ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် တာဖာဆောင်ဒေသမှ
နှစ်ဖက်တပ်များဆုတ်ခွာရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထား၍ တပ်မတော်ဘက်မှ
ဆုတ်ခွာခြင်းကို အချိန်မဆွဲသင့်ဟု အောက်တိုဘာ ၁ဝ ရက် ရက်စွဲဖြင့်
ထုတ်ပြန်ခဲ့သည့် တာဖာဆောင် အရေးအခင်းနှင့် ပတ်သက်သော
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၂ ရက်မှ
၎ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၅
ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ SSPP/SSA
အဖွဲ့ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ SSPP/SSA အနေဖြင့် နိုင်ငံတော်သမ္မတ၏
မိန့်မှာချက်အတိုင်း တာဖာဆောင်မှ ဆုတ်ခွာပေးပြီး ဖြစ်သည့်အတွက်
တပ်မတော်ဘက်မှလည်း တဖြည်းဖြည်း ဆုတ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း SSPP/SSA ၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာဖာဆောင်တိုက်ပွဲသည်
မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာသည့် တိုက်ပွဲမျိုးမဟုတ်ဘဲ တပ်မတော်ဘက်မှ
အစီအစဉ်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု SSPP/SSA က
သုံးသပ်ခဲ့ပြီး တပ်မတော်ဘက်မှ တဖြည်းဖြည်း ဆုတ်ခွာပေးမည်ဆိုသည်ကား
အောက်တိုဘာ ၁ဝ ရက်ထိတိုင် ဆုတ်ခွာခြင်း မရှိသေးသည့်အတွက်ကြောင့် နောက်ထပ်
တစ်လ၊ တစ်နှစ်၊ ၁ဝ နှစ်ကြာမှ ဆုတ်ခွာသွားမည်လောဟု
မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက
ဆုတ်ခွာခြင်းကို အချိန်မဆွဲသင့်ဟု SSPP/SSA က ထုတ်ပြန်ပြောကြားခဲ့သည်။
တာဖာဆောင်တိုက်ပွဲကြောင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့်
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ယုံကြည်မှုများကို တစ်စုံတစ်ရာ
ထိခိုက်စေကြောင်း၊ နိုင်ငံရေးပြဿနာ ကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းသည်
အဖြေကောင်း၊ ရလဒ်ကောင်း မဖြစ်နိုင်ကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်တွင်
ရေးသားထားသည်။
တာဖာဆောင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရသည့်
ဖြစ်စဉ်များနှင့် ပတ်သက်၍ SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားရာ
SSPP/SSA က တည်ဆောက်ထားသည့် တာဖာဆောင်တံတားသည် ၂ဝ၁၁ ခုနှစ်တွင်
မိုင်းခွဲမီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်း
အပစ်ရပ်စဲရေး ဆောင်ရွက်ပြီးနောက် ယင်းတံတားကို SSPP/SSA က အသစ်ပြန်လည်
တည်ဆောက်ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် ဇွန်လတွင် တာဖာဆောင်အနီးရှိ SSPP/SSA
တပ်ကို တပ်မတော်ဘက်မှ အကြောင်းမဲ့ ဆုတ်ခွာခိုင်းခဲ့၍
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
အဖွဲ့ခေါင်းဆောင်များနှင့် SSPP/SSA ဗဟိုကော်မတီ ကိုယ်စားလှယ်အဖွဲ့တို့
နှစ်ကြိမ်တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း တိကျပြတ်သားသည့်အဖြေ
မရရှိခဲ့ကြောင်း၊ ယင်းသို့ဆွေးနွေးမှုအပြီး ဇွန် ၂၆ ရက်တွင်
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအား SSPP/SSA
အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်းက သွားရောက်ဆွေးနွေးခဲ့သော်လည်း
ပြေလည်မှု မရရှိခဲ့ကြောင်း၊ ယင်းနေ့မွန်းလွဲပိုင်း၌ပင် တပ်မတော်ဘက်မှ
တာဖာဆောင်အနီးရှိ SSPP/SSA တပ်စခန်းကို စတင်တိုက်ခိုက်ရာ
တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩဂုတ် ၂၅ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတနှင့် SSPP/SSA
တို့တွေ့ဆုံစဉ် တာဖာဆောင်ကိစ္စနှင့် ပတ်သက်၍ ပြောကြားရာ၌ နိုင်ငံတော်သမ္မတက
“မည်သူမျှ ထိုနေရာတွင် မနေကြနှင့်” ဟူ၍ မိန့်မှာခဲ့ကြောင်း၊ ဩဂုတ် ၃၁
ရက်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအား SSPP/SSA ဒုဥက္ကဋ္ဌ
စဝ်ခေးတိုင်းဦးဆောင်သည့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊
ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍
တာဖာဆောင်ကိစ္စသည် SSPP/SSA မှ တပ်မတော်ဘက်ကို စတင်တိုက်ခိုက်ခြင်း မဟုတ်၍
တပ်မတော်အနေဖြင့် ဂုဏ်သိက္ခာရှိရှိ အရင်ဆုံးဆုတ်ပေးသင့်ကြောင်း
ဆွေးနွေးပြောကြားခဲ့ရာ တိုင်းမှူးမှ မည်သည့်ဖြေကြားချက်မျှ မပေးဘဲ SSPP/SSA
အရင်ဆုတ်ပေးရေးကိုသာ ပြောကြား၍ သဘောတူညီချက် မရရှိခဲ့ကြောင်း၊ စက်တင်ဘာ ၃ဝ
ရက်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ SSPP/SSA ဆက်ဆံရေးရုံး
တာဝန်ခံအား ခေါ်ယူ၍ တာဖာဆောင်ဒေသမှ SSPP/SSA ဆုတ်၊ မဆုတ် သိချင်ကြောင်း
မေးမြန်းခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် အရှေ့အလယ်ပိုင်းတိုင်းမှ SSPP/SSA
အား ထပ်မံမေးမြန်းခဲ့ကြောင်း၊ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင်
တပ်မတော်ဘက်မှ SSPP/SSA တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊
ယင်းနေ့၌ပင် စစ်ပွဲရပ်စဲပေးရန်နှင့် ဆက်လက်မပြန့်ပွားစေရန်
နိုင်ငံတော်သမ္မတထံသို့ အီးမေးလ်ဖြင့် ရေးသားတင်ပြ ပေးပို့ခဲ့ကြောင်း၊
အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် SSPP/SSA တပ်ဖွဲ့များ တာဖာဆောင်မှ
ဆုတ်ခွာပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
Credit - Eleven Media Group
No comments:
Post a Comment