Wednesday, September 24, 2014

နိုင်ငံတော်၏ စေတနာလော


ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့တော်၊ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ပထမနေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က နိုင်ငံတကာတွင် အများပြည်သူ ဝန်ဆောင်မှု သတင်းစာ အောင်မြင်မှု မရှိသော်လည်း မြန်မာနိုင်ငံတွင် အောင်မြင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း အခိုင်အမာ ထုတ်ဖော် ပြောကြားခဲ့ခြင်းမှာ ယင်းနေ့ ဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာသဖွယ် ဖြစ်သွားခဲ့သည်ကို တွေ့ရသည်။


ဒီမိုကရေစီစနစ် ကျင့်သုံးသော ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ခေါင်းစဉ်အောက်တွင် အရုပ်၊ အသံလွှင့်လုပ်ငန်း (အများအားဖြင့် အသံလွှင့်လုပ်ငန်း) သာ ရှိသော်လည်း နေ့စဉ်ထုတ် သတင်းစာများကိုမူ အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ထုတ်ဝေလေ့ မရှိပေ။ ကမ္ဘာပေါ်တွင်ပင် အများပြည်သူ ဝန်ဆောင်မှု သတင်းစာအဖြစ် ထုတ်ဝေခဲ့ဖူးသည့် သတင်းစာမှာလည်း အနည်းငယ်သာ ရှိခဲ့ပြီး လူထုအားပေး ဖတ်ရှုမှု နည်းပါးခဲ့သောကြောင့် အားလုံးနီးပါး ရပ်နားခဲ့ရသည်။

ယုတ်စွအဆုံး Public Service Media/Newspaper အများပြည်သူ ဝန်ဆောင်မှု သတင်းစာအမည်ဖြင့် အင်တာနက်တွင် ရှာကြည့်လျှင်ပင် မတွေ့နိုင်ဘဲ Public Service Broadcasting အများပြည်သူ ဝန်ဆောင်မှု အရုပ်၊ အသံလွှင့် လုပ်ငန်းများကိုသာ တွေ့ရမည် ဖြစ်သည်။ ယခင်က အများပြည်သူ ဝန်ဆောင်မှု သတင်းစာအဖြစ် ထုတ်ဝေသော နိုင်ငံမှာလည်း လက်ချိုး ရေတွက်၍ရပြီး ပြောင်းလဲ မြင့်မားလာသော လူသားတို့၏ အတွေးအခေါ်၊ အသိဉာဏ် အဆင့်အတန်းအရ အကောင်း၊ အဆိုး၊ အမှားအမှန် ဝေခွဲကာ မိမိတို့အတွက် အကျိုးရှိသည်များကို မိမိတို့ဘာသာ ဆုံးဖြတ်ရယူ၊ စားသုံးနိုင်သောကြောင့် အများပြည်သူ ဝန်ဆောင်မှု ခေါင်းစဉ်အောက်မှ ဝါဒဖြန့်ဆန်သော မီဒီယာ တင်ပြပုံများကို စိတ်ပါဝင်စားမှု မရှိတော့ပေ။

ထို့ကြောင့် ကမ္ဘာပေါ်တွင် အများပြည်သူ ဝန်ဆောင်မှု သတင်းစာဟု ရပ်တည်ထုတ်ဝေ၍ မရတော့သောကြောင့် မြန်မာနိုင်ငံထက် သတင်းစာ အတတ်ပညာနှင့် သတင်းစာထုတ်ဝေမှု လုပ်ငန်းများတွင် နှစ်များစွာစော၍ အတွေ့အကြုံ ရှိခဲ့သော နိုင်ငံအားလုံးတွင် အများပြည်သူ ဝန်ဆောင်မှု သတင်းစာအဖြစ် မထုတ်ဝေကြတော့ခြင်း ဖြစ်သည်။

သို့သော် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကပင်လျှင် ကမ္ဘာပေါ်တွင် အများပြည်သူ ဝန်ဆောင်မှု သတင်းစာပုံစံဖြင့် ထုတ်ဝေသော နိုင်ငံအနည်းငယ်၌ပင် အောင်မြင်မှု မရခဲ့သောကြောင့် ရပ်နားသွားရသည်ကို သိပါသော်လည်း မြန်မာနိုင်ငံတွင် အောင်မြင်အောင်၊ မဖြစ်ဖြစ်အောင် ထုတ်ဝေသွားမည် ဆိုခြင်းမှာ မီဒီယာလောကနှင့် မီဒီယာလုပ်ငန်းကို နားလည်သူ၊ နိုင်ငံတကာ အတွေ့အကြုံ ရှိနေသူများအတွက် မည်သို့မျှ နားမလည်နိုင်စရာ ဖြစ်စေခဲ့သည်။

အထူးသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက ၎င်းတို့ လိုလားချက်များ သက်သက် စုပြုံ ထည့်သွင်း ရေးဆွဲထားသည်နှင့် အလားသဏ္ဌာန်တူသည့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေတွင် ပြန်ကြားရေး ဝန်ကြီးဌာနက တိုက်ရိုက် စီစဉ်၊ ကွပ်ကဲ၊ ညွှန်ကြား၊ စီမံ၊ ထုတ်ဝေနေသော အစိုးရအာဘော်၊ နိုင်ငံပိုင် သတင်းစာများ (၆၂ ခုနှစ် အာဏာသိမ်း တပ်မတော်က ပုဂ္ဂလိကထံမှ ပြည်သူပိုင် သိမ်းယူထားသော သတင်းစာများ) ကိုသာ လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်ဘဏ္ဍာငွေ အနည်းဆုံး ၇၀ ရာခိုင်နှုန်း တောင်းခံကာ ကြော်ငြာများပါ အခကြေးငွေဖြင့် လက်ခံပြီး အများပြည်သူကို အခကြေးငွေဖြင့် ရောင်းချ တစိုက်မတ်မတ်၊ ကျားကုတ်ကျားခဲ စီစဉ်နေခြင်းကို ဥပဒေပြု လွှတ်တော်အနေနှင့် သတိကြီးကြီးထား၍ ချင့်ချိန်သုံးသပ် ဆုံးဖြတ်သင့်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၂၃-၉-၂၀၁၄)

................................
The Voice Daily Editorial Vol-2/No-140 (#voiceeditorial)

No comments:

Post a Comment