Thursday, September 25, 2014

ယနေ့ကမ္ဘာကြီးသည် စစ်နှင့်ငြိမ်းချမ်းရေး လမ်းဆုံလမ်းခွသို့ ရောက်ရှိနေကြောင်း အိုဘားမားပြော

“ကျနော်တို့အားလုံး စစ်နဲ့ငြိမ်းချမ်းရေးအကြား၊ စုစည်းခြင်းနဲ့ ကစဥ့်ကလျားဖြစ်မှုအကြား၊ မျှော်လင့်ခြင်းနဲ့ ကြောက်ရွံ့ ခြင်းအကြား လမ်းဆုံလမ်းခွကို ရောက်လို့နေပါပြီ” လို့ သူ့မိန့်ခွန်းကို အစချီလိုက်တယ်။
ဒီမိန့်ခွန်းကို စက်တင်ဘာ ၂၄ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်သမ္မတအိုဘာမား ပြောသွားခဲ့တာပါ။
အိုဘားမားက ကမ္ဘာနဲ့အ၀န်းမှာ သူအနေနဲ့ မြင်တွေ့ရတဲ့ ဖြစ်ပေါ်တိုးတက်မှုအရိပ်အယောင်တွေကို အတိုချုံးပြီး ပြောသွားခဲ့တယ်။ ကုလသမဂ္ဂကြီးစတင်တည်ထောင်ခဲ့စဉ်က စစ်ရိပ်စစ်ငွေ့ ရှိနေခဲ့ပေမယ့် ယနေ့မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား စစ်မက်ဖြစ်ပွားနိုင်ချေ လျော့ကျသွားပြီဖြစ်ပြီး သန်းပေါင်းများစွာသော ကမ္ဘာ့လူထုကြီးသည်လည်း ဆင်းရဲခြင်းမှ လွတ်ကင်းခဲ့ပြီလို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကမ္ဘာ့စီးပွားရေးဟာလည်း ကျနော်တို့တသက် ကြုံဖူးသမျှ အဆိုးဆုံးသော စီးပွားပျက်ကပ်ကြီးကလွန်လို့ အားကောင်းနေပြီ” လို့ ၂၀၁၀ စီးပွားပျက်ကပ်ကို ရည်ညွန်းပြီး ပြောပါတယ်။
အဲဒီနောက်မှာတော့ ယနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်း စတင်ပြောပါတယ်။ အနောက်အာဖရိကမှာ ဖြစ်နေတဲ့ အီဘိုလာရောဂါ အလျင်အမြန် ကူးစက်ပျံ့ ပွားမှု အန္တရာယ်၊ ဥရောပမှာ ရုရှား၏ ရန်လိုမှု၊ အီရတ်နဲ့ဆီးရီးယား က အကြမ်းဖက်သမားများ၏ ရက်စက်ကြမ်းကြုတ်မှု များကို မီးမောင်းထိုး ပြောကြားခဲ့ပါတယ်။
“လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ လုပ်စရာတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် ဒီနေ့ ကျနော်အဓိကထားပြောချင်တာကတော့ အခက်အခဲများရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ အရေးကြီးမေးခွန်း ၂ခု ကိုပါ။ ၁- ဒီနေ့ ဒီနေရာမှာရှိတဲ့ နိုင်ငံများအားလုံးက ကုလသမဂ္ဂအဖွဲ့အစည်းကြီး စတင်တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြန်လည်အသက်သွင်းနိုင်မလား၊ ၂-အစွန်းရောက်ဝါဒ ကင်ဆာကို ချေမှုန်းပစ်လိုက်ဖို့ ကျနော်တို့အားလုံး စည်းလုံးနိုင်ကြမလားဆိုတာပဲ ဖြစ်တယ်”လို့ အိုဘားမားက ပြောကြားခဲ့တယ်။
“ဒုတိယကမ္ဘာစစ်အလွန် ခေတ်ကာလကို ဖော်ဆောင်ခဲ့ကြတဲ့ ရှေ့သွားရှေ့လာတွေလိုပဲ ဒီရာစုနှစ်ရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ကျနော်တို့ ဖော်ဆောင်နိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ အနာဂတ်ကို မျှော်ကြည့်လိုက်တဲ့အခါမှာ ပဋိပက္ခသံသရာကို မပြီးစတမ်းလည်ပတ်စေမယ့် ပြဿနာတခုရှိနေပြီး အဲဒီပြဿနာကြောင့် အရှေ့တတ်လှမ်းမယ့်လမ်းကြောင်းကနေ ချော်ထွက်သွားနိုင်တယ်၊ အဲဒီပြဿနာကတော့ မွတ်စလင်ကမ္ဘာရဲ့ နေရာတော်တော်များများကို ရုပ်ပျက်ဆင်းပျက် ဒဏ်ရာအနာတရဖြစ်စေခဲ့ပြီဖြစ်တဲ့ အစွန်းရောက်ဝါဒ ကင်ဆာပဲ ဖြစ်ပါတယ်”
အမေရိကန်နိုင်ငံသည် အယ်ကိုင်းဒါးနှင့် အယ်ကိုင်ဒါးဆက်စပ်အကြမ်းဖက်အဖွဲ့များအား ပစ်မှတ်ထားတိုက်ဖျက်နေသော်လည်း အစ္စလာမ်ဘာသာနှင့် စစ်ပြုနေခြင်းမဟုတ်ကြောင်း၊ သန်းနှင့်ချီသော မွတ်စလင်များသည်လည်း အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ လူ့အဖွဲ့အစည်းများအကြားထိပ်တိုက်ရန်ပွဲဟု မရှုမြင်ပါကြောင်း အယ်ကိုင်းဒါးကို စနစ်တကျ အင်အာချိနဲ့အောင်လုပ်ဆောင်ခဲ့ပြီးနောက်မှာ အစွန်းရောက်အယူဝါဒသည် အရှေ့အလယ်ပိုင်နှင့် အာဖရိက မြောက်ပိုင်းတို့သို့ ကူးပြောင်းရောက်ရှိသွားကြောင်း အိုဘားမားက ပြောကြားခဲ့ပါတယ်။
“နိုင်ငံတကာရပ်ဝန်းအနေနဲ့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ရမှာ ဖြစ်တယ်။ ပထမဆုံး ISIL(သို့)ISIS လို့သိကြတဲ့အဖွဲ့ကို အင်အားချိနဲ့အောင် အရင်လုပ်ပြီးမှ အပြီးသတ် ချေမှုန်းပစ်ရမှာ ဖြစ်တယ်။”
“သူတို့ဟာ သမီးနဲ့ မိခင်၊ ညီမသားချင်းတွေ အဓမ္မပြုကျင့်ခြင်း ခံရတယ်၊ အပြစ်မဲ့ကလေးတွေ ပစ်သတ်ခံရတယ်၊ အလောင်းတွေကို အစုလိုက် အပြုံလိုက် မြေမြုပ်ခံရတယ်၊ ဘာသာယုံကြည်မှုအရ လူနည်းစုတွေကို ငတ်မွတ်ပြီး သေဆုံးစေတယ်။ အဆိုးရွားဆုံးရာဇ၀တ်မှုအဖြစ် အပြစ်မဲ့တဲ့လူတွေကို ခေါင်းဖြတ်ကွတ်မျက်ပြီး ကမ္ဘာကြီးတုန်လှုပ်သွားစေဖို့ ဒီလူမဆန်တဲ့လုပ်ရပ် ဗီဒီယိုမှတ်တမ်းကို ဖြန့်ဝေတယ်”
ISIS အဖွဲ့အား လေကြောင်းမှတိုက်ထိုက်မှုပြုသွားမည်ဖြစ်ပြီး လတ်တလောတွင် ၎င်းတို့အား ချေမှုန်းရေးတွင် နိုင်ငံပေါင်း ၄၀ ကျော်က ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းထားပြီးဖြစ်ကြောင်းလည်း သမ္မတက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
အယ်ကိုင်းဒါးနှင့် အိုင်စစ်တို့၏ အယူဝါဒများကို မွတ်စလင်ကမ္ဘာက ပြတ်ပြတ်သားသား၊ ခွန်တိုက်အားတိုက်နှင့် စဉ်ဆက်မပြတ် ငြင်းပယ်ပစ်ရမည့်အချိန်ရောက်ပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
“ကမ္ဘာ့နဲ့စီးပွားရေးဆက်စပ်လုပ်ကိုင်လို့ ရလာတဲ့ငွေတွေနဲ့ ကမ္ဘာကြီးကို ဖျက်စီးဖို့အတွက် ကလေးတွေကို သွန်သင်ပေးနေတဲ့ လူတွေဆီကို ငွေကြေးထောက်ပံ့နေတာတွေ၊ သူတော်ကောင်းယောင် ဟန်ဆောင်တဲ့လုပ်ရပ်တွေကို တားဆီးဖို့ အချိန်တန်ပြီဖြစ်တယ်။”
မွတ်စလင်ကမ္ဘာကြီးတွင် ဂိုဏ်းဂဏစစ်ပွဲများကြောင့် လူသားဒုက္ခများ အကြီးအကျယ် ကြုံတွေ့ရကြောင်း၊ အရှေ့အလယ်ပိုင်းတွင် စွန်နီ-ရှီယာ အကြမ်းဖက်မှုများကြောင့် သေကြေပျက်စီးမှုများစွာ ဖြစ်ရခြင်းကို အသိအမှတ်ပြုသင့်ပြီဖြစ်ကြောင်း၊ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင် ၂သိန်းခဲ့ သေကြေပျက်စီးခဲ့ရပြီဖြစ်ကြောင်းတို့ ပြောကြားခဲ့တယ်။
“နောက်ဆုံမှာတော့ ဂိုဏ်းဂဏ၀ါဒ၊ အစွန်းရောက်ဝါဒကို ဖယ်ရှားပစ်ရေးဟာ မျိုးဆက်အလိုက်လုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်၊ အရှေ့အလယ်ပိုင်းက ပြည်သူတွေရဲ့ တာဝန်ဖြစ်တယ်၊ လူတွေရဲ့ စိတ်၊ အသဲနှလုံးကို ပြောင်းလဲတယ်ဆိုတာ အပြင်လူတွေက လုပ်ပေးလို့ မရနိုင်ပါဘူး”
“အခုရောက်နေတဲ့ လမ်းဆုံလမ်းခွမှာ အမေရိကန်အနေနဲ့ လုပ်စရာရှိတဲ့တာဝန်တွေကနေ ဖယ်ခွာသွားမှာ မဟုတ်ပါဘူး၊ ကျနော်တို့ဟာ လွတ်လပ်မှုရဲ့ အမွေစားအမွေခံတွေပါ၊ အဲဒီအမွေအနှစ်ကို နောင်မျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ဖို့ လုပ်စရရှိတာ လုပ်မှာပဲ၊ ဒီဘုံတာဝန်အတွက် ကျနော်တို့နဲ့ လက်တွဲပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ၊ ဒီနေ့ ကလေးလေးတွေအတွက်နဲ့ နောင်နေ့ ကလေးများအတွက်ပေါ့…”
ဒီမိန့်ခွန်းမှာ အိုဘားမားက အစွန်းရောက်မွတ်စလင်များကိစ္စကို အဓိကထား ပြောသွားခဲ့ပေမယ့် ရုရှား၏ ယူကရိန်းအပေါ်ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒကိုလည်း ထည့်ပြောသွားခဲ့တယ်။
ရုရှားရဲ့ ရန်လိုမှုဟာ အတိတ်က အင်အားကြီးနိုင်ငံများရဲ့ နယ်ချဲ့ဝါဒကို ပြန်ပြောင်းအမှတ်ရစေတယ်လို့ ကမ္ဘာစစ်ကြီးများ ဖြစ်ခဲ့ရတဲ့အကြောင်းရင်းကို ရည်ညွှန်းပြီး ပြဿနာကြီးထွားလာနိုင်ကြောင်း ရုရှားနိုင်ငံကို သတိပေးသွားခဲ့ပါတယ်။
ရုရှားရဲ့လုပ်ရပ်သည် စစ်ပြီးခေတ် တည်ငြိမ်နေမှုကို စိန်ခေါ်မှုပြုနေကြောင်း၊ ယူကရိန်းအစိုးရ၏ ဆန္ဒသဘောထားကို ဆန့်ကျင်ပြီး ခရိုင်းမီးယားကို ရုရှားထဲ သွပ်သွင်းခဲ့ကြောင်း၊ ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများအား ရုရှားက လက်နက်များ ထောက်ပံ့နေကြောင်း၊ အဆိုပါ ရုရှားလက်ဝေခံသူပုန်များထိန်းချုပ်ထားသည့် နယ်မြေအပေါ် ဖြတ်ပျံသန်းစဉ် မလေးရှားလေယာဉ် MH17 ပစ်ချခဲ့ရသည့်အပြင် ရက်အတန်ကြာ သွားရောက်ခွင့်မပြုခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့များက ယင်းဒေသများအပေါ် အချုပ်အခြာအားဏာပြန်လည် တည်ဆောက်ရန်ကြိုးပမ်းသည့်အခါ နောက်ကွယ်မှ ထောက်ပံ့နေခြင်းကို ဟန်မဆောင်နိုင်တော့ဘဲ ရုရှားတပ်များကိုပင် စေလွှတ်ခဲ့ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့တယ်။
“ဒီမိုကရေစီစနစ်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် ယူကရိန်းပြည်သူတွေ ကြိုးပမ်းနေမှုကို အမေရိကားနဲ့ မဟာမိတ်နိုင်ငံများက ထောက်ခံသွားမယ်”လို့ ရုရှားနှင့် ပတ်သက်၍ အိုဘားမားက ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပါတယ်။
ထူးခြားချက်အဖြစ် သမ္မတအိုဘားမားက ရုရှားကို အခုလို သတိပေးစကား ပြောသွားခဲ့ပေမယ့်လည်း အမေရိကန်နိုင်ငံက အကြမ်းဖက်မှုနှိမ်နင်းရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ ဆုံဖြတ်ချက်ကို တော့ ရုရှားက သဘောတူခဲ့ပါတယ်။ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ရုရှားက ကုလသမဂ္ဂမှာ အမေရိကန်ဦးဆောင်တင်သွင်းတဲ့ အဆိုတွေ၊ အမေရိကန်က ထောက်ခံတဲ့ ဆီးရီးယားအရေးနှင့် ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုတောင် ယခင်က ဗီတိုအာဏာသုံးပြီး ပယ်ချလေ့ရှိပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပြီး လုံခြုံရေကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက သဘောတူခဲ့ကြပါတယ်။

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment