Saturday, September 27, 2014

တစ်ဗိုလ်ကျ တစ်ဗိုလ်တက်

၂၀၁၅ ရွေးကောက်ပွဲတွင် နေရာများစွာ အနိုင်ရမည်ဟု တစ်ပြေးနေသော ပါတီကြီး ဖြစ်သော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် ဒုတိယလူ မရှိ၊ တစ်နည်း သူ့နောက်တွင် ဆက်ခံမည့်သူ မရှိဟု ပါတီ ထိပ်တန်းခေါင်းဆောင်များထံမှ သတင်းကြားရခြင်းမှာ အံ့သြစရာ ကောင်းသည်။

အထူးသဖြင့် ပြိုင်ဘက်ပါတီကြီး၏ ခေါင်းဆောင်ဟု ခေါ်နိုင်သူတစ်ဦးကို သမ္မတအဖြစ် ထောက်ခံပေးနိုင်ကြောင်း ပါတီ၏ သဘောထားကို ပြောပြချိန်တွင် အကြောင်းပြချက်အဖြစ် ပြောလိုက်သောကြောင့် ပိုဇာတ်နာရသည်။


ထိုသဘောထား တကယ် ဟုတ်မဟုတ် ကာယကံရှင်များနှင့်သာ ဆိုင်သည်။ အကြောင်းပြချက်ကမူ တိုင်းပြည် အနာဂတ်ရေးအတွက် ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။

NLD ကို ရှားရှားပါးပါး ဝေဖန်မှုများအနက် အဓိကအချက်မှာ ပါတီတွင်း အဖွဲ့အစည်း ဘောင်သွင်းခြင်း အားနည်းသည် (Weak Institutionalization) ဟု ဝေဖန်ကြခြင်းဖြစ်ရာ ယခု သတင်းထွက်ပေါ်လာခြင်းသည် အဆိုပါ ဝေဖန်ချက်ကို ထပ်လောင်း အားဖြည့်လိုက်သကဲ့သို့ ဖြစ်သည်။

အမှန်တကယ်တွင် Institution များ ခိုင်မာမှု အားနည်းခြင်း၊ အများဖြင့် ဝိုင်းဝန်း တည်ဆောက်ခြင်းထက် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ် တည်မှီနေခြင်းတို့သည် မြန်မာနိုင်ငံတွင် နိုင်ငံနှင့်ချီသော ပြဿနာ ဖြစ်သည်။ ယင်းမှာ NLD တစ်ဖွဲ့တည်း ရင်ဆိုင်ရသော ပြဿနာမဟုတ်။ နိုင်ငံတစ်ဝန်း အဖွဲ့အစည်းစုံတွင် တစ်ဦးတစ်ယောက်၏ အာဏာအောက်တွင် လိုက်နာနိုင်သူများနှင့်သာ အဖွဲ့အစည်းကို တည်ဆောက်ကြသည်။ ထိုတစ်ဦး ပြိုလျှင် အဖွဲ့အစည်းတွင် ကြီးစွာထိခိုက်ရပြီး လိုက်ပါ ပြိုလဲသွားတတ်သည်။ ဦးတည်ချက်ရော ရပ်တည်ချက်ပါ ပြောင်းသွားလေ့ ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တစ်ခေတ် တစ်ယောက်လောက်သာ ပေါ်နိုင်သော ထူးခြားသည့်ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် သူသည် အသက် ၇၀ နီးပြီ။ တိုက်ပွဲဝင်ခဲ့သည်မှာလည်း ဆယ်စုနှစ် နှစ်စုပင် ကျော်ပြီ။

NLD ၏ ပွင့်လင်းမှုကို ကျေးဇူးတင်လျက် NLD ကိုရော နိုင်ငံကို ဦးဆောင်နိုင်ဖွယ် ရှိသည့်၊ ဦးဆောင်နေသော အခြားသော အဖွဲ့အစည်းကြီးများကိုပါ မေတ္တာရပ်ခံလိုပါသည်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်နိုင်အောင် စနစ်တကျ ပြင်ဆင်ထား ကြပါ။

အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်တစ်ဦး ကောင်းလျှင် နိုင်ငံထိုးတက်ပြီး ထိုခေါင်းဆောင် ပြုတ်သည်နှင့် နိုင်ငံ နောက်ကောက်ကျခြင်းမျိုးကို မြန်မာတို့ မကြုံလိုတော့သောကြောင့် ဖြစ်သည်။

အယ်ဒီတာ (၂၅.၉.၂၀၁၄)

------------------------------
The Voice Weekly Vol-10/No-37 Editorial (#voiceeditorial)

 
(မနက်ဖြန်ထွက်မည့် The Voice Weekly မျက်နှာဖုံးနှင့် Editorial)
 

No comments:

Post a Comment