Thursday, September 25, 2014

လယ်ယာမြေပြဿနာများ အစိုးရဖြေရှင်းမှု အားနည်းဟု ကော်မရှင်ဥက္ကဋ္ဌ ထောက်ပြ

 နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေပြဿနာများကို လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများအပေါ်  အစိုးရက ဆောင်ရွက်ပေးရာတွင် အားနည်းပြီး  ထိရောက်မှုမရှိကြောင်း လယ်ယာမြေနှင့် အခြားမြေစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်ကပြောသည်။
စက်တင်ဘာ ၂၃ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်း နှင့်ပတ်သက်သည့် အစီရင်ခံစာအား တင်ပြဆွေးနွေးမှုအပြီးတွင် ၎င်းက သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။


‘‘ကျွန်တော်တို့က ပြောပေမယ့် ပြောတာသာရှိတာ အစိုးရဘက်က  ဘာမှမလုပ်ပေးတဲ့အတွက် ရေထဲမှာ အရုပ်ရေးသလို ဖြစ်နေတာ။ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြဖို့ ဆွေးနွေးဖို့ သာရှိတာ။ တကယ်လုပ်ပေးရမှာက အစိုးရပဲလေ’’ ဟု ဦးတင်ထွဋ် က ပြောသည်။
တစ်နိုင်ငံလုံး သိမ်းဆည်းလယ်မြေများကို ပြန်လည်ပေးဆောင်ရာတွင် မူလတောင်သူများထံ ပြန်လည်ပေးဆောင်ခြင်းမရှိဘဲ လက်ရှိလုပ်ကိုင်နေသူများကို လုပ်ကိုင်ခွင့်ချပေးထားသည်။ လက်ရှိ တစ်နိုင်ငံလုံး လယ်ယာမြေပြဿနာ များကို ကော်မရှင်က လိုက်လံစုံစမ်းဖော်ထုတ်တင်ပြထားမှုအပေါ် ထိရောက်သည့် ဖြေရှင်းမှုမျိုး မတွေ့ရကြောင်း ၎င်းက ဆိုသည်။
 လယ်ယာမြေပြဿနာများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တိတိကျကျမှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည့်အစား ကိုလိုနီခေတ်ဗျူရိုက ရေစီအုပ်ချုပ်ရေးယန္တရားကဲ့သို့ အရာရာကို တင်ပြနေသည့် ကြိုးနီစနစ်ကို ကျင့်သုံးနေခြင်းကြောင့် ဖြေရှင်းဆောင်ရွက်မှုများ လွန်စွာ နှေးကွေးကြန့်ကြာနေကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းသည့် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ပါရှိသည်။
‘‘မြေသိမ်းတုန်းက ပါဝင်တဲ့ မြေစာရင်းနဲ့ အုပ်ချုပ်ရေးပိုင်းက လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ထဲ မှာ ပါဝင်လာတာဆိုတော့ မှန်ကန်မှုမရှိတဲ့အပြင် ဘက်လိုက်မှုတွေ ရှိနေပါတယ်။ သိမ်းစဉ်ကာလကမပါတဲ့ ၀န်ထမ်းတွေနဲ့ လယ်ဆည်ကို ပြန်ဖွဲ့ပေးသင့်တယ်’’ ဟု မအူပင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက စက်တင်ဘာ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးခဲ့သည်။

Credit - 7DAY DAILY

No comments:

Post a Comment