အယူဝါဒတစ်ခု သို့မဟုတ် အတွေးအခေါ် အယူအဆတစ်ရပ် အပေါ်တွင် သက်ဝင်ယုံကြည်မှု အတိုင်းအတာအပေါ် မူတည်ကာ ထိုသက်ဝင် ယုံကြည်သူတို့၏ နေထိုင်၊ ပြုမူ၊ ဝတ်စားဆင်ယင်၊ ပြောဆိုလုပ်ကိုင်မှုများ ပြောင်းလဲသွားလေ့ ရှိတတ်သည်။
အထူးသဖြင့် ဘာသာရေးနှင့် လူမျိုးရေး အခြေခံသော သက်ဝင်ယုံကြည်မှုတို့ သာမန်ထက် လွန်ကဲသွားပါက အစွန်းရောက်သော လှုပ်ရှားမှုများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်လာတတ်သည်။ ယနေ့ အာရပ်ကမ္ဘာတွင် မြင်တွေ့နေကြရသည့် Islamic State- IS ခေါ် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး အကြမ်းဖက်လှုပ်ရှားမှုနှင့် စစ်ပွဲများကို ကြည့်လျှင် သိနိုင်သည်။
ဘာသာရေး အခမ်းအနားများ၊ ဝတ်ကျောင်းတော်များနှင့် ဘာသာရေး ပွဲတော်များတွင်သာ သီးသန့်အသုံးပြုရမည့် အသုံးအဆောင်၊ အဝတ်အစားများကို နေ့စဉ် လူမှုဘဝများအတွင်း သွတ်သွင်းရန် ကြိုးစားလာပါက သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ မူလရှိနေသော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ထိပ်တိုက် တွေ့လာတတ်ပေသည်။
မည်သည့် ဘာသာမဆို သက်ဆိုင်ရာ ဘာသာအလိုက် အများနှင့် ကွဲပြား ခြားနားလွန်းသော သီးသန့် ပညတ် သတ်မှတ်ထားသည့် နေ့စဉ် ဝတ်စားဆင်ယင်မှုမျိုး မရှိပေ။ မည်သည့်ဘာသာကို ကိုးကွယ်သည် ဖြစ်စေ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေ ဖြစ်စေမည့် နေထိုင်၊ ဝတ်စားဆင်ယင်မှုမျိုးဖြင့် မိမိတို့သည်လည်း အခြားသူများနှင့်အတူ နိုင်ငံသားများပင် ဖြစ်ကြောင်း ပြသကြရန် အမြော်အမြင် ရှိသော ဘာသာရေး လမ်းပြဆရာများက ဆုံးမ သွန်သင်တတ်ကြသည်။
ဆိုလိုသည်မှာ ယောဂီ အဝတ်အစားဖြင့် နေ့စဉ် ရုံးတက်၊ ကျောင်းသွား၊ ဈေးဝယ်၊ ရုပ်ရှင်ကြည့်နေလျှင် အခြားသူများနှင့် မိမိအကြား မတူညီမှုများ ရှိကြောင်း သီးခြားကန့်သတ်ထားသည့် သဘော ဆောင်သွားပေမည်။ ထို့အပြင် မိမိကိုးကွယ် ယုံကြည်သော ဘာသာသည် အခြားဘာသာများနှင့် မတူညီသော အသွင်သဏ္ဌာန် ရှိကြောင်း လူသိရှင်ကြား တမင် ထုတ်ဖော်ပြသလိုသည့် သဘော ဆောင်နေသောကြောင့် ကိုးကွယ်ယုံကြည်မှု မတူညီသော အခြားသူများ၏ မနှစ်မြို့မှုကို ရရှိတတ်ပေသည်။
ထိုအခါ ရည်ရွယ်မထားဘဲ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုများ အကြား ပဋိပက္ခအသွင် ဆောင်သွားကာ နိုင်ငံအတွင်း အကျပ်အတည်း ကြုံတိုင်း လမ်းကြောင်းပြောင်း၊ အာရုံလွှဲတတ်သူများ၏ အသုံးချသွားနိုင်သည့် အန္တရာယ်နှင့်လည်း ကြုံရတတ်သည်။
အယူဝါဒတစ်ခု၏ သိမ်းသွင်းပုံဖော်မှုကို ခံရခြင်း တစ်နည်းအားဖြင့် အစွန်းရောက် အယူဝါဒများ သွတ်သွင်းခံရခြင်းကို မှိုင်းတိုက်ခြင်းဟု ခပ်တိုတို ပြောနိုင်သည်။ ထိုသို့ မှိုင်းတိုက်ခြင်းများ အနက် ဘာသာ၊ အယူဝါဒမှိုင်း အတိုက်ခံရခြင်းမှာ သိသာထင်ရှားသော်လည်း အာဏာရှင်စနစ် ကျင့်သုံးမှု အချိန်ကြာခဲ့သည့် နိုင်ငံတို့တွင် အာဏာရှင် အကျင့်စရိုက်မှိုင်းများ တစိမ့်စိမ့် အတိုက်ခံနေရခြင်းကိုမူ လူအများစု သတိမပြုမိတတ်ကြပေ။
ဒီမိုကရေစီ အရသာကို ဆယ်နှစ်တာခန့်သာ မြေစမ်းခရမ်းပျိုး ထိတွေ့ခွင့်ရခဲ့ပြီး သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်နှင့် စစ်အာဏာရှင်စနစ်တို့ အောက်တွင် နှစ်ပေါင်းများစွာ နေလာခဲ့ရသည့် မြန်မာနိုင်ငံတွင် အာဏာကိုင်စွဲထားသူများတွင် သာမက နယ်ပယ်တိုင်းတွင် အာဏာရှင်စရိုက် မကင်းသော တစ်နည်းအားဖြင့် အာဏာရှင်စရိုက်မှိုင်း မကင်းသော တွေးခေါ်၊ ကြံစည်၊ ပြောဆို၊ ပြုမူလုပ်ဆောင်မှုများ မလွတ်ကင်းသေးပေ။
လူအများစု လက်ညှိုးထိုး အပြစ်တင်နေသော အာဏာပိုင်များ အပြင် အခြားနယ်ပယ်များတွင်ပါ ထိုစရိုက်မှိုင်းများ တတ်နိုင်သမျှ ကင်းစင်စေရန် မပြုပြင်နိုင်သေးသမျှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ မည်မျှ ကြိုးစား အကောင်အထည် ဖော်နေသည် ဖြစ်စေ ဒီမိုကရေစီ အာဏာရှင်စနစ်ကို အသက်သွင်းသကဲ့သို့သာ ဖြစ်နေနိုင်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၂၄-၉-၂၀၁၄)
--------------------------
The Voice Daily Editorial Vol-2/No-141 (#voiceeditorial)
No comments:
Post a Comment