Thursday, September 25, 2014

ပညာရေးနှင့် အရည်အသွေး

စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
‪#‎emg_editorials‬

ပညာရေးနှင့် အရည်အသွေး
နိုင်ငံတစ်နိုင်ငံ၏ ရေရှည်အနာဂတ်အတွက် လူငယ်များပြုစု ပျိုးထောင်ရာတွင် ပညာရေးအဆင့်အတန်း မြင့်မားခြင်းက အဓိကကျသည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များအား ဝေဖန်မှုများ၊ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသလို တစ်ဖက်တွင်လည်း မပြည့်စုံမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ပညာရေးကဏ္ဍသည် အခြားကဏ္ဍများနည်းတူ အရေးပါနေရာ အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာများသာမက ကျောင်းသားနှင့် ဆရာ အချိုးညီမျှရန်၊ အရည်အသွေးမြင့် ဆရာ၊ ဆရာမများက ထူးချွန်ထက်မြက်သည့် ကျောင်းသူကျောင်းသားကောင်းများ မွေးထုတ်ပေးနိုင်ရေးအထိ လုပ်ဆောင်စရာ များစွာရှိနေသည်က အမှန်ပင်ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် တစ်ပြေးညီ ပညာသင်ကြားပေးနိုင်ရေး၊ ပညာသင်ကြားခွင့် ရရှိရေးမှာလည်း အရေးပါသည်။ ဝေးလံသီခေါင်သော ဒေသများတွင် ပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမ အခက်အခဲ ရှိနေဆဲဖြစ်သည်။ ပညာသင်နှစ်ဝက် ရောက်သည်အထိ ပြဌာန်းဖတ်စာအုပ်များ ကျောင်းသားများလက် အချိန်မီ မရောက်ရှိသည့် သတင်းများကလည်း ဝေးလံဒေသများမှ ကလေးငယ်များအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။
သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သော ပြုပြင်ပြောင်းလဲမှုများအတွက် ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကာ ပညာရေး အဆောက်အအုံ အခြေခိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ အခြေခံပညာအဆင့်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေး စီမံချက်များ ချမှတ်လုပ်ဆောင်နေကြောင်း သိရသည်။ ကျောင်းပြင်ပ မူလတန်းပညာရေးအတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှ စတင်ကာ စီစဉ်ပေးမှုများ ရှိကြောင်း သိရပြီး ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒလ၊ ကျောက်တန်း၊ ဒဂုံဆိပ်ကမ်း၊ တိုက်ကြီး၊ သာကေတ၊ သန်လျင်၊ မင်္ဂလာဒုံ၊ ဆိပ်ကြီးခနောင်တို စသည့်မြို့ နယ် ၁ဝ ခုတွင် စခန်း ၆၂ ခု၌ ကျောင်းသားကျောင်းသူ ၁၁ဝဝ ကို ဖောင်ဒေးရှင်း အလှူရှင်များ၏ ကူညီမှုဖြင့် ပညာသင်ကြားနိုင်ရန် စီစဉ်ပေးမှုများရှိကြောင်း သိရသည်။
“ပညာရဲရင့် ပွဲလယ်တင့်” ဆိုရိုးစကားအတိုင်း ထူးချွန်ထက်မြက်သူများ ပေါ်ထွက်ရေးအတွက် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးပါနေသည်။ အရေအတွက် ပညာရေးမျိုး မဟုတ်ဘဲ အရည်အချင်း ပညာရေးမျိုးဖြစ်ရန်လည်း လိုအပ်သည်။
တရားဝင်စာရင်းများအရ မြန်မာနိုင်ငံတွင် ကျောင်းသားဦးရေ ရှစ်သန်းကျော်နှင့် ဆရာ၊ ဆရာမ ၃၇ဝ,ဝဝဝ ကျော်ရှိကြောင်း သိရသည်။ နှစ်စဉ် ဆရာ၊ ဆရာမပေါင်း ရှစ်ထောင်ကျော် မွေးထုတ်ပေးနေသော်လည်း အမှန်တကယ် လိုအပ်ချက်တွင် အထက်တန်းပြ ဆရာ၊ ဆရာမ ခြောက်ထောင်ကျော် လိုအပ်နေဆဲဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် အဓိကအခက်အခဲများ၌ ကျောင်းဆရာ အခက်အခဲဖြစ်နေကြောင်း၊ ဆရာအင်အား တိုးလာရန် မည်ကဲ့သို့ မွေးထုတ်ရမည်ကို ဆွေးနွေးနေကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့် ကာလများနှင့် နှိုင်းယှဉ်လျှင် ဒေသတွင်း နိုင်ငံများအကြား မြန်မာ့ပညာရေး အဆင့်အတန်း နိမ့်ကျကွာဟ မသွားစေရန် ပိုမိုလုပ်ဆောင်သင့်ပြီဖြစ်သည်။ ပညာရေးကဏ္ဍအပေါ် စနစ်တကျ အာရုံစိုက်ပြုပြင်ခြင်းသည် နိုင်ငံ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ လူသားအရင်းအမြစ် အရည်အသွေးအတွက် အရေးပါသော မှတ်ကျောက်တစ်ခုဖြစ်၍ ပညာရေးကဏ္ဍ အဆင့်မြင့်မားရေး လုပ်ဆောင်ရန် အားလုံးတွင် တာဝန်ရှိပါကြောင်းThe Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment