Facebook ၌ တင်ဆက်ကြသည့် ဓာတ်ပုံများ ၊ ဗီဒီယိုများနှင့် Link များကို ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်သော်လည်း Comment နှင့် Status စာသားများကို တင်နိုင်မည်ဟု သိရသည်။ Facebook ကို အခမဲ့ အသုံးပြုရာ၌ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုမည်ဆိုပါက တယ်လီနောမှ သတ်မှတ်ထားသည့်အတိုင်း 1 Mbps လျှင် ၆ ကျပ်နှုန်း ဖြတ်တောက်သွားမည်ဟု သိရသည်။
တယ်လီနောသည် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာများအနက် Facebook နှင့် ပါတနာ ပြုလုပ်ထားသူဖြစ်သည်။ ထို့ကြောင့် Facebook Zero အမည်ဖြင့် Facebook စာသားအသုံးပြုမှုကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု တယ်လီနောက သတင်းထုတ်ပြန်သည်။ တယ်လီနော၏ ဆင်းမ်ကတ်၌ Wikipedia ကိုလည်း အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
တယ်လီနောသည် 2G ကွန်ရက်သုံး keypad ဟန်းဆက်နှင့် မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်ဖြင့် တွဲဖက်ရောင်းချမည်ဟု ကြေညာသည်။ အလားတူ 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနှင့် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ ဖြင့် တွဲဖက်ရောင်းချမည်ဟု သိရသည်။
အဆိုပါ ဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် maximus တံဆိပ် ဟန်းဆက်များဖြစ်ပြီး တယ်လီနော၏ အမှတ်တံဆိပ်လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။ ဟန်းဆက်များကို အရေအတွက် မည်မျှရောင်းချပေးမည်ဟု တယ်လီနောက ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အသုံးပြုသူ လိုအပ်ချက်ရှိသလောက် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဟန်းဆက်များကို မန္တလေးမြို့ရှိ တယ်လီနော ဆင်းမ်ကတ်အရောင်းဆိုင် ၁,၅၀၀ ရှိသည့်အနက် အရောင်းဆိုင် ၉ ဆိုင်၌ ဝယ်ယူနိုင်မည်ဟု သိရသည်။ ထို့အပြင် တယ်လီနောသည် ပြည်တွင်း၌ နာမည်ရရှိပြီးသားဖြစ်သည့် Samsung ၊ Huawei တို့နှင့် ပူးပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ်ကို တွဲဖက်ရောင်းချပေးမည်ဟု သိရသည်။


No comments:
Post a Comment