Sunday, October 12, 2014

ရွှေဘိုတွင် သမ္မတရုံး၏ ခွင့်ပြုမိန့်ဟုဆိုကာ ပြုလုပ်သော တူးဖော်မှုတစ်ခုကြောင့် ဒေသခံများ သွားလာရေးနှင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေ

Written by: ရဲရင့်အောင်

ရွှေဘိုမြို့ အနောက်ဘက်ရှိ ချီပါ မျိုးသန့်စိုက်ပျိုးရေးခြံတွင် သမ္မတရုံးနှင့် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဟုဆိုကာ တူးဖော်မှုတစ်ခုကို ပြုလုပ်နေသည်မှာ ခြောက်လခန့် ကြာမြင့်နေပြီဖြစ်ပြီး အနီးတစ်ဝိုက်ရှိ ဒေသခံများမှာ တူးဖော်မှုကြောင့် သွားလာရေးနှင့် သောက်သုံးရေခက်ခဲမှုများကို ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ “တူးဖော်နေတာဖြင့် ခြောက်လမကတော့ဘူး။ ရေတွင်းဆိုပြီး စတူးလိုက်တာ။ အခုဆို ၀င်းတစ်ခုလုံးကို မွစာကြဲပြီး ကျုပ်တို့သောက်နေတဲ့ ရေတွင်းလေး ပါသွားပြီ။ တိုက်လေးတစ်လုံးနဲ့ အခြားအဆောက်အအုံ တစ်ခုလည်း မြေလှန်လိုက်ကြပြီ။ သွားလာရေးကတော့ မြေစာတွေပုံထားလို့ လမ်းပိတ်တာရှိတယ်။ အရင်က ၀င်ထွက်နေကျ နေရာကိုလည်း အခု ကန့်သတ်နယ်မြေ လုပ်လိုက်ပြီ” ဟု
အနီးအနားတွင်နေထိုင်သူ ဒေသခံတစ်ဦးက ပြောကြားသည်။ သောက်သုံးရေ ခက်ခဲမှုကြောင့် သန့်စင်မှုမရှိသော ဆည်ရေပေးဝေရေးမြောင်းများမှ ရေကို အသုံးပြုနေကြရပြီး မျိုးသန့်ခြံရှိ ၀န်ထမ်းအမျိုးသမီးများမှာလည်း နေထိုင်ရေးအတွက် လုံခြုံမှုမရှိသကဲ့သို့ ခံစားနေကြရကြောင်း သိရသည်။ “အရင်ကတော့ အမျိုးသမီးတွေချည်းပဲဆိုတော့ လွတ်လွတ်လပ်လပ်ပေါ့။ အခုကျတော့ ရဲတွေက ၂၄ နာရီ စောင့်ကြပ်နေတယ်။ အလုပ်သမားတွေလည်း တစ်နေကုန်ဆိုတော့ ရေချိုးဖို့တောင် အဆင်မပြေတော့ဘူး။ ပြီးတော့ ညပိုင်းတွေမှာလည်း မလုံခြုံသလို ခံစားရတယ်” ဟု ၀န်ထမ်းတစ်ဦးက ပြောကြားသည်။ ဧပြီလပိုင်းက စတင်ခဲ့သော အဆိုပါတူးဖော်မှုအား သက်ဆိုင်ရာဌာနများက မည်သည့်အတွက်ကြောင့် တူးဖော်ရခြင်းဖြစ်သည်ကို လက်ရှိအချိန်အထိ လျှို့ဝှက်ထားဆဲဖြစ်ပြီး အမည်မဖော်လိုသူများပြောကြားသော အတွင်းသတင်းများအရ ကိုလိုနီခေတ်က မြှုပ်နှံထားသော အဖိုးတန် ရတနာသေတ္တာကို ရှာဖွေနေခြင်းဖြစ်သည်ဟု သိရသည်။ “ဒီဝင်းကြီးက ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေ အခြေစိုက်ခဲ့တယ်ဆိုပဲ။ ပြီးတော့ ဒီတူးဖော်မှုကို အထက်အမိန့်တွေအရ လုပ်ကြတယ်လို့ သိရတယ်။ မြို့ခံ၊ နယ်ခံတွေကတော့ ကိုယ့်မြို့မှာ ဒီလိုမြေလှန်တဲ့ဖြစ်ရပ်ကို ဘာကြောင့်လဲဆိုတာတော့ သိချင်ကြတာပေါ့။ ဘာသတင်းထုတ်ပြန်မှုမှ မရှိတော့ ဒါက မရိုးသားဘူးလို့ ယူဆတာပေါ့” ဟု မြို့မိမြို့ဖများနှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။ တူးဖော်မှုနှင့်ပတ်သက်၍ မေလကုန်ပိုင်းက တာဝန်ရှိသူများ၏ ပြောကြားချက်တွင် မကြာခင် သတင်းထုတ်ပြန်သွားမည်ဟု ဆိုခဲ့သော်လည်း လက်ရှိခြံဝင်းတစ်ခုလုံး တူးဖော်ပြီးချိန်အထိ မည်သည့်သတင်းထုတ်ပြန်မှုကိုမှ ပြုလုပ်ခြင်း မရှိသေးပေ။

Credit - Eleven Media Group



 ရွှေဘိုမြို့အနီး ချီပါ မျိုးသန့်စိုက်ပျိုးရေးခြံအတွင်း တူးဖော်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

No comments:

Post a Comment