Sunday, September 21, 2014

ခြစားမှုတိုက်ဖျက်ရေး ဟန်ရေးမပြပါနှင့်

အယ်ဒီတာ့ အာဘော်
သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း လပေါင်း ၄၂ လခန့်ရှိသောအခါ အစိုးရအဖွဲ့၏ စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်မှုကို အမှတ်ပေးလျှင်အောင်မှတ် မရသေးပါ။
စီးပွားရေးနှင့်ပတ်သက်၍ ဖြေလျှော့မှုများစွာ ပြုလုပ်ခဲ့သော်လည်းကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် သမ၀ါယမ တစ်ခေတ်ဆန်းစေခဲ့သော်လည်း နိုင်ငံတစ်ဝန်း လှည့်လည်၍ ပြည်သူများနှင့် ထမင်းအတူစား စကားလက်ဆုံကျရုံဖြင့် ဒီမိုကရေစီခေတ်တွင်လည်း မြန်မာပြည်သူများ စားဝတ်နေရေး ကျပ်တည်းနေဆဲဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။

အစိုးရဆောင်ရွက်နေသော ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စီမံ ကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းများ၏ ရည်ရွယ်ချက် ကောင်းမွန် သော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးပြီး ထိ ရောက်စွာ ဆောင်ရွက်ခဲ့ခြင်းမရှိသောကြောင့် အိတ်ပေါက်နှင့် ဖား ကောက်နေသကဲ့သို့သာဖြစ်နေသည်။ သမ္မတဦးသိန်းစိန်က လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေးကို သုံးနှစ်ခွဲအတွင်း ဦးစားပေးဆောင်ရွက်ခဲ့လျှင် မြန်မာ့စီးပွားရေး ယခုထက် မြန်ဆန်စွာ ဦးမော့လာမည်ဖြစ်သည်။
ထိုသို့ဆို၍ အစိုးရက လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး မလုပ်ခဲ့ သည်တော့ မဟုတ်ပါ။ သုံးနှစ်အတွင်း အကျင့်ပျက်ဝန်ထမ်း တစ် သောင်းငါးထောင်ကျော်အား အရေးယူခဲ့ခြင်း၊ ခြစားမှု နည်းပါးရန် အစိုး ရ၀န်ထမ်းများကို လခတိုးမြှင့်ပေးခြင်း၊ ပြည်ထောင်စုဝန်ကြီးများ၏ ပိုင်ဆိုင်မှုစာရင်းများ စာအိတ်ထဲထည့်ပြီး ချိန်ပိတ်ကာ ယူဆောင်ထားခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းခြင်း စသည်တို့ဆောင်ရွက်နေခဲ့သည်။ သို့သော် တောထနေသော ခြစားမှုများ တိုက်ဖျက်ရန် ထိုမျှဖြင့် မလုံလောက်ပါ။
လာဘ်ပေးလာဘ်ယူမှုများ တိုက်ဖျက်ရန်ဆိုကာ အောက်ခြေအစိုး ရ၀န်ထမ်းများကို အရေးယူခဲ့သော်လည်း ရာထူးတာဝန်ကြီးသူများ၏ ခြစားမှုများ ဖော်ထုတ်အရေးယူရန် ပျက်ကွက်ဆဲဖြစ်ပါသည်။
ထိုအချက်ကို အကျိုးအမြတ်များနိုင်သော စီမံကိန်းကြီးများ၊ လေ လံပွဲများတွင် မည်သူတွေလုပ်ပိုင်ခွင့်ရသည်ကို ကြည့်ရုံဖြင့် သိနိုင်သည်။ စီမံကိန်းတင်ဒါများ လိုက်ပြိုင်လေ့ရှိသော လုပ်ငန်းရှင် ၁၀ ဦးကို 7Day က မေးမြန်းရာ ကိုးဦးက ယခင်အတိုင်းပင် ဘာမှမထူးဟု ဖြေကြသည်။ ထူးခြားလာသည်က လုပ်ခွင့်ပေးလိုသူကို သတင်းကြိုပေးကာ အားလုံး ထက် ဈေးပိုပေးကာ လေလံအောင်ရန် ညှိနှိုင်းထားခြင်းဟု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ရလဒ်က ခရိုလုပ်ငန်းရှင်များ တိုးပွားလာပြီး ချမ်း သာပြီးသူများ ပိုချမ်းသာကုန်ခြင်းဖြစ်သည်။
ဒုသမ္မတဦးဆောင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပေါ်လာ၍ အားကိုးရမည်ထင်သော ပြည်သူများလည်း စက် တင်ဘာ ၁၉ ရက်တွင် ကော်မရှင်၏ သတင်းထုတ်ပြန်ချက်ကြောင့် အား ငယ်သွားကြသည်။ ငါးလကျော်အတွင်း ကော်မရှင်သို့ တိုင်စာ ၅၃၃ စောင်မှ သုံးစောင်ကိုသာ  စုံစမ်းစစ်ဆေးအရေးယူခဲ့သောကြောင့် ဖြစ်၏။ တိုင်စာအများစုမှာ အချက်အလက်မပြည့်စုံသောကြောင့်ဟု အကြောင်းပြသော်လည်း ကော်မရှင်မှာ တိုင်ကြားသော အမှုများကို သာ အရေးယူရန် ဖွဲ့စည်းထားပါသလားဟု မေးခွန်းထုတ်ရန်ရှိသည်။ တိုင်သူမရှိပါက အရေးမယူဟုဆိုလျှင် ခြစားမှုကုသရေးအတွက် ထိုကော်မရှင်မှာ ဆေးဘက်ဝင်မည်မဟုတ်။
အစိုးရသက်တမ်း ၁၈ လကျော်သာ ကျန်ရှိချိန်တွင်  ရန်ကုန်မြို့အပါအ၀င် နိုင်ငံအ၀န်း မြို့ကြီးများတွင် အကောင်အထည်ဖော်တော့မည့် မြို့သစ်စီမံကိန်းများ လုပ်ပိုင်ခွင့်အတွက် ပွင့်လင်းမြင်သာမှု အဂတိ တရားကင်းရှင်းမှုမှာ အထူးစိုးရိမ်စရာပင် ဖြစ်သည်။
သေချာသည်ကတော့ အစိုးရက လက်ကျန်သက်တမ်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုဟန်ရေးပြရုံမဟုတ်ဘဲ ထိထိရောက်ရောက် လုပ်ကိုင်နိုင်လျှင် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့၏ စာရင်းတွင် ခြစားမှုအများဆုံး အဆင့် (၁၉) ရပ်တည်နေရာမှ ခုန်တက်လာမည်ဖြစ်သည်။ အလားတူ ကမ္ဘာ့အဆင်းရဲဆုံး အဆင့် (၁၂) မှ ကျော်တက်လာမည်ဖြစ်သည်။
 Credit - 7DAY DAILY

No comments:

Post a Comment