ဆီးသီးဗန်းမှောက်ကျသည်ဆိုသည့် ပြောဆိုချက် နောက်ဆက်တွဲအဖြစ်
နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ
အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်းမရှိပါက အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များ လွှတ်တော်သို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြရရန်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန်လိုက်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အဆောက်အအုံများ၊ လမ်း၊ တံတားများအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့်
ကိုက်ညီမှုမရှိပါက ဆောက်လုပ်သည့်ကုမ္ပဏီ အဖွဲ့ အစည်းအမည် အပါအ၀င် ဓာတ်ပုံမှတ်တမ်းအထောက်အထားပြည့်စုံစွာဖြင့် သီတင်းကျွတ်ကာလအပြီး လွှတ်တော်သို့ ပြန်လာသည့်အခါ ယူဆောင်တင်ပြကြရန် ယခုလ ၂၅ ရက်တွင် အမျိုးသားလွှတ်တော်က ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့သည်။
‘‘ဒီကိစ္စက ဆီးသီးဗန်း မှောက်ကျတယ်ဆိုတဲ့ တင်ပြချက်နဲ့ ပတ်သက်တယ်ဗျ။ ဥက္ကဋ္ဌအနေ နဲ့ ကန်ထရိုက်တွေကိုဆိုလိုတဲ့ သဘောမှာရှိတယ်။ အဲဒီတော့ ဒါတွေကို စုစည်းပြီး သမ္မတဆီကို သ၀ဏ်လွှာပို့ရင် ပိုပြီးထိရောက်မယ်လို့ ဥက္ကဋ္ဌက ပြောတယ်’’ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
မိမိမဲဆန္ဒနယ်မြေတွင် စံချိန်မမီသည့် အဆောက်အအုံကိစ္စရပ် ၃ ခုရှိပြီး ချက်ချင်းပင်တင်ပြ နိုင်သည့် အထောက်အထားများရှိကြောင်း ဦးလှဆွေက ပြောသည်။
‘‘အဲဒီလိုလုပ်ရင် သမ္မတရုံးလည်း သူ့လူတွေက အောက်ခြေအဆင့်မှာ မမှန်မကန်လုပ်ရင် တိုက်ရိုက်သိသွားနိုင်တာပေါ့။ အောက်ခြေအဆင့်နဲ့ သမ္မတရုံးအဆင့်နဲ့က တအားကွာနေတော့ သမ္မတရုံးက အမှန်မသိနိုင်ဘူး။ ဒါကို လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ဆင့် တိုက်ရိုက်တင်ပေးတာပေါ့’’ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
လက်ရှိကျင်းပနေဆဲဖြစ်သော(၁၁)ကြိမ်မြောက် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ကာလတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း ဆောက်လုပ်ထားသော ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အအုံတစ်ခုမှာ သတ်မှတ်စံချိန်စံညွှန်းပြည့်မီခြင်းမရှိသဖြင့် ဓာတ်ပုံအထောက်အထား ဖြင့် လွှတ်တော်သို့ တင်ပြကာ မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါတင်ပြမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အောက်ခြေတွင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်မှ ချမှတ်ပေးသော ဘတ်ဂျက်များသည် အောက်ခြေသို့ ရောက်သောအခါ ဆီးသီးဗန်းမှောက်ကျသကဲ့သို့ ဟိုလူနှိုက်၊ ဒီလူနှိုက်ဖြင့် ထက်ဝက်ခန့်သာကျန်တော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားခဲ့သည်။
၎င်းပြောကြားချက်အပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ထိုကဲ့သို့ ပြောဆိုလိုပါက အထောက်အထား တိတိကျကျ ခိုင်ခိုင်မာမာဖြင့် ပြောကြားမှသာ သင့်လျော်မည်ဟု တုံ့ပြန်ခဲ့သည်။
ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌက အချက်အလက်များတောင်းခံခြင်းသည် ပြန်ကြားရေးဝန်ကြီး၏ တုံ့ပြန်ချက်အပေါ် ပြန်လည်ချေပသည့် ဆောင်ရွက်ချက်ဖြစ်နိုင်ပြီး အထောက်အထားနှင့် တင်ပြမည့်ကိုယ်စားလှယ်အများစုရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က ဆိုသည်။
‘‘အချက်အလက်ခိုင်ခိုင်မာမာနဲ့ ထောက်ပြလာရင် ဘယ်သူပဲ ထောက်ပြလာလာ ကျွန်တော်တို့က ကြိုဆိုပါတယ်။ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေတဲ့အချိန် အခါဖြစ်တဲ့အတွက် ဘယ်သူပြောတယ်ဆိုတာ အရေးမကြီးပါဘူး။ အထောက်အထားခိုင်မာဖို့ အရေးကြီးပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြလာရင် ကျွန်တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ’’ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောသည်။
ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချို့သော ဆောက်လုပ်မှုကိစ္စ ရပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးထားသဖြင့် အမျိုးသားလွှတ်တော်မှ အထောက်အထားများဖြင့် တင်ပြလာပါက မည်သို့ဆောင်ရွက်ခွင့်ပေးထားသည်ကို စိစစ်ရမည့် လုပ်ငန်းများရှိသဖြင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို လတ်တလောတွင် မပြောနိုင်သေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုတွေ့ရစဉ်၊
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
No comments:
Post a Comment