မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေက ၅၁ သန်းကျော်။ ရန်ကုန်တိုင်း လူဦးရေက ခုနစ်သန်းကျော်။
ရန်ကုန်တိုင်းဆိုတာ အကယ်တော့ ရန်ကုန်မြို့ပါပဲ။ ဒီတစ်မြို့ထဲမှာ နေထိုင်တဲ့ လူဦးရေက ခုနစ်သန်းကျော် ရှိတယ်တဲ့ဗျာ။ ဒါကြောင့် မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူတွေ အားလုံးထဲက ခုနစ်ယောက်မှာ တစ်ယောက်က ရန်ကုန်မြို့မှာ နေထိုင်နေပါတယ်။
ရန်ကုန်လူဦးရေက များလှပါလား။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက် လူဦးရေစာရင်းအရ ၁၉၈၃ ခုနှစ်အထိ ရန်ကုန်လူဦးရေက ၂ ဒသမ ၅ သန်းကျော်ပဲ ရှိပါတယ်။ ဒီနေ့ ခုနစ်သန်း ဆိုတော့ ဘိုးဘိုးအောင် တန်ခိုးနှင့် သုံးဆ တိုးသွားပါပြီ။
ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။
ယေဘုယျ သဘောကတော့ မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်က လူတွေ သူတို့ မွေးရပ်မြေမှာ ရှာဖွေစားသောက်ရတာ ခက်ခဲလို့ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး ခိုကပ်နေထိုင်ကြလို့ပေါ့ ခင်ဗျား။ ဘယ်သူမှ ပျော်လို့ ရွှင်လို့ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာကြတယ်လို့ ကျွန်တော် မထင်ပါဘူး။
ကြည့် ...။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကမှ တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ကျွန်တော့်အိမ်မှ သန်လျင်မှာရှိတဲ့ ခြံကို ပြောင်းရွှေ့ပြီး လာနေပါတယ်။ ရန်ကုန်အိမ်နှင့် သန်လျင်ခြံက ရှစ်မိုင်လောက်ပဲ ဝေးပါတယ်။ အဓိက ပြောင်းရွှေ့လာရတာက ရန်ကုန်မှာ နေရတာ မွန်းကျပ်ပြီး အေးအေးဆေးဆေးနဲ့ ယာဉ်အသွားအလာ နည်းတဲ့ သန်လျင်မှာ နားနေချင်လို့ပါ။
ဟော ... ဒီနေ့ သန်လျင်မြို့က ကျွန်တော်ပြောင်းရွှေ့လာခဲ့တ
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သန်လျင်က ကျွန်တော့်ခြံရှိတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှ မနေချင်ကြပါဘူး။ ဟော ... ဒီနေ့တော့ ခြံလွတ်ဆိုတာ မရှိတော့ပါဘူး။ ဆောက်ထားလိုက်ကြတဲ့ အိမ်တွေကလည်း ကွက်သစ်တစ်ခုလိုပါပဲ။ ပြည့်ညှပ်နေပါပြီ။
မြန်မာနိုင်ငံကို ဆင်းရဲတယ်လို့သာ ပြောကြတယ်။ သန်လျင်မြို့သားတွေ တယ်ချမ်းသာကုန်ပါလား။ အိမ်သစ်တွေ၊ မော်တော်ကားသစ်တွေနဲ့။ တချို့အိမ်တွေမှာဆို မော်တော်ကားမှ နှစ်စီးခင်ဗျာ။
စိတ်ညစ်ဖို့ အကောင်းဆုံးကတော့ ဘုန်းတော်ကြီးကျောင်းတွေပါ။
ကျွန်တော် ရန်ကုန်ဘက်ကိုလည်း မသွားတော့ပါဘူး။ ဘာကြောင့်လဲ၊ ကားမောင်းရမှာ ကြောက်ရွံ့နေလို့ပါ။ ငယ်စဉ်က လေယာဉ်ပျံ မောင်းလာခဲ့ဖူးတယ်။ ဒီနေ့တော့ ရန်ကုန်မြို့ပေါ်မှာ မော်တော်ကားတောင် မမောင်းရဲတော့ပါဘူး။
ဒီနေ့ ရန်ကုန်မြို့မှာ မော်တော်ကား မောင်းရတာ သတ္တိရှိမှ မောင်းလို့ရတဲ့ခေတ်။ ရဲမှ မိုက်မှ မောင်းလို့ရတဲ့ခေတ်။ ကားတစ်စီးနဲ့တစ်စီး ညှာတာဆိုလို့ ဘာမှမရှိကြတော့ပါဘူး။
ဘတ်စ်ကားလို ကားကြီးတွေကတော့ ဗိုလ်ပေါ့ခင်ဗျား။ ကားငယ် အကုန်လုံးကို အနိုင်ကျင့်ပြီး မောင်းချင်သလို မောင်းနေကြပါတယ်။ သဲတင်ကား၊ ကျောက်တင်ကား၊ သစ်တင်ကား၊ ဓာတ်ဆီတင်ကားတွေလည်း ဒီအတိုင်းပါပဲ။ ဗိုလ်တကာ့ ဗိုလ်တွေပါ။
ဒီနေ့ရန်ကုန်မှာ ယာဉ်စည်းကမ်းဆိုတာ ဂြိုဟ်နဲ့လားလို့ မေးရမယ့် ခေတ်။
မီးပွိုင့်တွေမှာလည်း တာဝန်ချထားတဲ့ ရဲတွေ ရှိပါတယ်။ ဒီတာဝန်ကျ ရဲတွေလည်း စည်းကမ်းဖောက်တဲ့ ယာဉ်တွေ များလွန်းတော့ မဖမ်းဆီးနိုင်တော့ဘူးလို့ ထင်ပါတယ်။ မီးပွိုင့်ဘေးမှာ ငုတ်တုတ်။ မလှုပ်မယှက်နဲ့။
အော် ... သနားစရာ၊ စိတ်မကောင်းစရာ။
ဒီနေ့ ရန်ကုန်မှာ လူဖြစ်ရတာ မိမိကိုယ်ကိုယ်လည်း မိမိသနားရ။ ကျန်မိမိဘေးမှ မြင်တွေ့နေရတဲ့ လူတွေကိုလည်း သနားရ။
၂၀၁၀ ခုနှစ် အဲ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာခဲ့စ အချိန်က ရန်ကုန်မြို့ လမ်းတွေအပေါ်မှာ ရှိကြတဲ့ မော်တော်ကား အရေအတွက်က ဒီနေ့ အရေအတွက်ထက် ငါးပုံတစ်ပုံလောက်ပဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်။
အဲ နောက် ဒီထဲက တစ်ဝက်လောက်ကလည်း မော်တော်ကား အစုတ်အပြတ်တွေ။
မှတ်မိသေးတယ်။
“မော်တော်ကား ပါမစ်တွေ ချပေးမယ်” လို့ ဦးသိန်းစိန်အစိုးရက ကြေညာလိုက်တော့ ကျွန်တော် အလွန်ဝမ်းသာပါတယ်။ အလွန်မှန်ကန်တဲ့ လုပ်ရပ်ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးပြီး ထောက်ခံခဲ့တယ်။
ရယ်ရပါတယ်။
ဒီနေ့ ကျွန်တော် မှားသွားပါပြီ။
“သမ္မတကြီးခင်ဗျာ။ အဲဒီ ထုတ်ပြီးသား အမိန့်ကို ပြန်ရုပ်သိမ်းပေးလို့ မရဘူးလား။ ပြည်တွင်းကို သွင်းပြီးသား မော်တော်ကားသစ်ကြီးတွေကို ပြန်ပို့ပေးလို့ မရဘူးလား။ အရင်ကလို ရန်ကုန်မြို့မှာ မော်တော်ကား အစုတ်လေးနဲ့ပဲ ကျွန်တော် ပြန်နေချင်ပါတယ်။ အဲဒီလိုနေရတာ စိတ်ချမ်းသာပါတယ်”
လူ့အလို နတ်မလိုက်နိုင်တဲ့။
မှန်ပါတယ်။
ဒီနေ့ သမ္မတကြီးလည်း လူထုအလိုကို ဘယ်လိုမှ မလိုက်နိုင်တော့ပါဘူး။ ဒီနေ့ ရန်ကုန်မြို့ရဲ့ အနေအထားက အကုန်မှားယွင်းနေပါပြီ။ နေကြတဲ့ လူဦးရေက မြို့နဲ့ မဆံ့တော့ပါဘူး။ အဆောက်အအုံ အရေအတွက်က ရှိသင့်တာထက် ပိုရှိနေပါတယ်။
ပြည့်ညှပ်နေပါတယ်။ မော်တော်ကား အရေအတွက်က လမ်းပေါ်မှာ ရှိသင့်တာထက် ပိုရှိနေပါပြီ။ တစ်စီးနဲ့တစ်စီး ခေါင်းနဲ့ဖင် တိုက်လုနီးပါး ကျပ်ပိတ်နေပါပြီ။
ဒါကြောင့် ဒီနေ့ ရန်ကုန်မြို့တော်ဝန်ကြီးကို
သူရဲ့ ကတ္တရာခင်းလမ်းတွေက သိပ်ကောင်းလွန်းတဲ့အတွက် “တယ်ကောင်းတဲ့ ကတ္တရာလမ်းကြီးတွေပါလား” ဆိုပြီး ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ သူ့ကို (Congratulation) လုပ်ခဲ့ပါတယ်။ သူ ဟိုတုန်းက ကျွန်တော့်ဆောင်းပါးဖတ်ပြီး
သူ့ရဲ့ မဟာကတ္တရာ လမ်းကောင်းကြီးတွေလည်း ဒီနေ့ မိုးတွင်းမှာ တော်တော်ပျက်စီးကုန်ပါပြီ။ ဘယ်လိုမှ ရန်ကုန်လမ်းမပေါ်က ယာဉ်ပမာဏရဲ့ ဒဏ်ကို ရန်ကုန်လမ်းမကြီးတွေက မခံနိုင်ကြတော့ပါဘူး။
ကျွန်တော့်ကိုသာ ရန်ကုန်မြို့တော်ဝန် တာဝန်ကို အပေးခံရရင် ဒီနေ့ ရူးသွားပါပြီ။
အဆိုးဆုံးကတော့ ကန်ထရိုက်တိုက်တွေ။ ရန်ကုန်မြို့က ကန်ထရိုက်တိုက်တွေ အကုန်လုံးက ဖြစ်သလို ဆောက်ထားပါတယ်။ ဒီနေ့ မြို့တွင်းမှာ ဆောက်စရာနေရာ မရှိတော့လို့ ဒဂုံမြို့သစ်တို့၊ သာကေတမြို့သစ်တို့ ဘက်ကိုတောင် ပြောင်းရွှေ့ပြီး ပြောင်းဆောက်နေကြပါပြီ။
ရန်ကုန်မြို့ဟာ ငလျင်ကြောအပေါ်မှာ ရှိပါတယ်။ တစ်နေ့ ရှစ်ရစ်ခ်ျတာ (Richter) စကေး မပြောပါနဲ့။ ခုနစ်ရစ်ခ်ျတာ စကေး ငလျင်မျိုးပဲ လှုပ်ကြည့်။ ဒီနေ့ဖြစ်သလို ဆောက်ထားတဲ့ ကန်ထရိုက် တိုက်တစ်ဝက်လောက်ဟာ ပြိုကျ ပျက်စီးကုန်ပါလိမ့်မယ်။ သေဆုံးနိုင်တဲ့ လူဦးရေကို တွက်ဆကြည့်ပါ။ (နာဂစ်) မုန်တိုင်းတုန်းက သေခဲ့တဲ့ ဦးရေထက် များနိုင်ပါတယ်။ တွေးပြီး ကြောက်လိုက်တာခင်ဗျား။
ရယ်ရပါတယ်။
ဒီနေ့ ရန်ကုန်မြို့နေ လူထုအများစုက လမ်းပေါ်သွားရင်လည်း မော်တော်ကားတိုက်ခံရမှာ ကြောက်နေရ အဲ ညအိပ်ပြန်တော့လည်း ငလျင်လှုပ်မှာ ကြောက်နေရ။ အကြောက်တရားတွေနဲ့ လွှမ်းခြုံနေပါတယ်။
ရယ်ရတယ်။
ဒီနေ့ မြန်မာ့နိုင်ငံရေးစင်မြင့်မ
အဲ...ဒါပေမဲ့။
မြန်မာလူထုသာ နိုင်ငံရေး အကြောက်တရားမှ လွတ်ချင် လွတ်သွားမယ်။ ဒီနေ့ ရန်ကုန်လူထုကတော့ ဘယ်တော့မှ မလွတ်ဘူး။
ဒီနေ့ ရန်ကုန်မြို့မှ ပြဿနာတွေကို ဘယ်လိုရှင်းကြမှာလဲ။
ရှင်းလို့ မရတော့ပါဘူး။
ပြုပြင်လို့ မရတော့ပါဘူး။
မြို့သစ်တစ်ခုကို ပြန်တည်ဆောက်ကြရပါမယ်။ အိန္ဒိယနိုင်ငံမှာ ဒေလီမြို့ဟောင်း (Old Delhi) နဲ့ ဒေလီမြို့သစ် (New Delhi) ကို တည်ထားသလို ခေတ်မီ ရန်ကုန်မြို့သစ်ကြီး တစ်ခုကို တည်ဆောက်ရပါမယ်။
တစ်လောက သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ အကုန်ကျခံပြီး ပြုလုပ်မယ့် ရန်ကုန်မြို့သစ် စီမံကိန်း။
သတင်းကို အသေအချာ ဖတ်ကြည့်တော့ မြို့သစ်တည်တာ မဟုတ်ပါဘူး။ ဒီနေ့ ရန်ကုန်မြို့ကို တိုးချဲ့မယ့် စီမံကိန်းပါ။ ဒီနေ့ ရန်ကုန်က ပြုပြင်တာ၊ ဖာထေးတာ အဲ တိုးချဲ့တာတွေ လုပ်လို့ မရတော့ပါဘူး။ ပြုပြင်ဖို့ မသင့်တော့ဘဲ ရွဲပလဲနေတဲ့ မြို့ကြီးပါ။ ဥပမာ- မြို့ကြီးရဲ့ ဗဟိုဖြစ်တဲ့ ဆူးလေစေတီရဲ့ တစ်မိုင် ပတ်ဝန်းကျင်မှ အဆောက်အအုံများကို လေ့လာကြည့်ပါ။ အထူးသဖြင့် မိလ္လာစနစ်ပေါ့ ခင်ဗျား။ ဒီမြို့လယ် ရပ်ကွက်တစ်ခုလုံးက ဗြိတိသျှတွေ ပြုလုပ်သွားတဲ့ မိလ္လာ ပိုက်လိုင်း အဟောင်းတွေကိုပဲ ဆက်သုံးနေပါတယ်။ ဒီပိုက်လိုင်းက မြေအောက်မှာ ခင်ဗျား။
ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်မှာ ဒီပိုက်လိုင်း အဟောင်းတွေရဲ့ အင်ဂျင်နီယာ မြေပုံတွေ ကျန်ရှိပါသေးသလား။ စစ်ကြီးတုန်းက မြေအောက်ပိုက်တွေ ဘယ်လောက် ပျက်စီးသွားလဲ။ ဒီနေ့ ဒီပိုက်လိုင်းတွေရဲ့ ကြံ့ခိုင်မှုကို နှစ်စဉ် မှန်မှန် ပြုလုပ်နေပါသလား။ ဒီပိုက်လိုင်းတွေက ဒီနေ့ မြို့လယ်နေထိုင်တဲ့ လူဦးရေ ပမာဏရဲ့ အသုံးပြုမှုဒဏ်ကို ဘယ်လောက်ဆက်ပြီး ကြံ့ကြံ့ခံနိုင်မှာလဲ။ မခံနိုင်လို့ Break down ဖြစ်သွားပြီ၊ ရပ်ဆိုင်းသွားပြီဆိုတဲ့ နေ့မှာ ဒီပြဿနာကို ဘယ်လိုရှင်းကြမှာလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ဒီနေ့ မြို့တော်ဝန်ကြီးပဲ သိပါလိမ့်မယ်။
ကျွန်တော်တွေးပြီး ကြောက်နေပါတယ်။ အိမ်သာမရှိဘဲ မြို့အလယ်က တိုက်ခန်းတွေမှာ နေကြတဲ့ လူတွေ ဘယ်လို ဆက်နေထိုင်ကြမှာလဲ။ ဒီမိလ္လာ ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဒီရန်ကုန်မြို့ဟောင်းကို မြို့သစ်တစ်ခု ဖြစ်အောင် ဘယ်လိုပြုပြင်နိုင်မှာလဲ ခင်ဗျား။
နောက်... ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ ဒေါ်လာ ရှစ်ဘီလီယံတန် မြို့သစ်စီမံကိန်းကြီးက စတောင် မစနိုင်သေးဘူး။ မီဒီယာတွေရဲ့ ဝေဖန်မှုကို ခံနေရပါပြီ။ ရှင်းရှင်းလင်းလင်း မရှိတဲ့ အားနည်းချက်တွေကို မြင်နေရပါပြီ။
ရန်ကုန်မြို့သမိုင်းနဲ့ ပတ်သက်ပြီး အလွန်ဖတ်ရှုသင့်တဲ့ စာအုပ်နှစ်အုပ် ရှိပါတယ်။
(၁) B.R. Pearn ပြုစုတဲ့ History of Rangoon။
ဒီစာအုပ်မှာ ရန်ကုန်မြို့ကို ဗြိတိသျှတွေ ဘယ်လို တည်ဆောက်ခဲ့တယ်ဆိုတာ အသေးစိတ် ဖော်ပြထားပါတယ်။ ကျမ်းပြုပညာရှင်က ရန်ကုန်တက္ကသိုလ်မှ သမိုင်းပါမောက္ခပါ။ ကွယ်လွန်သူ မြန်မာ့သမိုင်းပညာရှင် ဆရာသန်းထွန်း (ဒေါက်တာသန်းထွန်း) ရဲ့ ဆရာပါ။
(၂) Noel F. Singer ရဲ့ Old Rangoon။
ဒီစာအုပ်ရဲ့ အားသာချက်ကတော့ ရန်ကုန်မြို့မှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ သမိုင်းဖြစ်ရပ် အကုန်လုံးကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင် ပေးထားတာပါပဲ။
အာဏာပိုင်တွေ ဒီမှတ်တမ်းစာအုပ်တွေကို ဖတ်ကြည့်ကြပါ ခင်ဗျာ။
ဗြိတိသျှတွေ ရန်ကုန်မြို့ကို တည်ခဲ့တာ ဘက်ပေါင်းစုံမှ စဉ်းစားပြီးမှ တည်ခဲ့တာ။ အချိန်ယူပြီး တစ်ဆင့်ချင်း တည်ခဲ့တာ။
ပထမအဆင့်က ၁၈၅၅ မှ ၁၈၇၄ အထိ။
ဒုတိယအဆင့်က ၁၈၇၄ မှ ၁၈၈၂ အထိ။
တတိယအဆင့်က ၁၈၈၂ မှ ၁၈၉၈ အထိ။
စတုတ္ထအဆင့်က ၁၈၉၈ မှ ၁၉၃၈ အထိ။
အားလုံး ၈၃ နှစ် အချိန်ယူ တည်ဆောက်ခဲ့ပါတယ်။ ရာစုတစ်ခု ပြည့်လုနီးပါပဲ။ ဒါကြောင့်လည်း အရှေ့တောင်အာရှရဲ့ အလှဆုံး မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ရတာပေါ့ ခင်ဗျား။
ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းမှာ အားထားလောက်တဲ့ ငွေလုံးငွေရင်း မရှိပါဘူး။ အတတ်ပညာ မရှိပါဘူး။ ဒီအားနည်းချက် နှစ်ခုကြောင့်ပဲ အာဏာရှင်အစိုးရတွေ သူတို့ ပိတ်ထားတဲ့ တံခါးကြီးကို သူတို့ ဖွင့်ပေးခဲ့ရတာ မဟုတ်လား။
ဒီနေ့ ရန်ကုန်မြို့သစ်ကို တည်ဆောက်ချင်ရင် ပြည်ပမှ ငွေလုံးငွေရင်းနှင့် အတတ်ပညာ နှစ်ခုလုံးကို ဖိတ်ခေါ်ရပါမယ်။ ပြည်ပအကြံဉာဏ်၊ ပြည်ပဦးဆောင်မှုဖြင့် တည်ဆောက်ကြရပါမယ်။ အချိန်ယူရပါမယ်။
“မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လုပ်ကြမယ်ကွာ”
ဒီစကားဟာ ဉာဏ်ပညာ မဲ့သူတွေရဲ့ စကားပါ။ လုပ်ငန်းတိုင်းမှာ စံ (norm) တွေ ရှိပါတယ်။ လုပ်ငန်းတစ်ခုကို စံချိန်မီအောင် ပြုလုပ်ဖို့က ကိုယ့်ရဲ့ အသိပညာကလည်း စံချိန်မီမှ ဖြစ်နိုင်ပါမယ်။
ကျွန်တော့်ဆန္ဒကတော့ ဒီနေ့ ရန်ကုန်မြို့ကို လုံးဝ မတိုးချဲ့စေချင်တော့ပါဘူး။ ယနေ့ နေထိုင်သူ လူထု အဆင်ပြေပြေ နေနိုင်ဖို့နဲ့ ကိုလိုနီခေတ်ရဲ့ အလှအပတွေကို ထိန်းသိမ်းထားတဲ့ မြို့ဟောင်းတစ်ခု အဖြစ်ပဲ ရှိစေချင်ပါတယ်။
ရန်ကုန်မြို့သစ်ကို ယနေ့ ရန်ကုန်မြို့ဟောင်းဗဟိုမှ မိုင်ငါးဆယ်အတွင်း နေရာသစ်တစ်ခုကို ရွေးချယ်ပြီး တည်ဆောက်စေချင်ပါတယ်။ ဒါပညာရှင်တွေ အလုပ်ပါ။
ပြည်ပမှ ငွေလုံးငွေရင်းနဲ့ နည်းပညာကိုပဲ အားထားအသုံးပြုရပါမယ်။ ကမ္ဘာ့စံ (Norm) တွေက ကျွန်တော်တို့ လူမျိုးရဲ့ စံဖြစ်မှ ဒီငွေနဲ့ ဒီနည်းပညာတွေကလည်း ရောက်လာပါလိမ့်မယ်။
ဦးလှဝင်း (လေသူရဲတစ်ဦး)
၃၁.၈.၂၀၁၄ နေ့။
Credit - The Voice Weekly

No comments:
Post a Comment