Sunday, September 21, 2014

သတင်းထောက်များကို ထောင်ချခြင်း၊ ငွေပမာဏများစွာ ပြစ်ဒဏ်ချမှတ်ခြင်း မီဒီယာလွတ်လပ်ခွင့်ကို သွယ်ဝိုက်ထိန်းချုပ်ခြင်းဖြစ်

စာနယ်ဇင်းနှင့် အဖွဲ့ အစည်းကြား၊ လူပုဂ္ဂိုလ်များကြား အငြင်းပွားမှုများတွင် သတင်း ထောက်များအား ထောင်သွင်း အကျဉ်းချခြင်း၊ များပြားသော ငွေပမာဏဖြင့် ပြစ်ဒဏ်ချမှတ် ခြင်းတို့ကို လုပ်ဆောင်ခြင်းမှာ မီဒီ ယာလွတ်လပ်ခွင့်ကို သွယ် ၀ိုက် ထိန်းချုပ်ရာရောက်ကြောင်း ဂျာမန်စာနယ်ဇင်းကောင်စီမှ အ ငြင်းပွားဖြေရှင်းရေးအဖွဲ့ဝင် မစ္စ တာ မန်ဖရန့်ကပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို့တွင် ဒုတိယနေ့အဖြစ် ကျင်းပသည့် တတိယအကြိမ် မီ ဒီယာကွန်ဖရင့်တွင် ‘‘စာနယ်ဇင်း ကောင်စီနှင့် အငြင်းပွားမှုများကို ဖြေရှင်းခြင်းလုပ်ငန်းစဉ်’’ခေါင်း စဉ်ဖြင့်  ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင်စာနယ်ဇင်းကောင် စီဆိုသည်မှာ မည်သူ့ကိုမှ အခွင့် ထူးခံသတ်မှတ်ထားခြင်းမရှိဘဲ နစ်နာသူမည်မဆို   လွတ်လပ် စွာ တိုင်ကြားနိုင်ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်များကိုလည်း လူထု ထံပွင့်လင်းမြင်သာစွာ ထုတ်ပြန် သင့်ကြောင်း ၎င်းကပြောသည်။
‘‘စာနယ်ဇင်းကောင်စီဟာ အနည်းဆုံးတော့ အစိုးရထိန်းချုပ် မှုကနေ လွတ်လပ်ရပါမယ်။  ကျွန်တော်တို့ဂျာမန်စာနယ်ဇင်း ကောင်စီမှာဆိုရင် တစ်နှစ်ကို တိုင်ကြားမှုပေါင်း ၁၅၀၀၀ လောက်ရှိနေတယ်။ ဒါပေမဲ့ တစ် ၀က်လောက်က ကောင်စီနဲ့ တင် ဖြေရှင်းပြီးခဲ့ကြတယ်။ ဒါ ဟာ အဖွဲ့အစည်းရဲ့ မျှတပြီး အားကိုး အားထားပြုလောက်တဲ့ ဆုံးဖြတ်ချက်တွေရှိသလို တခြားအဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းရဲ့ လွတ် လပ်ခွင့်ကိုလည်း လေးစားမှု ကြောင့်ဖြစ်တယ်။ အရေးကြီးဆုံး က မိမိကိုယ်တိုင်ထိန်းကျောင်းနိုင် မှုရှိဖို့ပဲ။ ဒါကောင်စီကလူတွေရော သတင်းသမားတွေရောအပါအ ၀င်ပေါ့’’ဟု ၎င်းကပြောကြား သည်။ မြန်မာနိုင်ငံတွင် သတင်း ထောက်များအား ထောင်သွင်း အကျဉ်းချခြင်း၊ ရေးသားသည့် သတင်းပေါ်လိုက်၍ နိုင်ငံတော်လုံ ခြုံရေးနှင့် လျှို့ဝှက်ချက်ကို ထိပါး သည်ဟုဆိုကာ အစိုးရအာဏာ ပိုင်များက တိုက်ရိုက်တရားစွဲဆို ခြင်း၊ သတင်းမီဒီယာတိုက်များ၏  ဘဏ္ဍာရေးအခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာနလက် အောက်ရှိ ရဲအထူးသတင်းတပ် ဖွဲ့က လာရောက်မေးမြန်းခြင်း များ ပြုလုပ်ခံနေရသည်။
မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီအနေဖြင့် တိုင်ကြားမှု များကို ဖြေရှင်းရာတွင် ဂျာမန် ကောင်စီကဲ့သို့ ပွင့်လင်းမြင်သာ မှုရှိရှိဖြင့် သတင်းအချက်အလက် များထုတ်ပြန်ပေးရန် ကြိုးစားမည် ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးသူမြန်မာသတင်းစာပညာသင်တန်း ကျောင်းဥက္ကဋ္ဌ ဦးသီဟစောက လည်း မန်ဖရန့်၏ဆွေးနွေးချက် အပေါ်တုံ့ပြန်ပြောကြားသည်။
မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီယာယီသည် ကောင်စီ သက်တမ်းတစ်နှစ်ကျော်အတွင်း တိုင်ကြားမှုပေါင်း ၈၂ မှုရှိခဲ့ပြီး အားလုံးကို ကြားဝင်စေ့စပ်ဖြေ ရှင်းပေးနိုင်ခဲ့သော်လည်း အချို့ သတင်းမီဒီယာများကမူ ကောင် စီနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိ ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် စာရေးဆရာဖေမြင့်က ပြောသည်။
‘‘တချို့ကျတော့လည်း ကျွန် တော်တို့ကို ၀င်မစွက်ဖက်နဲ့ပြော တယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ ကောင်စီကို တိုင်ကြားမှုအများဆုံးက အစိုးရယန္တရားတွေက ပိုများတယ်။ နောက်ပြီး ဒီနိုင်ငံမှာ ဒီမိုကရေစီအကူးအ ပြောင်းဖြစ်နေတယ်ဆိုပေမယ့် တခြားအဖွဲ့အစည်းတွေမှာ အခြေခံပြောင်းလဲမှုတွေအများကြီးလို သေးတယ်။ မီဒီယာက ရှေ့တော် တော်ရောက်နေပြီ။ အုပ်ချုပ်ရေး ကတော့ လိုသေးတယ်။ စာနယ် ဇင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထား တဲ့ ဥပဒေတွေရှိသေးတယ်။ ဒါ တွေကို လာမယ့် အောက်တိုဘာ လဆန်းမဏ္ဍိုင်လေးရပ်ဆွေးနွေး ပွဲမှာ ထည့်သွင်းဆွေးနွေးမယ်’’ဟု ၎င်းကပြောသည်။
အတည်ပြုပြဋ္ဌာန်းထား သော သတင်းမီဒီယာဥပဒေတွင် စာနယ်ဇင်းကောင်စီဝင်များကို ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရ မည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းများ က လာရောက်ဖြေရှင်းရန် ခေါ်ယူ မှုကို ဆင့်ခေါ်ခံရသူက ပျက်ကွက် ပါက ပြည်သူ့ဝန်ထမ်းဥပဒေအရ အခွင့်အာဏာသုံးခေါ်ယူခွင့်ရှိ ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးရဲတင့်ကပြောသည်။
ထို့အပြင် အငြင်းပွားမှုဖြစ်ပါ က တရားရုံးကို ဦးစွာ မသွားဘဲ စာနယ်ဇင်းကောင်စီကိုသာ မဖြစ် မနေသွားရမည်ဟု ကမ္ဘာ့မည်သည့်နိုင်ငံတွင်မှ ပြဋ္ဌာန်းမထားပေ။ နိုင်ငံတကာစာနယ်ဇင်းကောင်စီ များ အငြင်းပွားဖြေရှင်းမှုများကို အောင်မြင်နေခြင်းမှာ သက်ဆိုင် ရာစာနယ်ဇင်းများကိုယ်တိုင်က ၎င်းတို့နိုင်ငံ၏ ကောင်စီများအ ပေါ်အလေးထားပူးပေါင်းဆောင် ရွက်မှုကြောင့်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
‘‘အခုပြောတဲ့ ဂျာမန်သတင်း မီဒီယာဥပဒေမှာတောင်မှ မြန်မာ သတင်းမီဒီယာဥပဒေလို အငြင်း ပွားမှုဖြစ်လာရင် ကောင်စီကို သွားတိုင်နိုင်တယ်ဆိုတဲ့ စာ ကြောင်းတောင်မပါဘူး။ ဒါပေမဲ့ သူတို့ဘာလို့အောင်မြင်လဲဆို တစ်ခုခုဖြစ်ရင် သူတို့ကောင်စီကို သွားတယ်။ ဒီမှာကကောင်စီကို ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ မီဒီ ယာတွေရှိနေတယ်’’ဟု ၎င်းက ပြောကြားသည်။
Credit - 7DAY DAILY 

 
Biမွန်းတည့်နေဂျာနယ်အဖွဲ့သားများ ရုံးထုတ်လာစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

No comments:

Post a Comment