Sunday, September 28, 2014

အဘိဓမ္မာတရားတော်ကို ၂ဝဝ၃ မှာ ဦးသန်းရွှေ လေ့လာခဲ့

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ၂ဝဝ၃ ခုနှစ်ကနေ စတင်ပြီး အဘိဓမ္မာတရားတော်တွေကို စနစ်တကျ လေ့လာခဲ့တယ်လို့ သူ့ရဲ့ အထူးအဘိဓမ္မာသင်တန်းနည်းပြဆရာ၊ ယခု သမ္မတအကြံပေး ဦးအံ့မောင်က ရေးပါတယ်။

ဒီအကြောင်း ရေးသားချက်ကို  ဒီတပတ်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ အခြေခံ အဘိဓမ္မာသရုပ်နှင့် အဓိပ္ပာယ်စာအုပ်ကနေ ပြန်လည်ကောက်နုတ်ဖော်ပြတယ်လို့ ဆိုထားတဲ့အတွက် ဒါဟာ စာအုပ်အမှာစာလည်း ဖြစ်နိုင်ပါတယ်။


ဒီစာအုပ်ကိုတော့ ဦးသန်းရွှေရဲ့ လမ်းညွှန်ချက်အရ ပြုစုခဲ့တာပါ တဲ့။

အခြေခံအားဖြင့် သိသင့်တဲ့ တရားသဘောများကို ၂ဝဝ၃ မှာ ပြီးဆုံးအောင် လေ့လာနိုင်ခဲ့တယ်၊ နောက်တနှစ်မှာ ပြန်လှန်လေ့လာခဲ့အပြီး "နိုင်ငံတော်အကြီးအကဲသည် အဘိဓမ္မာတရားတော် သရုပ်ခွဲရာ၌ နိုင်နင်းကျွမ်းကျင်လာခဲ့သည်" လို့ ဦးအံ့မောင်က ရေးပါတယ်။

"ခက်ခဲနက်နဲသည့် အဘိဓမ္မာပညာရပ်ကို အချိန်တိုအတွင်း ပေါက်ရောက်အောင် လေ့လာ မှတ်သားနိုင်မှုကို ထောက်ရှုပါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိမိစိတ်ကို နိုင်နင်းစွာ ထိန်းချုပ်နိုင်၍ အချိန်ကို ခွဲဝေ အသုံးချနိုင်သည့် စွမ်းရည်ကို တွေ့ရှိနိုင်ပေသည်" လို့လည်း

ဦးအံ့မောင်က ရေးပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း
အဘိဓမ္မာတရားတော်  လေ့လာရေး  စတင်တဲ့ ၂ဝဝ၃ ဆိုတာ မြန်မာပြည်မှာ ထူးခြားဖြစ်ရပ်တွေ ဖြစ်နေချိန်ပါပဲ။ ဒီပဲယင်းဒေသ အကြမ်းဖက်မှုကြီးက အထင်ရှားဆုံး ဖြစ်လိမ့်မယ်။ အဲဒီအမှု လူသတ် တရားခံတွေကို ခုချိန်ထိ မဖော်ထုတ်သေး တရားမစွဲသေးပါ။

အင်း... လေ့လာချက်က တလွဲတချော် ဖြစ်သွားဟန်တူတယ်။
ကဲ...အဘိဓမ္မာတရားတော် ပြန်လှန်လေ့လာတယ်ဆိုတဲ့ ၂ဝဝ၄ မှာရော ဘာတွေ ဖြစ်ပါလိမ့်မယ်။

မြန်မာတပြည်လုံးကို ဒုက္ခလှလှပေးနေတဲ့ လက်မရွံ့ ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းလိုက်တာက ၂ဝဝ၄ မှာပါ။ ဖျက်သိမ်းလိုက်ရုံမက ထောက်လှမ်းရေး အရာရှိကြီးငယ်တွေကို ထောင်ထဲပို့လိုက်ပါသေးတယ်။

ဒီတော့ "နိုင်ငံတော်အကြီးအကဲ"
အဘိဓမ္မာတရားတော် လေ့လာစဉ်ကာလမှာ  တိုင်းပြည်မှာ ခပ်ကြမ်းကြမ်း ဖြစ်ရပ်တွေ ဖြစ်ခဲ့တာကတော့ တိုက်ဆိုင်မှုများလား၊ လေ့လာချက်နဲ့များ သက်ဆိုင်မလား ဆိုတာကတော့ စဉ်းစားစရာ ဖြစ်နေပါတော့တယ်။  

Credit - ဧရာဝတီ ဘလော့ဂ်


No comments:

Post a Comment