Wednesday, September 24, 2014

ဖားကန့်-မိုးကောင်းလမ်း အခြေအနေဆိုးရွားနေ

ဖားကန့်မြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ မိုးကောင်း-ဖားကန့်လမ်းဟာ မိုးသည်းသည်း ရွာတာကြောင့် လမ်းပျက်စီးနေပြီး ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ် အစီးရေ သုံးရာလောက် ပိတ်မိနေတယ်လို့ သိရပါတယ်။ ဒီလမ်းပေါ်က ပျားအုံကျေးရွာနဲ့ ကျောက်ထုကျေးရွာကြား တောင်ကုန်အတက် ရွှံ့ဗွက်တန်းမှာ ခရီးသည်တင် Van ကားတွေ လမ်းချော်ကာ မတက်နိုင်တာကြောင့် ဆင်နဲ့ တစ်စီးချင်းစီ ဆွဲတက်နေရတဲ့အပြင် ကုန်တင်ယာဉ်တစ်စီး ဟာလည်း ပျက်ပြီး လမ်းပိတ်နေတယ်လို့ သိရပါတယ်။ “ဆင်ဆွဲခက တစ်စီးကို ငါးထောင်ပေးရတယ်။ ဆင်နဲ့ Van ကား တစ်စီးချင်းစီ
ဆွဲထုတ်နေရတော့ နောက်ကားတွေ ပိတ်ကုန်တာပေါ့။ လမ်းပိတ်တော့ ဖားကန့်ကနေ ဆင်းတဲ့ကားတွေကို အရင်သွားခိုင်းတယ်။ အတက်ကားတွေတော့ ပျားအုံမှာ ပိတ်ထားတယ်။ ညအိပ်ရမယ် ထင်တယ်” လို့ ပါဂျဲရိုးကားနဲ့ မိုးညှင်း-ဖားကန့် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။ မိုးကောင်း-ဖားကန့် လမ်းဟာ မိုးရက်ဆက် ရွာနေရင် လမ်းတွေပျက်စီးပြီး မကြာခဏ လမ်းပိတ်တာတွေ ဖြစ်နေပေမယ့်လည်း လမ်းကို မပြုပြင်တာကြောင့် မိုင် ၆၀ ပဲဝေးတဲ့ ခရီးကို လမ်းပိတ်ရင် တစ်ညအိပ်ပြီး သွားနေရတာ ဖြစ်ပါတယ်။ ဒီလမ်းမှာ ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေဟာ တရားဝင်ဂိတ်တွေမှာ ဂိတ်ကြေးပေးနေရ တဲ့အပြင် တပ်မတော်သားတွေ လုံခြုံရေးအရ စစ်ဆေးနေတဲ့ ဂိတ်တွေမှာလည်း တစ်ထောင်ကျပ်ကနေ ငါးထောင်ကျပ်အထိ ပေးနေရတယ်လို့ မော်တော်ယာဉ်ဂိတ် တွေရဲ့ အဆိုအရ သိရပါတယ်။ ကျောက်စိမ်းနဲ့ ရွှေထွက်တဲ့ ဖားကန့်ဆီကို မိုးညှင်း-အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းနဲ့ မြစ်ကြီးနား-မိုးကောင်း-ဖားကန့် လမ်းတို့ ရှိပေမယ့်လည်း မိုးရာသီမှာ အင်းတော်ကြီး-ဝှေခါ-ဖားကန့် လမ်းမှာ သွားလာလို့မရလို့ မိုးကောင်း-ဖားကန့်လမ်း တစ်ခုတည်းကိုပဲ သုံးနေရတယ် လို့လည်း ဖားကန့်အခြေစိုက် ယာဉ်လိုင်းတွေက ဆိုပါတယ်။

Credit - The Voice

No comments:

Post a Comment