွေ့ရှိချက် အစီရင်ခံစာအား အတည်ပြု ဆုံးဖြတ်ပေးပါရန် အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ကော်မရှင်၏ အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃၊ အပိုင်း ၄ အစီရင်ခံစာများကို အတည်ပြု ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရပြီး ကော်မရှင်၏ အစီရင်ခံစာအပေါ် အစိုးရအဖွဲ့အစည်းများက ဖြေရှင်းပြီးစီးမှုမှာ ကော်မရှင်သို့ ပေးပို့သော တိုင်ကြားစာ စုစုပေါင်း ၉၂၄၈ စောင်တွင် ၉ ဒသမ ၅၄ ရာခိုင်နှုန်းသာ ဖြေရှင်းဆောင်ရွက် ပြီးစီးသည့်အတွက် မြေယာဖြေရှင်းမှု အရေအတွက်မှာ လွန်စွာနည်းပါးနေကြောင်း တွေ့ရှိရသည်ဟု အဆိုတွင် ထည့်သွင်းဖော်ပြထားသည်။
ဆက်လက်ပြီး ကော်မရှင်သို့ရောက်ရှိနေသည့် တိုင်စာပေါင်း ၂၆၃၇၁ စောင်ရှိရာ ဆက်လက်လွှဲပြောင်းပေးရန် ကျန်ရှိနေသည့်အတွက် ထပ်မံဖြေရှင်းပေးရန်လည်း တိုင်စာအမှုပေါင်းများစွာ ကျန်ရှိနေပြီး ယခုဖြေရှင်းမှုနှုန်းနှင့်ဆိုလျှင် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေ မရှိနိုင်ကြောင်း သုံးသပ်တင်ပြထားသည်။
ကော်မရှင်အနေဖြင့် ကွင်းဆင်းစုံစမ်းရာတွင် မြေသိမ်းဆည်းခံရသည်ဟု ဆိုသူများ၊ ကုမ္ပဏီများ၊ မြေသိမ်းဆည်းထားသည့် အစိုးရဌာနဆိုင်ရာများ အားလုံးတွင် အတ္တကိုယ်စီရှိနေသည်ကို တွေ့ရကြောင်း၊ မြေသိမ်းဆည်းခံရသည်ဟု ဆိုသူများတွင် မိမိမြေယာပါဝင်မှု အနည်းငယ်ကို ပိုမိုစာရင်းပြသူများရှိကြောင်း ဖော်ပြထားသည်။
အစိုးရဌာနများ အနေဖြင့် လိုအပ်ချက်ထက် ပိုမိုသိမ်းဆည်းပြီး အသုံးမပြုသောမြေကို သီးစားအငှားချထား၍ ဝန်ထမ်း သက်သာကို အကြောင်းပြကာ ကိုယ်ကျိုးရှာနေမှုများလည်း တွေ့ရှိရကြောင်း ကော်မရှင်က တင်ပြထားသည်။
မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများကို ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ ဗဟိုအဆင့်အထိ ဖွဲ့စည်းတာဝန် ပေးထားသော်လည်း အောက်ခြေအဆင့်မှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ဖြစ်စဉ်၊ ဖြစ်ရပ်ပြဿနာ အားလုံးကို ဒုတိယသမ္မတဦးဆောင်သည့် ဗဟိုအဆင့်သို့ အဆင့်ဆင့်တင်ပြ အမိန့်နာခံကာ အဆုံးအဖြတ်ရယူ နေကြောင်းကိုလည်း တွေ့ရှိရကြောင်း ဆက်လက်တင်ပြထားသည်။
မြေယာသိမ်းဆည်းခဲ့သည့် ဌာနအဖွဲ့ အစည်းများ၊ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်မှုအားနည်းခြင်း၊ လုပ်ပိုင်ခွင့်ရသူများ အနေဖြင့် လုပ်ငန်းပြီးမြောက်ရေးကို ရှေ့တန်းတင် အဓိကထား ဆောင်ရွက်ခဲ့မှုများကြောင့် မြေအသိမ်းခံပြည်သူများမှာ နစ်နာခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကော်မရှင်၏ အဆိုတွင် ဖော်ပြထားသည်။
Credit - Eleven Media Group

No comments:
Post a Comment