Saturday, September 27, 2014

သူသည်ကား ရိုးသားတဲ့ ဒီမိုကရေစီဘက်တော်သား တော်လှန်တဲ့ စာရေးဆရာ နိုင်ဝင်းဆွေ – စည်သူမြသန်း

တစ်စုံတစ်ရာသော ယဉ်ကျေးမှုသည် တစ်စုံတစ်ခုသော လူ့အဖွဲ့အစည်း၏ နိုင်ငံရေးနှင့်စီးပွားရေးကို အမြင် အယူအဆရေးရာအရ ကြေးမုံသဖွယ် တင်ပြခြင်းဖြစ်သည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(တစ်)
၁၉၇၆ ခုနှစ်၊ မေလ ၃၁ရက်မှာ ကွယ်လွန်သွားသော ဖခင်စာရေးဆရာ သခင်မြသန်း၏ ဈာပနရက်လည်သည် ၁၉၇၆ ခုနှစ် ဇွန်လ ၆ရက်။ ထိုနေ့နံနက် ပိုင်းမှသည် မွန်းလွဲပိုင်းရောက်သည့်အချိန်မှာ ဧည့်ပရိသတ် အတော်စဲ သွားပြီ။
မေမေ့အား ၀မ်းနည်းကြောင်းစကား ဆိုကာ ပြန်ကုန်ကြပြီ။ မပြန်သေးသော ဧည့်သည်နှစ်ယောက်တော့ ရှိနေ သည်။ သူတို့ကား ကဗျာဆရာ ၀င်းတင့်ထွန်းနှင့် စာရေးဆရာ နိုင်ဝင်းဆွေ။ နိုင်ဝင်းဆွေသည်
ထိုကာလ မှာ ကျောက်ရေတွင်းမှာမြေ၀ယ်ကာ နှင်းဆီ ပန်းစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင် နေ ချိန်။ ဖေဖေ့ဈာပန ရက် လည် ရောက်လာသည်ကလည်း တကယ့်ကို အနောက်တိုင်း ပုံစံငွားစွင့် လန်းပွင့်သော နှင်းဆီပန်းနီနီရဲရဲ ကြီးများ အား ပန်းစည်းသဖွယ် ငှက်ပျော ဖက်နှင့်ထုပ်၍ ဖခင်ကြီးအား ရည်စူး၊ ကျန်ရစ်သူ မိသားစု အားပေးသည်။ ကျွန်တော်သည် စာရေးဆရာ နိုင်ဝင်းဆွေ အား လူကိုယ်တိုင်ခုမှ မြင်ဖူးသည်။
ကဗျာဆရာ ၀င်းတင့်ထွန်းကတော့ ပြည်သူ့တိုးတက်ရေး ပါတီမှာ နှစ်ယောက်အတူ လှုပ်ရှားကြ၍ သိနေသည်။…
““ကျွန်တော် ဆရာဆုံးတာ သွားရော၊ ဆရာ့ကို ကျွန်တော် လူချင်းမမြင်ဖူးဘူးဗျ။ ဆရာ့စာတွေကတော့ ကျွန် တော်တို့အတွက် တကယ့်ကို အတွေးအခေါ် လမ်းညွှန်တွေပါပဲ””ဟု နိုင်ဝင်းဆွေက ကျွန်တော့်အား မိတ်ဆက် အညွှန်းစကားဆိုလာသည်။
ကျွန်တော်ကတော့ ရသအရေးအဖွဲ့ အားကောင်းသော စာရေးဆရာနိုင်ဝင်းဆွေ၏ စာများကိုမူ အထူးအားဖြင့် ကြိုက်နှစ်သက်ခဲ့သည်။
ထိုစဉ်က နာမည်ကြီး မဟူရာမေတ္တာ၊ နွေတစ်ည၊ မြစပယ်ရုံ၊ အချစ်ည၊ မသိန်း ရှင်ဆီ ပို့ပေးပါတို့သည် နိုင်ဝင်း ဆွေ၏ လက်ဖျားခါလောက်အောင် ကောင်းမွန်သော ဘ၀သရုပ်ဖော်အရေးအဖွဲ့။
နောက်တော့ သူ “လိုင်း”ပြောင်းလာသည်။ ဤသည်ကိုလည်း ကျွန်တော်သတိ ထားမိသည်။ ပမာအားဖြင့် ရေဆန်လမ်း၊ ဘ၀စာမျက်နှာများ၊ အိုယန်ဟန်၏တေးသံ (တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ဂုဏ်ဆောင် စာအုပ်) စာရေးဆရာ ထက်မြက်နှင့် ပူးတွဲဘာသာပြန်ဆိုသည်။
မပြန်ဖြစ်သေးသော ထိုနှစ်ယောက် အနက် လူချင်းရင်းနှီးသော ၀င်းတင့်ထွန်းက ကျွန်တော့်အား ပန်ကြားပြော ဆိုလာသည်မှာ-
““ဆရာ ပဲခူးရိုးမတောတွင်း စခန်းရောက်၊ နောက်တိုက်ပွဲမှာ ဖမ်းမိ၊ နောက်ထောင်ကျ၊ ပြန်လွတ်လာတော့ သူ ယုံကြည်တဲ့ ကွန်မြူနစ်ပါတီရဲ့ တော်လှန်ရေး တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံ လေးရေးထားတဲ့ ဆရာ့ မှတ်စုလေးကိုတော့ ကျွန်တော်တို့ကို ဖတ်ခွင့်ပြုပါဗျာ။ အဲဒါ ဖတ်ချင်လို့ ကျွန်တော်တို့ဧည့်ရှင်းချိန် အထိ စောင့် နေတာ””
ကျွန်တော်၊ ကျွန်တော့်အိပ်ခန်းလေး ဆီသွားကာ ဖေဖေ့မှတ်စုစာအုပ် ထုတ်ယူလာသည်။
သူတို့အားပေး မဖတ်ခင်မှာ ထိုမှတ်စုရေးဖြစ်ပုံ နောက်ခံအကြောင်းလေးအား ကျွန်တော်ပြောပြမိသည်။
““ဒီလိုဗျ။ ဖေဖေကမြို့ထဲက မြောက်ဥက္ကလာအိမ်ပြန်ရင် ၅၊ ၆ လိုင်းကားကို ဆူးလေပန်းခြံ (ရုပ်ရှင်ရုံများရှေ့) ကနေ ကားပတ်စီးလေ့ရှိတယ်။ တစ်နေ့ ရုံးဆင်းချိန်၊ အလုပ်ပြန်ချိန်၊ ကားကျပ်စဉ်မှာ ကားပေါ် အတက် ခြေ ချော်လဲတယ်။ လမ်းပေါ်မလဲခင်မှာ လူတချို့က ၀ိုင်းထိန်းပြီး ဆူးလေ ပန်းခြံလေးထဲမှာ နားစေတယ်။ နည်း နည်း ချောင်တဲ့ အချိန်ကျမှစီးပါ ဦးလေးရာလို့ ပြောဆိုပြီး ဖေဖေ့ကို ပန်းခြံခုံတန်းလေးမှာ ဖေးကူပြီး ထားခဲ့ တယ်””
ကဗျာဆရာ ၀င်းတင့်ထွန်း၊ စာရေး ဆရာနိုင်ဝင်းဆွေတို့က စိတ်ပါဝင်စားစွာ နားထောင်နေသည်။ သူတို့ကား (သခင် မြသန်းဈာပနရက်လည်လာ ဧည့်သည်တော် နှစ်ဦး၊ ကျွန်တော်စကားပြန်ဆက်သည်။
““အဲဒီအချိန် ဆူးလေလမ်းပေါ်မှာ ၉၂၉ ကားအနက် တစ်စီးအပြင်းမောင်းသွားတယ်။ ဒါ မဆလပါတီ ရဲ့ နိုင်ငံ တော် ကောင်စီဝင်တွေ၊ အရန် ဗဟိုကော်မတီဝင် တွေစီးတဲ့ကား၊ အဲဒီကားပေါ်မှာ လူတစ်ယောက်ကို တွေ့ လိုက်တယ်။ တစ်ချိန်ကတော့ ဖေဖေတို့နဲ့ အယူအဆတူ၊ ယုံကြည်ချက်တူ ပုဂ်္ဂိုလ်ပေါ့။ ရေနံမြေနောက်ခံထား ပြီး စာရေးလေ့ရှိတဲ့လူ၊ ရေနံမြေ ဆိုလို့ ရေနံမြေသခင်လွင်တော့ မဟုတ်ဘူးဗျ။ ရေနံမြေရှေ့မှာခံထားတဲ့ လက်ဝဲ ၀ါဒသမား တစ်ယောက်ပေါ့။ နာမည်တော့ မပြောပါရစေနဲ့၊ အဲဒီမှာ အိမ်လည်းပြန်ရောက်ရော ဒီမှတ်စုလေးကို ရေးတော့တာပဲ””
ဖေဖေ့မှတ်စုစာအုပ်ကို ကဗျာဆရာ နှင့် စာရေးဆရာနှစ်ယောက် အား ပေးဖတ်လိုက်သည်။
မှတ်စုအကျဉ်းအား တင်ပြရလျှင် ဖောက်ပြန်ရေးသမားတွေ စီးသွားတဲ့ကားကို ကြည့်ပြီး ငါအားမကျ၊ မုန်းတီး ရွံရှာတဲ့ စိတ်သာ ငါ့ရင်မှာဖြစ်မိ၊ ငါကတော့ သူတို့ယုံကြည်ချက်က သွေဖည်မသွား အောင် ငါ့အိမ်မှာ ဖွက်ထား၊ နောက်မှာ ကျန်ရစ်တဲ့ သားမယားတွေကို ထောက်ပံ့၊ နောက်တော့ ငါ့ရည်ရွယ်ချက်မပြည့်ဝ တော့ဘဲ သူတို့က ဗိုလ်နေ၀င်းရဲ့ ဆိုရှယ် လစ်ထီပေါက်သွား၊ ဖောက်ပြန်သွား၊ သူ တို့ ၉၂၉ ကားစီးတာ ငါအားမကျ၊ အခြေခံ ပြည်သူတွေနဲ့အတူ ကျပ်လှတဲ့ကား တိုးစီးရတဲ့ဘ၀ကို ငါကျေနပ်တယ်။
ပြီးတော့ ရိုးမတောထဲ တစ်တောင်တက်၊ တစ်တောင်ဆင်း ဆင်စီးပြီးပါတီ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။
ကဗျာဆရာနှင့် စာရေးဆရာသည် ဖေဖေ့မှတ်စုအား ဖတ်ဖြစ်ပြီး ရင်မှာခံယူ ထားသော ယုံကြည်ချက်ပို၍ ပြည့်ဝ သွားကာ သေဆုံးကွယ်လွန် သွားသော တောပြန် စာရေးဆရာအား လေးစားအားကျ နှမြောတသစိတ်ဖြင့် မျက် လုံးများမှာ မျက်ရည်စများ ဖုံးလွှမ်းလာသည်အထိ ခံစားနေကြသည်။
နောက်တော့ ဘ၀သရုပ်ဖော်မှသည် တော်လှန်ရေးအမြင်များ ရေးဖြစ် လာသော စာရေးဆရာနိုင်ဝင်းဆွေ တော ခိုခဲ့ပါသတည်း။
ကျွန်တော် နိုင်ဝင်းဆွေအား တွေ့ဖြစ်သည်မှာလည်း ဤသည်မှာ ပထမဆုံး အကြိမ်နှင့်နောက်ဆုံးအကြိမ်။
(နှစ်)
ခု သက်ရွယ်အားဖြင့် ၆၀နှင့် ၇၀ ကြား အလယ်အမှတ်မှာ ရောက်ရှိနေ သော ကျွန်တော်သည် ကျွန်တော်တို့ လူ ငယ်ဘ၀က ဖြစ်ပျက်ခဲ့သော လူ့အဖွဲ့အ စည်း၏ အခြေခံကျသော လူတန်းစားများ၊ ရေပေါ်ဆီ လူ့မလိုင် အတန်း အစားများ၏ ခေတ်ကာလသရုပ်သကန် ပုံရိပ်များကို သတိရဖြစ်နေသည်။
ထိုစဉ်က ကျွန်တော်တို့သည် စာအုပ်များကို ၀ယ်မဖတ်နိုင်ကြ။ စာပေဆက်ဆံ ရေးဟုခေါ်သည့် စာအုပ်အငှား ဆိုင်များ မထွန်းကားသေး။ ကုန်ဈေးနှုန်းက မိုးထိအောင် တက်နေသည်။ စားဝတ်နေရေးကလည်း ကျပ်တည်း လှ၏။ စာအုပ်ဈေးကလည်း ကုန်ဈေးနှုန်းနှင့်အပြိုင်။ စားဝတ်နေ မှုနှင့်အပြိုင်။ စာအုပ်များကို လမ်းဘေးစာ အုပ်အဟောင်းဆိုင်များတွင် သာ မွှေနှောက်ကြရ၏။
စာအုပ်ဈေးသည် တစ်ကျပ်၊ နှစ် ကျပ်၊ တစ်ဝက်ဈေး၊ အထူးဈေး၊ စာအုပ် များကား တောင်ပုံယာပုံ။
အထူးသဖြင့် ထိုခေတ်ကာလ ကာလပေါ်ဝတ္ထုများက ပိုများသည်။ ၀တ္ထုစာအုပ် အဖုံးများသည် အနောက်တိုင်း ဆန်သည့် အထက်လွှာ၏ သမီးပျိုများ။ ချိန်းကြိုး၊ ငမန်းစွယ်၊ ဆံပင်ရှည်များ၊ ဂျိန်းစဘွန်း ဟန်အပစ်အခတ်၊ အထိုးအကြိတ်များနှင့် ဂျူဒို၊ ကရာတေးနှင့်လူငယ်ဟီးရိုးများ။
စာအုပ်အဖုံးသည် အတွင်းအနှစ်သာရကို ခြုံငုံဖော်ပြနေ၏။ ဂျိမ်းဟာဒလီချော့စ်၏ ၀တ္ထုဘာသာပြန်များ၊ ဆာ ရိုက်တာဟက်ဂတ်၏ ၀တ္ထုဘာသာပြန်များ။
နစ်ဆင်၊ ကစ်ဆင်းဂျား၊ မျက်လုံးတစ် ဖက်နှင့်မိုရှေဒါးယန်း၊ အင်ဒီရာဂနီ်္ဒ၊ ၀ါး တားဂိတ်၊ အာရပ်-အစ်္စရေးစစ်ပွဲအကြောင်း စာအုပ်များ။
ဓား၊ ကရာတေး၊ သိုင်း၊ လျှို့ဝှက် သည်းဖို၊ အချစ်၊ စုံထောက်၊ ရာဇ၀င်၊ ရုပ်ပြ ပန်းချီ၊ ကာတွန်းစာအုပ်များ။ ဆန်းထွန်း၏ ပန်းချီ၊ မောင်ပန်းမွှေး၏အချစ် ကဗျာများဖြင့် ပို့စကတ်လေးများလည်း ခေတ် စားနေ၏။
ရုပ်ရှင်ရုံများမှာလည်း ပိုစတာကြီးများ ထီးထီးမားမား။ ညစ်ညမ်းမှုကို အသားပေး ပုံများ၊ အပစ်အခတ်၊ အထိုး အကြိတ်၊ ဓား၊ သေနတ်၊ ဂျူဒို၊ နံချပ်ကူ၊ ကရာ တေး၊ အာကီဒို၊ ဂျိမ်းစဘွန်းကားများ၊ ဟောင် ကောင်ဓားခုတ် ကားများ။
အငြိမ့်စင်ဇာတ်ခုံများပေါ်မှာ အနောက် တိုင်းစတီရီယိုတေးသံများ၊ အကများရောက် နေကြပြီး ခုနစ်လွှာအက၊ မန်ဘိုဂျွပ်ဒန့်စ်၊ တန်ဂိုအကများ၊ နတ်ကတော်ယိမ်း၊ စည် တော်ယိမ်းများ၊ ဘုရင့်ရှေ့မှောက်၌ကန် တော့ပန်း ဆင်ရသည့် ယိုးဒယားအကများ။
ထိုစဉ်ကလူ့အဖွဲ့အစည်းသည် သရုပ် ပျက်၊ အပုပ်နံများ တထောင်းထောင်းထ နေသလိုပင်။
ဖော်ပြပါ အခြေအနေနောက်ခံမှာ ရှုမ၀မဂ္ဂဇင်းစာပေစင်မြင့်မှ တစ်ဆင့် လူထုလူတန်းစားဘ၀ဆန်သည့် နိုင်ဝင်း ဆွေ၏ မသိန်းရှင်ဆီ ပို့ပေးပါ၊ နွေတစ်ည၊ ညအသင်္ချေမှာ၊ အချစ်ညအစရှိ လုံးချင်း ၀တ္ထုများ စာပေဈေးကွက်၌ ထင်းခနဲ လင်းခနဲ ပေါ်ပေါက်လာသည်။
ကျွန်တော်တို့ လှိုက်လှဲရင်ခုန်ကာ အားပါးတရ ကြိုဆိုခဲ့ကြသည်။
(သုံး)
ကျွန်တော်တို့ လူငယ်ဘ၀၊ အတွေး အခေါ်တိုက်ပွဲမှာ ယဉ်ကျေးမှုသစ်ရှိလား အမေးစကား ပေါ်ထွန်းခဲ့သည်။ ကျွန်တော် တို့ အယူအဆမှာ ယဉ်ကျေးမှုသစ်ကား အမှန်ပဲရှိခဲ့၏။ တစ်စုံတစ်ရာသော ယဉ် ကျေးမှုသည် တစ်စုံ တစ်ခုသော လူ့အဖွဲ့ အစည်း၏ နိုင်ငံရေးနှင့်စီးပွားရေးကို အမြင် အယူအဆရေးရာအရ ကြေးမုံသဖွယ် တင်ပြ ခြင်းဖြစ်သည်ဟု ဖခင် သခင်မြသန်း ၏ စာပေပြဿနာစာအုပ်မှာ ကျွန်တော် ဖတ်ရသည်။ နောက် စာရေးဆရာ နိုင်ဝင်း ဆွေနှင့် ထက်မြက်တို့ ပူးတွဲဘာသာ ပြန်သော အိုယန်ဟိုင်၏တေးသံ စာအုပ် ရေးသူ ချင်ချင်းမိုင်ရေးခဲ့ သည်မှာ -
- လူတန်းစားနဲ့ ကင်းလွတ်တဲ့ အနုပညာဆိုတာ မရှိဘူး။ ကိုယ်ကျိုးစီးပွားဟာ သွေးစုပ်သူ လူတန်းစားရဲ့ အတွေးအခေါ် အဖြစ် နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်တည်ရှိခဲ့သလို . . ..
အများအကျိုးစီးပွားဟာ ပစ္စည်းမဲ့ လူတန်းစားရဲ့ အတွေးအခေါ်အဖြစ် တည်ရှိနေတယ်။
- ဒီအတွေးအခေါ်နှစ်ခုဟာ ရေနဲ့မီး လို ဆန့်ကျင်ခြားနားတယ်။ အတူယှဉ်တွဲ မနေနိုင်ဘူး။ ကိုယ်ကျိုးနဲ့ အများအကျိုး နှစ်ခုကြားက တိုက်ပွဲဟာ လူတန်းစား နှစ်ရပ်၊ လမ်းစဉ်နှစ်ရပ်တိုက်ပွဲဖြစ်တယ်။
တရုတ်စာရေးဆရာ ချင်ချင်းမိုင်၏ အိုယန်ဟိုင်၏ တေးသံစာအုပ်မှာပါရှိသော သဘောတရားကို လက်ခံ၍ သာလျှင် နိုင်ဝင်းဆွေ ထိုစာအုပ်ကို ဘာသာပြန်ခဲ့ခြင်း၊ နောက်တောခိုခဲ့ခြင်း။ကွန်မြူနစ်ပါတီ၏..
ပန်ဆန်းဗဟိုကိုဝများ အာဏာ သိမ်းစဉ် နိုင်ဝင်းဆွေသည် မာနယ်ပလော ကရင့်တော်လှန်ရေးစခန်းသို့ ရောက် ရှိကာ ထိုစခန်းမှာ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု ကြားသိရသည်။
လေးစား ဦးညွတ်ပါတယ်။ ဆရာ နိုင်ဝင်းဆွေ။
(နိဂုံး)
ကျွန်တော်သည် ခုကာလ စစ်ဘေး တိမ်းရှောင် အိုးအိမ်ပစ်ခဲ့၊ ရွာပုန်းရွာရှောင် နေနေရတဲ့ လူမမည် ရင်သွေး သားသည် မိခင်၏ အဖြစ်သနစ်ကို ခံပြင်းရင်နင့်စဖွယ် ရေးသားထားသည့် ဆရာနိုင်ဝင်းဆွေ၏ ““လေညင်း ကလေးလာနေပြီ”” ကဗျာမှ ရွေးထုတ်ဖော်ပြလိုသည့် ကဗျာစာသားဖြင့် စာစုအား နိဂုံးချုပ်လိုသည်။
-အခုတော့ …
ထရံနဲ့ တဲတိုင်တွေဟာ၊
ကျည်ဆံရာ အထပ်ထပ်၊
စစ်တံဆိပ် အမှတ်အသားတွေ။
-တဲပေါ်က မိခင်လောင်း၊
သွေးစီးကြောင်းပွက်၊
ချောင်းကလေးနဲ့ ဆက်လို့။
-လူ့သားကလေးလေ၊ လေးဘက်တွားတက်၊
အမေ့အလောင်း၊ ရင်ခွင်ထက်မှာ၊
နို့ချိုရှာလျက်။
ပေးလိုက်စမ်းပါ၊
သားကလေးအတွက်၊ နို့တစ်စက်။
-အို ..လောကသခင်၊ သင်ဘယ်မှာလဲ၊
မတရားတာတွေ၊ မတားဘူးလား၊
ငါက၊ လူ့ သူငယ်လေးကို ပွေ့ဖက်။
-ကလေးရာ၊ မင်းအနားမှာငါ၊
ငါ့ရင်ခွင်ထဲမှာ … မင်း။
မင်းကိုယ်စား၊ ဟောဒီ ငါ။
-နေဟာလေ၊အိပ်ရာပေါ်မှာ၊ လဲလျောင်းဖို့၊
လူသူငယ်လေးကို ပစ်ထား။
ထွက်ခွာသွားပြီကို။
လူကလေးငိုတော့တယ်၊ မေမေ့ နို့ချိုချို၊
ဘယ်လို အညှိုးနဲ့ ခိုးယူကြသလဲ။
လူကလေး၊ ဘာပြစ်မှု၊ ပြုဖူးလို့လဲ။
-လူကလေး ငိုတော့တယ်၊
ငှက်ကလေးတွေလည်း၊ စမ်းချောင်းဘေး၊
ဝါးရုံဖျားမှာ ချစ်စကားခွန်းမဟ။
တေးအလှမသီဆို၊ ငိုကြပြီကောကွယ်။
-ငါလေ၊ လူ့သူငယ်ကလေးကိုနှုတ်ဆက်၊
တဲ တံခါးဝက၊ ထွက်ခဲ့တယ်၊
ဟိုဒီပြေးကာ၊ ကမ္ဘာကုန်ခြေဆန့်၊ မတန့် မနား၊
လောကကို တိုင်တန်းသွားဖို့ (ငါ)
ခရီးစတင်နှင်ပြီ။
- လူကလေးရဲ့ ဖေဖေ့ဆီ၊
လူကလေးအတွက် နာကျင်တတ်သူတွေဆီ၊
လူကလေးကို၊ စာနာတတ်သူတွေဆီ၊
တရားမှု မြတ်နိုးသူတွေဆီ၊
မတရားမှု၊ ခါးသီးသူတွေဆီ။
မတရားမှု၊ မှန်သမျှ၊
မသာချ၊ မြှုပ်နှံရန်၊
သုသာန်ပြင်နေသူတွေဆီ။

Credit - Myanmartandawsint Newspaper

No comments:

Post a Comment